* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 23, 2010

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၁)



ဤပို့စ်လေးက
ဒီပို့စ်လေးက သီတဂူစတားရဲ့ ကျောင်းသားဘ၀ ပုံရိပ်ကလေးတွေကို ပြောပြနေသလို ပူနေးတက္ကသိုလ်ကို စိတ်ဝင်တစားရှိနေသူများနှင့် ကျောင်းတက်ဘို့ ရည်ရွယ်ထားသူများကိုလည်း သတင်းအင်ဖော်မေးရှင်း( information) အဖြစ် ပြောပြပါလိမ့်မည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ
ကျောင်းမတက်ခင်မှာပဲ ကျောင်းသားတစ်ယောက် ဖြစ်ဖို့ ရုံးဝင်ရုံးထွက် ကိစ္စတွေ ၁၄ရက်လောက် ပြေးလွားလိုက်ရပါတယ်၊ အားလုံးကိစ္စတွေ ပြီးတော့ ကျောင်းတက်ဘို့ကိစ္စ စရပြန်သည်။ ကျောင်းမတက်ခင် ကျန်နေသေးသော အရေးပါသော အချက်လတ် တစ်ခု တင်ပြရပါဦးမယ်။

ကျောင်းဝင်ခွင့်စာမေးပွဲ
ကျောင်းသားတစ်ယောက် ဖြစ်ဘို့ ၀င်ခွင့် ၂ ခုကို ကျော်ဖြက်ရပါဦးမယ်။ (၁) တက္ကသိုလ်ကြီးတစ်ခုလုံးက ကျင်းပသော English test Exam ဖြစ်ပါတယ်။ အမေရိကန် အင်္ဂလန် စတဲ့ အင်္ဂလိပ်စကားပြော နိုင်ငံတွေက လွဲရင် အားလုံးဖြေရပါတယ်။ မေးခွန်းက Grammar, Essay, Letter writing, စတာတွေဖြစ်ပါတယ်။ အခက်အခဲ မရှိပါဘူး။ (၂) ကိုယ်တက်ရောက်မည့် Department ရဲ့ interview ပါပဲ။ သူကတော့ အင်္ဂလိပ်စကားကို ဘယ်လောက်ပြောနိုင်ပါသလဲ၊ Listening skill ဘယ်လောက်ရှိသလဲ၊ ဘာသာရပ်နှင့် ပတ်သက်ပြီး ဘယ်လောက် အခြေအခံပါသလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်၊ အဓိကကတော့ အင်္ဂလိပ်စကား အပြောနှင့် နားထောင်စွမ်းအားက အရေးပါပါသည်။ အဲဒီ test 2 ခုထဲမှာ Department က အင်တာဗျူးက ပိုအရေးပါနေပါတယ်၊ အင်တာဗျူး မအောင်ရင် လက်မခံပါဘူး၊ နောက်နှစ်ကျမှ တက်ပါဟူ၍ ပြောတက်ပါသည်။ ထိုင်းကျောင်းသားတစ်ယောက်တော့ မနှစ်က သီတဂူစတားတို့ ဒဿနိကဗေဒ ဌာနမှာ လာတက်ပါသည်၊ အင်တာဗျူးဝင်ဘို့ ဆရာတွေက ရက်ပေးလိုက်ပါသည်၊ အင်တာဗျူး မ၀င်ခင် ထိုင်းသူငယ်ချင်းတွေက အတွေ့အကြုံနဲနဲပါးပါးရှိသော သီတဂူစတားထံ အကူအညီတောင်းလာပါသည်။ အင်တာဗျူးမှာ မေးတက်သည့် မေးခွန်းမျိုးကို အရှင်ဘုရားက ဒီကျောင်းသားအသစ်အား ကြိုတင်မေးပေးပါဘုရား။

ပွဲကြီးမတိုးခင် သီတဂူစတားနှင့် အရင် အင်တာဗျုးစေပါသည်၊ ထိုင်းကျောင်းသား အများစုသည် အင်္ဂလိပ်စာ ညံ့ကြပါသည်၊ ၂ နှစ် အမ်အေတန်းတစ်တန်းကို ၄ နှစ်လောက်တက်ကြသည်။ အခုလဲ ကျောင်းသားအသစ်အား သီတဂူစတားတုန်းက မေးခဲ့သော မေးခွန်းများကိုသာ မေးတော့ နားမလည်။ ကိုယ်ကပဲ အင်္ဂလိပ်စကားပြောညံ့လို့လား မပြောတတ်။ ထိုင်းသူငယ်ချင်းတစ်ယောက်က သီတဂူစတားရဲ့ စကားပြော (မေးခွန်း) များကို interpreter အဖြစ် ကြားက လုပ်ပေးရသည်။ ဒါနဲ့ မဖြစ်လောက်ပါဘူးဆိုပြီး မေးနိုင်တဲ့ မေးခွန် ၁၇ ခု လောက် ရေးပေးလိုက်သည်။ သို့သော်လည်း ကံမကောင်းစွာနှင့်ပဲ ၀င်ခွင့်မှာ ရလာဒ်ကောင်း မရခဲ့ပါ။ သူဆိုရင် သဘောကောင်းသော ဆရာကြီးတစ်ယောက်ကသာ အင်တာဗျူးပါသည်၊ အခွင့်ရေးကောင်းတစ်ခုပါ။

