* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 11, 2010

ဆုတောင်းပေးချင်ပါသည်--သို့သော်



တစ်နေ့က မြန်မာပြည်မှ တယ်လီဖုန်းတစ်လုံး ၀င်လာပါသည်။ မိမိတို့ဇာတိ
မြို့ကလေးမှ ရင်းနှီးသော ဒကာမတစ်ယောက် ဖြစ်နေပါသည်။ စာရေးသူနှင့်
အတူနေ သူငယ်ချင်းဦးဇင်းတစ်ပါး၏ ခမည်းတော်ကြီး ရုတ်တရက်ကွယ်လွန်
သွားကြောင်း ပြောလာပါ၏။ ထို့ကြောင့် ထိုအရှင်ထံ ဖုန်းကို အပြေးသွားပေး
ကာနားထောင်စေလိုက်ရပါသည်။

သူဖုန်းပြောနေစဉ်အတွင်း မည်သို့သော အားပေးစကားမျိုး ပြောရပါမည်ကို
တွေးကာငေးနေမိပါသည်။ ထို့ပြင်တ၀ သူ့ဖခင်နေရာတွင် ကိုယ့်ဖခင်၊ သူ့နေ
ရာတွင် ကိုယ်သာလျှင် ဖြစ်ခဲ့ပါက------ဟူ၍လည်း အတွေး ပွါးနေမိ ပါသည်။
မိဘဆွေမျိုးများနှင့် အလှမ်းဝေးကွာ တစ်နေရာစီ နေနေ ကြရသူတိုင်း ဆီသို့
ဤသို့သော တယ်လီဖုန်းမျိုး အချိန် မရွေး ၀င်လာ နိုင်သည် မဟုတ်ပါလော။

သံဝေဂသည် တစ်ခဏအတွင်းမှာ အတော်ပင် အရှိန်မြင့်တက် သွားခဲ့ပါ၏။
ဤသတင်းမျိုး ကြားရလိမ့်မည်ဟု ယခင်က တွေးပင် မတွေးမိခဲ့။ ယခုမှသာ
( မဟုတ်ပါလော--ဘာလော--ညာလော) လျှောက်ရေးနေခြင်း ဖြစ်ကြောင်း
ရိုးသားစွာ ၀န်ခံရပါသည်။ သေသူကသေပြီဆိုတော့ ကျန်သူတွေမှာဖြေရုံသာ
ရှိတော့သည်။ ကုသိုလ် ကောင်းမှုပြုကာ အမျှပေးဝေ ခြင်းဖြင့်သာ ကူညီနိုင်
ကြတော့မည်။ သူလည်းရဟန်းတော်တစ်ပါးပေမို့သေခြင်းတရားအကြောင်း
ကောင်းစွာနားလည်ပါသည်။ ထွေထွေထူးထူး အားပေးနှစ်သိမ့်နေစရာလည်း
မလို အပ်ခဲ့ပါ။ ကောင်းမှု ပြုရန် အရေး ကိုသာ ဆွေးနွေး ဖြစ်ခဲ့ကြပါသည်။

------------------------------------------------------------------

မိမိနှင့်သိရှိကျွမ်းဝင်သူတစ်စုံတစ်ဦး ကွယ်လွန်အနိစ္စရောက်ပါက ဗုဒ္ဓဘာသာ
ဝင်တို့အဖို့ အပြောဖြစ်ဆုံးစကားမှာ "ကောင်းရာသုဂတိလားပါစေ" ဟူသော
စကား ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ ထိုစကားကိုနာရေးအိမ်အပါး
တွင်လည်း ကြားနိုင်၏။ ထိုစာသားကို သတင်းစာများတွင်လည်း တွေ့နိုင်၏။

ဗုဒ္ဓဘာသာဝင်တို့သည် ကောင်းကံ မကောင်းကံတို့ကိုလည်းကောင်း၊ ထိုကံ
တို့၏ ကောင်းမွေခံ ဆိုးမွေခံ အနေအထား တို့ကို လည်းကောင်း ကောင်းစွာ
နားလည်ထားကြသူတို့ဖြစ်ပါ၏ ။ ကောင်းစွာ နားမလည်သည့်တိုင် အကြမ်း
ဖျင်း အားဖြင့် နားလည်ထားကြသူတို့သာဖြစ်ပါ၏။ တစ်စုံတစ်ဦး၏ သွားရာ
ဘုံဘ၀သည် ထိုသူပြုခဲ့သမျှ ကောင်းကံ မကောင်းကံတို့၏ စီမံချက်အတိုင်း
သာ ဖြစ်ကြောင်း ကိုလည်း နားလည် သဘောပေါက် ကြပါ၏ ။ သို့သော်
သွားလေသူအပေါ်စာနာထောက်ထား မေတ္တာထားသောအားဖြင့်ကောင်းရာ
သုဂတိလားပါစေကြောင်းပြောဆိုကြခြင်းသာဖြစ်သည်ဟုထင်မြင်မိပေသည်။

ထောပတ်အိုးကို ရေထဲနှစ်၍ ရိုက်ခွဲပြီးလျှင် ထောပတ်တွေရေထဲ မြုပ်သွားပါ
စေကြောင်းမည်မျှပင် ၀ိုင်း၍ ဆုတောင်းကြသော်လည်း ထောပတ် သဘာဝ
ရေပေါ်သို့ပေါ်တက်လာမည်သာဖြစ်ပါ၏ ။ ကျောက်စရစ် ထည့်ထားသော
အိုးကို ရေထဲနှစ်၍ ရိုက်ခွဲပြီးလျှင် ကျောက်စရစ်တွေ ရေပေါ်တက်လာပါစေ
ကြောင်း မည်မျှပင် ၀ိုင်း၍ ဆုတောင်းကြသော်လည်း ကျောက်စရစ်သဘာဝ
ရေပေါ်သို့တက်ကြွလာမည်ကားမဟုတ်ပါချေ။

တမလွန်လားရာနှင့်စပ်၍ ဗုဒ္ဓအရှင်ထားတော်မူခဲ့သော ဥပမာစကားရပ်တို့
သည် လက်တွေ့ လောကကို ထပ်ဟပ် ညွှန်းဆို ပြနိုင်ကြပေစွ ။ မှန်ပါ၏။
အကယ်၍သာ ရှေ့ရှေ့ လူတို့အတွက် နောက်နောက် လူတို့က ဆုတောင်း
ဆုယူပြုကာ ကောင်းရာမွန်ရာ ပို့နိုင်ကြမည် ဆိုပါလျှင် ကောင်းမှုပြုနေကြ
ဖွယ်ရာမရှိသကဲ့သို့ ကောင်းစွာနေထိုင် ကြဖွယ်ရာလည်းလိုမည်မဟုတ်ပေ။

သေသွားသောအခါမှ "ကောင်းရာသုဂတိလားပါစေ"ဟုဆုတောင်းပေးခြင်း
သည် သွားလေ သူတို့ အတွက် တစ်စက်ကလေးမျှ အကျိုးမရှိ နိုင်ကြောင်း
ကျွန်ုပ်တို့ ကောင်းစွာ သိကြပါပြီ ။ ကျွန်ုပ်တို့ ချစ်ခင်သော သူတို့အတွက်
သူတို့လားရာဘ၀နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက် ပေးသင့်ကြသည်ကို
ကောင်းစွာ စဉ်းစားသင့်ကြပါ၏။ ဘာတွေဆောင်ရွက်ပေးနိုင်ကြမည်နည်း။

သေလွန်သွားပြီးသူတို့အတွက်ကား အထွေအထူးမဆိုသာ။ ကောင်းမှုပြုကာ
အမျှပေးဝေကြရုံသာရှိတော့၏။ မသေသေးသော သူတို့ကိုမူကား ကောင်းမှု
ပြုရန်အရေးအားပေးတိုက်တွန်းနိုင်ခွင့်ရှိကြသေးသည်မဟုတ်ပါလော။ဝန်တို
စေးနဲ သောသူကို ဒါနမှု ပြုချင်လာအောင် ၊ ကိုယ်ကျင့်သီလအားနည်းသူကို
သီလအား ကောင်းလာအောင် ၊ ကမ္မဋ္ဌာန်း ဘာဝနာ အမှု၌ အားနည်း သူကို
ကမ္မဋ္ဌာန်း ဘာဝနာအမှု၌ အားကြီးလာအောင် အားပေး တိုက်တွန်း နိုင်ကြ
သေးသည်မဟုတ်ပါလော။
-----------------------------------------------------------------

ရှေ့ရှေ့ကသွားနှင့်လေသူတို့အတွက် ကောင်းရာသုဂတိလားပါစေကြောင်း
ဆုတောင်းပြည့်မည်ဆိုပါက ဆုတောင်းပေးချင်လှပါသည်။ အပန်းကြီးသည်
လည်းမဟုတ်။ မလုပ်နိုင်စရာအကြောင်းလည်းမရှိပါ။ သို့သော်-------------။

ချစ်ခင်ရသောသူတို့ကို ကောင်းမှု၌ တိုး၍မွေ့လျော်လာအောင် အားပေးတိုက်
တွန်း ဆော်ညွှန်းရပေဦးတော့မည်သာတည်း-----------------------------။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP