“သုစရိုက်တရား ၁၀ပါး”
“သုခ-ချမ်းသာခြင်း နဲ့ ဒုက္ခ-ဆင်းရဲခြင်း” ဆိုတဲ့ ဆန့်ကျင်ဘက် လောကဓံတရားထဲမှာ အကျူံးဝင်တဲ့ ဒီ မတူညီတဲ့ နှစ်မျိုးသော ခံစားမှု့များကို လူသားတိုင်းဟာ ဘ၀သံသရာ စက်ဝိုင်းထဲက မလွတ်မြောက်သေးသမျှ ကာလတိုင်အောင် အမြဲတွေ့ကြုံကာ တစ်ခါတစ်ရံ ချမ်းသာခြင်း-သုခကို ခံစားလိုက်၊ တစ်ခါတစ်ရံမှာတော့ ဆင်းရဲခြင်း-ဒုက္ခတရားကို ခံစားလိုက်နဲ့ မတည်မြဲတဲ့ ခံစားမှု့မျိုးနဲ့ မတည်မြဲတဲ့ ဘ၀တစ်ခုကို ဖြတ်သန်း နေကြရပါတယ်။
သုခ-ချမ်းသာတဲ့ ပျော်ရွှင် ခံစားမှု့မျိုးကို လူသားတိုင်း တောင့်တကာ ခံစားနေချင်ကြပေမယ့်၊ ဒုက္ခ-ဆင်းရဲ ပင်ပန်းတဲ့ ခံစားးမှု့မျိုးကိုတော့ဖြင့် လူသားအားလုံးဟာ မျှော်လင့်တောင့်တကာ ခံစားနေချင်ကြမှာ မဟုတ်ပါဘူး။ ဒါဟာလည်း လှု့သဘာဝ တစ်ခုပါပဲ။ သဘာဝတရားအရ မိမိရဲ့ ချမ်းသာခြင်းကို ခံစားချင်တဲ့ ဆန္ဒတွေကြောင့် စိတ်ကို ချမ်းသာစေမယ့်၊ စိတ်ကို သက်သာပျော်ရွှင်စေမယ့် အရာများကို၊ အလုပ်များကို ရှာဖွေကာ ဖြည့်ဆည်းနေကြတာပါ။ ဒီလိုရှာဖွေကာ ချမ်းသာခြင်းတရားကို ခံစားနေကြပေမယ့် တကယ် စစ်မှန်တဲ့ ပျော်ရွှင်ခံစားမှု့မျိုးကို မတွေ့နိုင်ကြပါဘူး။ ထာဝရပျော်ရွှင်ချမ်းသာစေဖို့အတွက် ဆိုလိုတာပါ၊ တဒင်္ဂ ပျော်ရွှင်ခံစားမှု့မျိုးကိုတော့ မိမတိုရှာဖွေနေတဲ့ အပြင်လောကထဲမှာရှိတဲ့ ချမ်းသာမှု့များက ပေးစွမ်းနိုင်ပါတယ်။ တကယ် စစ်မှန်တဲ့ ပျော်ရွှင်ခံစားမှု့ သုခတရားကိုတော့ မိမိသန္တာန်မှာရှိတဲ့ အတွင်းစိတ်ထဲမှာပဲ ရှိပါတယ်။ တကယ် စစ်မှန်တဲ့ ပျော်ရွှင်ခံစားမှု့ သုခကို ခံစားချင်တယ်ဆိုရင်တော့ မိမိရဲ့ အတွင်းစိတ်ထဲမှာပဲ ရှာလို့ရပါတယ်။ ရှာစေချင်ပါတယ်။