သီတဂူစတားနှင့် အင်တာဗျူး
သီတဂူစတားတို့ အင်တာဗျူးဝင်တုန်းက ကျောင်းသားတွေဟာ ဆရာ ၆ ယောက်ရှေ့မှာထိုင်ရသည်၊ ဆရာတွေက တစ်ယောက်ပြီးတစ်ယောက် မေးခွန်းပုံစံ အမျိုးမျိုးမေးသည်၊ မေးတဲ့ မေးခွန်းတိုင်းက သိရင် သိသလောက် ပြန်ပြောသည်၊ မသိရင် ဘာ့ကြောင့် မသိသလဲ ဆိုသည့်အကြောင်းပြချက်ပါ ထည့်ပြီး ပြန်ဖြေရသည်၊ နောက်ဆုံး ကောက်ချက်ချလိုက်တော့ အင်္ဂလိပ်စကားပြောအားနှင့် နားစွမ်းရည်ကို စိစစ်သည်ထင်ပါသည်။ နာရီဝက်လောက် အင်တာဗျူးပြီးလဲ ပြီးရော Head က မင်းအင်္ဂလိပ်စာ သိပ်မညံ့ပါဘူးတဲ့။ အဲဒီစကားက သီတဂူစတားရဲ့ ပင်ပန်းသမျှတွေကို ပယ်ပျောက်စေပါသည်၊ သေချာတာက ငါ ဒီအင်တာဗျူး အောင်ပြီးလို့တွက်လိုက်သည်။ သီတဂူစတားနောက်မှ အင်တာဗျူးခံသော ကျောင်းသားနှစ်ယောက် ကိုတော့ နှစ်ယောက်ဗျူးအချိန်သည်ပင် သီတဂူစတား တစ်ပါးအင်တာဗျူးအချိန်လောက် မရှိ၊ ခဏလေးနဲ့ပြီးသွားသည်၊ အားလုံးလဲ ပြီးရော ချက်ချင်းပဲ Head က အပြင်မှာ စောင့်နေသော အင်တာဗျုးခံကျောင်းသားတွေကို ခေါ်ပြီး ဒို့ဌာနက ကောဝိဒ (သီတဂူစတား) တစ်ယောက်ကိုပဲ လက်ခံနိုင်မယ် ကျန်ကျောင်းသားတွေကတော့ ဒီနှစ်တော့ အင်္ဂလိပ်စာ သင်တန်းတက်ပါဦး၊ နောက်နှစ် ဒီအချိန်ဆို လက်ခံနိုင်ပါတယ်လို့ ပြောလိုက်ပြီး လက်မှတ်များ ထိုးပေးလိုက်သည်။ ဤကား တွေ့ကြုံရသည့် ဌာနက အင်တာဗျူးတည်း။

ကျောင်းတက်ပြီ
ကျောင်းစတက်ကြစို့၊ ကျောင်းမတက်ခင် procedure တွေ တင်ပြနေတာနဲ့ပဲ ကျောင်းတက်ရတဲ့ ဘ၀လေးအကြောင်းကို မရောက်နိုင်ဘူးဖြစ်နေတယ်။ ကျောင်းသားဖြစ်ဘို့ အစီအစဉ်တွေလုပ်ရတာက တစ်ကြောင်း၊ သီတဂူစတားတို့နှစ်က admission letter or eligible letter ခေါ် ကျောင်းဝင်ခွင့်ထုတ်ပေးတာ အရမ်းနောက်ကျတာက တစ်ကြောင်း ကျောင်းတက်ချိန် တစ်လကျော် နောက်ကျသွားသည်။ ကျောင်းသားအသစ် တစ်ယောက်ဟာ ကျောင်းစဖွင့်ချိန်က အလွန်အရေးကြီးပါသည်၊ ကိုယ့်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ရွေးချယ်ခြင်း၊ ဘယ်ဆရာက စာသင်ကောင်းသလဲဆိုတဲ့ သတင်း information တွေ ရဘို့ လိုအပ်သလို စာစသင်ချိန်မှာပဲ ဘာစာအုပ်တွေ (material sources for lectures) အသုံးပြုမလဲဆိုတာတွေလဲ အရေးကြီးပါတယ်။

