မျက်ရည်မကျခင် သိစေချင်
ကျွန်တော် အခုရေးမယ့်အကြောင်းအရာလေးက ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင်ဆိုတဲ့ စာအုပ်မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့အဓိက ရည်ရွယ်ချက် ပန်းတိုင်ကိုသိစေချင်တဲ့စေတနာနဲ့ ပြန်လည်ရေးသားဖော်ခြင်းပါ စာအရေးအသား အနှစ်အရသာ ပျက်မှာစိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်းဖော်ပြလိုက်ပါတယ်
ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကိုမျက်မှောက်ပြု
ရေးပင်ဖြစ်ပါ၏။လောက၌ဘုရားပွင့်တော်မူခြင်းကလည်း၎င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏။ ထို့ကြောင့်လည်းစလင်းကန်လယ်ဆရာတော်ဘုရားကြီးက……

အိုလူများတို့ ၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ၀မ်းနည်းစရာရှိသလဲ၊ ယခုအခါ ဓမ္မက္ခန္ဓာ
ဘုရားတွေအများကြီး ရှိသေး၏ ။ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင်
အများကြီးနစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊

ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။
ရှင်ဘုရင်သားဖြစ်ပြီးအိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည်
တခြားသွားပြီးပျားဖွတ်ရန်မလို ၊ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊
ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော်ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊
မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။

ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။
ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို
အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည် ။

မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။
ထိုကဲ့သို့ အနှစ်သာရထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို
သိရန်လိုအပ်ပါသည် ။

0 comments:
Post a Comment