အဲဒီလိုသာ မိမိရဲ့အတွင်းစိတ်သန္တာန်မှာ ရှာဖွေလိုက်မယ်ဆိုရင် မိမိလိုချင်တဲ့ ပျော်ရွှင်ချမ်းသာခြင်း-သုခကို ရရှိဖို့အတွက် သုခ-ချမ်းသာခြင်းကို ပေးစွမ်းစေနိုင်မယ့် ပြုလုပ်ရမယ့်အရာတွေကို တွေ့ရှိမှာပါ။ ပြီးတော့ မိမိကိုယ်တိုင် မိမိရဲ့ စိတ်သန္တာန်မှာ ချမ်းသာခြင်းကို ပေးစွမ်းနိုင်မယ့် ပြုလုပ်ရမယ့် တစ်ချို့အလုပ်တွေကို အပြင်လောကမှာ တကယ် လက်တွေ့ပြုလုပ်ရမယ်ဆိုတာ သိရှိလာပါတယ်။ တစ်ချို့သော အလုပ်များကိုတော့ အတွင်းစိတ်သန္တာန်မှာပဲ ပြုလုပ်လို့ရပါတယ်။
ဒါဆိုရင် ချမ်းသာခြင်း-သုခများကို ပေးစွမ်းနိုင်မယ့် ပြုလုပ်ရမယ့် အလုပ်တွေက ဘာတွေလဲ၊ ဘယ်လောက်တောင် ပြုလုပ်စရာရှိပါသလဲ၊ လိုအပ်ပါသလဲဆိုတာ စာချစ်သူ စဉ်းစားကာ သိချင်တယ်ဆိုရင်တော့ အတွေးလေးကို ခဏရပ်ကာ အောက်မှာ ပြောပြမယ့် အာဠာဝကဘီလူး အကြောင်းလေးကို အကျဉ်းလေး ဖတ်ကြည့်လိုက်ပါ။
ဗုဒ္ဓမြတ်စွာရဲ့ အောင်မြင်ခဲ့တဲ့ အောင်ခြင်းရှစ်ပါးဆိုတာ ရှိပါတယ်။ ဒီရှစ်ပါးထဲမှာ အာဠာဝကဘီလူးကို ဒုတိယ အောင်မြင်ခဲ့တာပါ။ အာဠာဝကဘီလူးဟာ ရတနာသုံးပါးကို မကြည်ညိုတဲ့ သိပ်ကိုကြမ်းတမ်းပြီး အစွမ်းထက်တဲ့ နတ်ဘီလူး တစ်ပါးပါ၊ ဗုဒ္ဓမြတ်စွာဟာ ကျွတ်ထိုက်တဲ့သတ္တ၀ါများကို နံနက်မိုးသောက်အချိန်တိုင်းမှာ ကြီးမားတဲ့ကရုဏာတော်နဲ့အတူ သဗ္ဗညူတဥာဏ်တော်နဲ့ ကြည့်မြင်တော်မှုလေ့ရှိပြီး ကျွတ်ထိုက်သူ တစ်ဦးတစ်ယောက်တွေ့ရင်လည်း ဘယ်နေရာမှာ ဖြစ်ဖြစ် ကိုယ်တော်တိုင် တစ်ပါးတည်း၊ သို့မဟုတ် နောက်ပါ တပည့်သံဃာများနဲအတူ သွားရောက်ကာ တရားဟော ချွတ်တော်မှုလေ့ရှိပါတယ်။
ဒီလိုကြည့်တော်မှုစဉ်မှာ အာဠာဝကဘီလူးရဲ့ ကျွတ်တမ်းဝင်ချိန်ကို သိရှိတာကြောင့် သာဝတ္ထိပြည်ကနေ အာဠ၀ီပြည်ကို တစ်ပါးတည်းကြွပြီး အာဠာဝကဘီလူးရဲ့ ဗိဗ္မာန်တော်မှာ ၀င်ရောက်သီတင်းသုံးနေတော်မှုပါတယ်။ အဲဒီအချိန်မှာ အာဠာဝကဘီလူးဟာ နတ်သဘင်အစည်းအဝေးမှာ သွားရောက်နေတဲ့အချိန်ပါ။ အာဠာဝကဘီလူးဟာ မိမိရဲ့ ဗိဗ္မာန်ကိုအရောက် မိမိရဲ့ နေရာကို ထိုင်နေတဲ့ ဗုဒ္ဓမြတ်စွာကို တွေ့မြင်လိုက်ရတော့ အလွန်ကို ဒေါသအမျက်ထွက်ပြီး ပြင်းထန်တဲ့ လေမုန်တိုင်းတွေတိုက်ခတ်စေပြီး ဘုရှားရှင်ကို တိုက်ခိုက်ပါတယ်၊ ပြင်းထန်တဲ့ ကျောက်ခဲမိုးတွေ၊ လက်နက်မိုးတွေ၊ ကမ္ဘာပျက်မိုးတွေကို သူ့အစွမ်းနဲ့ ဖန်တီးပြီး ဗုဒ္ဓမြတ်စွာကို တိုက်ခိုက်ပါသော်လည်း ဗုဒ္ဓမြတ်စွာရဲ့ သင်္ကန်းတော်စကိုတောင် လှုပ်ခတ်မှု့၊ စိုစိတ်မှု့၊ ထိပါးမှု့ကို မတွေ့ရတော့ သူရဲ့ နောက်ဆုံးလက်နက် ဘွဲ့ဖြူလက်နက်နဲ့ တိုက်ခိုက်ပါတယ်။ ဘွဲ့ဖြူလက်နက်ဟာ အလွန်ကို အစွမ်းရှိတာပါ၊ ဒါပေမယ့် သူရဲ့ အစွမ်းထက်တဲ့ နောက်ဆုံးလက်နက်ဖြစ်တဲ့ ဘွဲ့ဖြူလက်နက်ဟာလည်း ဗုဒ္ဓမြတ်စွာခြေတော်ရင်းမှာ ခြေသုတ်တစ်ခုအဖြစ် ရောက်ရှိသွားရပါတယ်။
အာဠာဝကဟာ ဘယ်လိုမှ လက်ရုံးရည်နဲ့ တိုက်ခိုက်လို့မရတော့ စိတ်ဓာတ်ကျပြီး နှလုံးရည်နဲ့ တိုက်ခတ်ပြန်ပါတယ်။ နှလုံးရည်ကတော့ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာအစွမ်း၊ ခန္တီအစွမ်းကို တိုက်ခိုက်သောအားဖြင့် “ရဟန်းဂေါတမ၊ င့ါနန်းတော်ကထွက်၊ ရဟန်းဂေါတမ၊ င့ါနန်းတော်ထဲ ချက်ချင်းပြန်ဝင်” လို့ပြောဆိုပြီး တိုက်ခိုက်တာပါ။ ဗုဒ္ဓမြတ်စွာကလည်း “ကောင်းပြီ၊ သင်မနေစေချင်ရင်ထွက်မယ်” လိုဖြေကြားပြီး ကျွတ်ချိန်တန်ပြီဖြစ်တဲ့ အာဠာဝကကို စိတ်နှလုံးသား နှုးညံ့လာအောင်၊ စိတ်နှလုံး နှုးညံ့လာမှာ ဟောကြားမယ့် တရားစကားကို နားလည်မှာဆိုတာကို သိတာကြောင့် သူ့အလိုအရ ထွက်ခွာပေးတာပါ။ အာဠာဝကရဲ့အကြံအစည်ကတော့ သူခိုင်းတာကို လိုက်လုပ်နေတဲ့ ရဟန်းဂေါတမကို မောပန်းအောင် အကြိမ်ကြိမ် ထွက်ခိုင်းမယ်၊ ၀င်ခိုင်းမယ်၊ သူမောပန်းမှာ ခြေထောက်ကကိုင်ပြီး ဟိုဘက်မြစ်ကမ်းကို အရောက် ကိုင်ပေါက်ပစ်မယ်လို့ ကြံပြီး လုပ်နေတာပါ။