သူငယ်ချင်းကောင်း
သီတဂူစတားတော့ တစ်လကျော်လောက် ကျောင်းတက်နောက်ကျ သည့်အတွက် ကျောင်းရောက်တော့ ယောင်ချာချာဖြစ်နေသည်၊ ဘယ်အတန်းကို ဘယ်ချိန်တက်ရမလဲ ဘယ်ဘာသာကို ရွေးရမလဲဆိုတာလဲ မသိဖြစ်နေသည်။ first Semester course မှ Compulsory Subjects နှစ်ဘာသာက Indian Epistemology နှင့် Western Metaphysics ။ Option subjects နှစ်ခုမှာက Samkhaya နှင့် Nyaya ဖီလိုဆိုဖီဖြစ်သည်၊ ထို 0ption နှစ်ခုလုံး အိန္ဒိယဖီလိုဆိုဖီ ၇ ခုထဲမှ ၂ ခုဖြစ်သည်။
Compulsory subjects နှစ်ခုကတော့ ကျောင်းသားအားလုံးယူရသည့်ဖြစ်၍ ကိစ္စမရှိ၊ option subjects နှစ်ခုကိုတော့ ကိုယ်ကိုတိုင်ရွေးရမှာဆိုတော့ အခက်တွေ့နေသည်။ ဘာမှလဲ အတွေ့အကြုံ မရှိသော သီတဂူစတားအတွက် ဘယ်ဟာကို ရွေးရမှန်းမသိဖြစ်နေသည်၊ အားငယ်စိတ်တွေတောင် ၀င်လာသည်၊ မြန်မာပြည်ကို ပြန်ပြေးချင်စိတ်တောင် ပေါက်လာခဲ့သည်။ အဲဒီလို ယောင်ချာချာ ဖြစ်နေချိန် ကိုရီးယားကျောင်းသားတစ်ယောက်က ခေါ်ပြီး မင်း ဒီဘာသာတက်ပါ၊ ငါ ကူညီမယ်ဆိုပြီး သူခေါ်တာနှင့် option ထဲက သင်္ခယျ samkhya Philosophy ကို ယူဖြစ်သွားသည်။ အသုံးပြုရမည့် material instruments တွေကိုလဲ သူပဲ ရှာပေးသည်။ မိတ္တူဆွဲပေးသည်၊ ဒါတင်မက နားမလည်တာတွေလဲ ရှင်းပြလိုက်သေးသည်။ ကျောင်းစတက်ခါစကဆိုတော့ ဘာမှကို နားမလည်တာ၊ စာသင်ခန်းထဲ ၀င်ရမှာကို ကြောက်တောင် ကြောက်လာတယ်။ ဘာတွေ သင်နေမှန်းမသိတော့ အတန်းထဲရောက် ငိုက်ချင်စိတ်ကလဲ ပေါက်လာသည်၊ သူများတွေ မေးခွန်းတွေ ထမေး ကိုယ်က ငေးကြည့်နေရတဲ့ ဘ၀၊ ဆရာပြောသမျှ နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ အကုန် စာအုပ်ထဲ လိုက်ရေးထားပြီး အခန်းရောက်တာနှင့် စာပဲ ဖိဖတ်တော့သည်၊ စာဖြေခါနီးလောက် ရောက်ခါမှ တဖြေးဖြေး နားလည်လာသည်။ ကျောင်းတက်မှန်းခြင်းသည် အရေးကြီးသလို မှတ်စု လိုက်ရေးဘို့ကလဲ အလွန်အရေးကြီးပါသည်။ စာမေးပွဲ ဖြေခါနီး ပြင်ဆင်ချိန်ရောက်လာလျင် အဲဒီမှတ်စုကိုပဲ အားကိုးပြီး စာမေးပွဲအတွက် ပြင်ဆင်ရပါသည်။

၁-ကျောင်းတက်မှန်ခြင်း၊ ၂-မှတ်စုများမျာကျန်အောင် ဆရာပြောသမျှ မိမိ နားလည်သမျှ မပျင်းမရိ အကုန်လိုက်ရေးခြင်းသည်၊ များစွာ အကျိုးရှိပါကြောင်း မိမိ၏ အတွေ့အကြုံက သက်သေပြုပါသည်။

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၂) ကို ဆက်လက် တင်ပြပါဦးည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP