ဆေးပညာသမိုင်းမှတ်စု (၂)
ပလိပ် (Plague)
လူ့သမိုင်းတစ်လျှောက်လုံးမှာ ပလိပ်ရောဂါဟာ လောကကို သိမ့်သိမ့်အတုန်ခဲ့ဆုံး ရောဂါ ဖြစ်နိုင်ပါတယ်။ အငြင်းပွားနေရဆဲ ဖြစ်ပေမယ့် သမိုင်းတလျှောက်မှာ ပလိပ်ရောဂါဟာ အနည်းဆုံး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး(Pandemic) သုံးခုနဲ့ ကပ်ရောဂါငယ်(endemics) အမြောက်အမြား ဖြစ်ခဲ့တယ်။ ကပ်ရောဂါကြီးဆိုတာက ကမ္ဘာနှင့်အ၀ှန်း တက်ညီလက်ညီ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်တဲ့ ကူးစက်နိုင်တဲ့ ကပ်ရောဂါမျိုးပါပဲ။
ပထမဆုံး ကပ်ရောဂါကြီးအနေနဲ့ ပြန့်ပွားမှုဟာ ခရစ်ပေါ်ပြီး အေဒီ ငါးရာစုနဲ့၊ ခြောက်ရာစုအတွင်း အရှေ့အလယ်ပိုင်းဒေသကနေ မြေထဲပင်လယ်ဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူဦးရေစုစုပေါင်းရဲ့ ငါးဆယ်ရာခိုင်နှုန်းနီးပါး သေကြေပျက်စီးခဲ့တယ်။ ဒုတိယအကြိမ်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး (Pandemic) ဟာ ၈ ရာစုကနေ ၁၄ ရာစုအထိ ဥရောပတလွှားမှာ ဖြစ်ပွားခဲ့ပြီး လူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို သတ်ဖြတ်ခဲ့တယ်။ တတိယ ကပ်ရောဂါကြီးကတော့ ၁၈၅၅ မှာ တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တယ်။
၁၉ ရာစု ( ၁၈၉၄ ခုနှစ်)မှာ အလက်ဇန္ဒရေရာဆင် (Alexandre Yersin) က ပလိပ်ရောဂါကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးကို ရှာတွေ့ခဲ့တယ်။ ပလိပ်ရောဂါကို ခုခံနိုင်တဲ့ သွေးရည်ကြည်ကို ရှာတွေ့တယ်။ ကြွက်ကိုယ်ပေါ်က သန်းနဲ့ ကြွက်နဲ့ ပလိပ်ရောဂါ ဆက်စပ်မှုကို အဆိုပြုခဲ့တယ်။
သူ့ကိုအစွဲပြုပြီး ပလိပ်ရောဂါပိုးကို ယာစီးနီးယား ပတ်စ်တစ် (Yersinia Pestis) လို့ခေါ်တယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးတွေကြောင့် ပလိပ်ရောဂါဟာ တိုက်ကြီး ၇ တိုက်စလုံးမှာ ( သြစတေးလျတိုက်မှာတော့ မရှိဘူးလို့ ယူဆကြတယ်။ )အခိုင်အမာ အမြစ်စွဲထားပြီးသား ဖြစ်နေတယ်။ ကျောက်ရောဂါနဲ့ မတူတာက ပလိပ်ရောဂါဟာ ကျောက်ရောဂါလို ကမ္ဘာပေါ်က လုံးဝ အမြစ်ပြတ်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီရောဂါပိုးဟာ သန်းနဲ့ချီတဲ့ တိရိစ္ဆာန်တွေ ဘီလီယံနဲ့ချီတဲ့ သန်းတွေ လှေးတွေပေါ်မှာ ရှိနေတုန်းပဲ ဖြစ်တယ်။ ဒီရောဂါဟာ ကန္တာရ၊ တောင်တန်းဒေသ၊ တောတွင်းဒေသ၊ လွင်ပြင်ဒေသ အားလုံးရဲ့ မူပိုင်ရောဂါဖြစ်တယ်။
ပလိပ်ရောဂါဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အိန္ဒိယနဲ့ အာဖရိကဒေသတွေမှာ ခေါင်းထောင်ထ လာခဲ့တယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးအသွင်နဲ့ တိုးတက်ဖြစ်ထွန်းလာမှာကို စိုးရိမ်နေကြရတယ်။ ရာသီဥတုပူနွေးလာတာဟာ ပလိပ်ရောဂါပြန့်ပွားဖို့ အကြောင်းတစ်ချက် အနေနဲ့ပါဝင်တယ်။ တချို့လေ့လာမှုတွေက ၁ ဒီဂရီ စင်တီဂရိတ်တက်တိုင်း လူနဲ့တိရိစ္ဆာန်ကို ကူးစက်ဖို့ ၅၀ ရာခိုင်နှုန်းမြင့်တက်တယ် ဆိုတယ်။ လူဦးရေထူထပ်တာ သန့်ရှင်းမှုမရှိတာတွေကလည်း အားပေးတြ့အချက်တွေ ဖြစ်တယ်။ နောက်ထပ် လူတွေစိတ်ဝင်စားရတဲ့အကြောင်းက ပလိပ်ရောဂါပိုးကို ဇီဝလက်နက်အဖြစ် အသုံးပြုလို့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ တာတာတွေဟာ ကပ်ဖာ(Kaffa)ကို ၀ိုင်းရံထားတုန်းက ပလိပ်ရောဂါဖြစ်တဲ့လူတွေရဲ့ အလောင်းကို မြို့တော်တံတိုင်းကို ကျော်၊ မြို့ထဲရောက်အောင် ပစ်တင်ပြီး တိုက်ခိုက်ခဲ့ဖူးတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တပ်တွေက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်တဲ့အခါ ပလိပ်ရောဂါပိုးတွေကို ထည့်သွင်းပြီး အသုံးပြုခဲ့ဖူးတယ်။
စစ်အေးကာလအတွင်းမှာ ဆိုဗီယက်တွေက ဆေးဒဏ်ခံနိုင်တဲ့ ပလိပ်ရောဂါပိုးကို စမ်းသပ်အောင်မြင်တယ်။ အဲဒီပိုးဟာ ကြွက်သန်းမလိုဘဲ လေထဲကနေ ပြန့်ပွားနိုင်တယ်။ လေကနေ ပြန့်ပွားတဲ့အတွက် အရေပြားထက်စာရင် အဆုတ်ကို အရင်ကူးစက်ပြန့်ပွားတယ်။
ဇီဝဓာတုလက်နက်ပညာရှင်တွေကတော့ ပလိပ်ရောဂါပိုးမွှား လက်နက်ဟာ ထိပ်တန်း လက်နက်တစ်ခုပဲလို့ ပြောကြတယ်။ သူဟာ အမေရိကန် နိုင်ငံ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟို (Central for Disease Control and Prevention) ရဲ့ Category A ထဲမှာ အခြား ကူးစက်မြန်ရောဂါများဖြစ်တဲ့ ထောင့်သန်း (Anthrax )၊ ဘောတူလစ်ဇမ် Botulism၊ ကျောက်ရောဂါ( Smallpox ) တူလာရီးမီးယား ( Tularemia )၊
နဲ့ ဟဲမိုးရားဂျစ်ဖီဗာ ဖြစ်နိုင်တဲ့ ဗိုင်းရပ်စ် Viral hemorrhagic fevers (filoviruses [e.g., Ebola, Marburg] and arenaviruses [e.g., Lassa, Machupo] တို့နဲ့အတူ ပါဝင်တယ်။

0 comments:
Post a Comment