လေးကြိမ်မြောက် “ရဟန်းဂေါတမ၊ ငါ့နန်းတော်ကနေထွက်”လို့ ပြောပေမယ့် ဗုဒ္ဓမြတ်စွာဟာ “အာဠာဝက၊ ငါသာ ဒီတစ်ကြိမ်ထွက်မယ်ဆိုရင် သင်က င့ါကို ခြေထောက်ကနေကိုင်ပြီး ဟိုဘက်မြစ်ကမ်းကို ကိုင်ပေါက်မှာ ဖြစ်တဲ့အတွက် ငါမထွက်တော့ဘူး” လို့ဖြေကြားတော့ သူ့ရဲ့စိတ်အကြံအစည်ကို သိသွားတဲ့အတွက် သိပ်ကိုအံ့သြသွားပြီး၊ ရဟန်းဂေါတမဟာ ပညာရှိရဟန်းတစ်ပါး ဖြစ်ရမယ်၊ ဒီတော့ ငါသိချင်တဲ့ မေးခွန်းကိုမေးမယ်၊ မေးလို့ မဖြေနိုင်ရင်တော့ သတ်ပစ်မယ်လို့၊ တွေးပြီး ဗုဒ္ဓမြတ်စွာကို မေးခွန်းလေးခု မေးပါတယ်။
အာဠာဝက မေးတဲ့လေးခုသောမေးခွန်းထဲက စာရေးသူ ဒီစာစုနဲ့ သက်ဆိုင်တဲ့ ဒုတိယတစ်ခုကိုပဲ ပြောပြမှာ ဖြစ်ပါတယ်။
အာဠာဝကရဲ့ ဒုတိယ မေးခွန်းကတော့………
“ရဟန်းဂေါတမ၊ ဘယ်လိုအလုပ်ကို ပြုလုပ်ရင် ချမ်းသာခြင်းကို ရရှိမလဲ၊ ဘယ်လို အလေ့အကျင့်ဟာ အချမ်းသာဆုံးဖြစ်ပါသလဲ” လို့မေးလျှောက်တော့..
ဗုဒ္ဓမြတ်စွာက “အာဠာဝက၊ ကုသိုလ်ကမ္မပထ တရား၁၀ပါးကို ပြုလုပ်မယ်ဆိုရင် ချမ်းသာခြင်းကို ရရှိနိုင်ပါတယ်၊ ကုသိုလ်ကမ္မပထတရား ၁၀ပါးကို ပြုလုပ်တဲ့ အလေ့အကျင့်ဟာ အချမ်းသာဆုံးဖြစ်ပါတယ်။” လို့ ဗုဒ္ဓမြတ်စွာက ဖြေကြားတော်မှုလိုက်တာပါ။
လောကလူသားတို့ တောင့်တကာ ခံစားပျော်ရွှင်ချင်တာကြောင့် ရှာဖွေနေကြတဲ့ အချမ်းသာဆုံး သုခတရားကတော့ ကုသိုလ်ကမ္မပထ တရား ၁၀ ပါးပဲ ဖြစ်ပါတယ်၊ ဒီတရား ၁၀ ပါးကို ပြုလုပ်ခြင်းဖြင့် အချမ်းသာဆုံး အရားများကို ခံစားရရှိမယ်ဖြစ်ပြီး သံသရာတစ်လျှောက်မှာ ပျော်ရွှင်စွာ နေသွားကြရမှာ ဖြစ်ပါတယ်။
ဒီချမ်းသာခြင်းကို ပေးစွမ်းနိုင်မယ့် ပြုလုပ်ရမယ့် အလုပ်များကတော့ ကုသိုလ်ကမ္မပထ တရား ၁၀ပါးကတော့..
(ကာယသုစရိုက်တရား ၃ ပါး)
၁။ ပါဏာတိပါတ၀ိရတိ-သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှု့၊
၂။ အဒိန္နာဒါန၀ိရတိ-သူတစ်ပါးပစ္စည်း ဥစ္စာကို မတရားခိုးယူခြင်းမှ ရှောင်ကြဉ်မှု့၊
၃။ ကာမေသုမိစ္ဆာစာရ၀ိရတိ- ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်မှု့၊
(၀စီသုစရိုက်တရား ၄ ပါး)
၁။ မုသာဝါဒ၀ိရတိ- မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု့၊
၂။ ပိသုဏ၀ါစာဝိရတိ- ကုန်းချော၊ ရန်တိုက်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု့၊
၃။ ဖရုသ၀ါစာဝိရတိ- ကြမ်းတမ်း၊ ခက်ထန်၊ ရိုင်းပျသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု့၊
၎။ သမ္ဖပ္ပလာပ၀ိရတိ- မိမိ၊ သူတစ်ပါး၊ နှစ်ဦးသားအတွက် အကျိုးမရှိ၊ ပိန်ပျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု့၊
(မနောကသုစရိုက် တရား ၃ပါး)
၁။ အနဘိဇ္ဈာ- သူတစ်ပါး၏ ပစ္စည်းများကို မတရား ရယူရန်မကြံစည်မှု့၊
၂။ အဗျာပါဒ- သူတစ်ပါး၏ အသက်နှင့် စည်းစိမ်ကို ပျက်စီးရန် မကြံစည်မှု့၊
၃။ သမ္မာဒိဋ္ဌိ- ကံ၊ ကံ၏အကျိုးကို ယုံကြည်ပြီး မှန်ကန်သော အယူကို ယုံကြည်မှု့………….တို့ပဲဖြစ်ပါတယ်။
ဒီတရား ၁၀ ပါးကို ကုသိုလ်ကမ္မပထ တရား၁၀ပါးလို့လည်း ခေါ်သလို၊ သုစရိုက်တရား ၁၀ပါးလို့လည်း ခေါ်ပါတယ်။ ကုသလကမ္မပထဆိုတာကတော့ ကောင်းသောအကျင့်၊ ကောင်းသော အမှု့အလုပ်များကို ပြုလုပ်ခြင်း၊ မကောင်းသောအကျင့်၊ မကောင်းသော အမှု့အလုပ်များကို ရှောင်ကြဉ်ခြင်းလို့ ဆိုတာပါ။
သူတစ်ပါးအသက်ကို သတ်ခြင်းအမှု့အလုပ်ကို မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး အသက်ချမ်းသာစေဖို့ ချမ်းသာစွာ ပြုစုစောက်ရှောက်ခြင်း၊ ကျွေးမွေးခြင်း အမှု့အလုပ် ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ပြုလုပ်ခြင်းတို့ပါပဲ။
တကယ်တော့ ဒီတရား ၁၀ပါးကို ရှောင်ကြဉ်လိုက်ခြင်းဖြင့် ကုသိုလ်တရားများရရှိမှာပါ။ ဒီလို ကုသိုလ်တရားများကို ရရှိလာမယ်ဆိုရင် ချမ်းသာခြင်းတရားတွေ ရရှိလာမှာပါ။ ကုသိုလ်တရားဆိုတာဟာ ချမ်းသာခြင်းကိုပဲ ပေးတတ်တာပါ။
ဒါကြောင့် ချမ်းသာခြင်းကို အလိုရှိတဲ့သူများ ကုသိုလ်ကမ္မပထတရား ၁၀ပါးကို ပြုလုပ်ခြင်းဖြင့် ကုသိုလ်တရားများရရှိပြီး ချမ်းသာခြင်းတရားတွေကို ရရှိအောင် ကြိုးစားအားထုတ်နိုင်သော သူများဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
(ဥယျာဉ်မှုးလေး)

0 comments:
Post a Comment