* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 23, 2010

သိင်္ဂိရွှေခွက်နဲ့ ခြင်္သေ့ဆီ

Sunday, 23 May 2010 06:36 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Dhamma_barisayadaw မြတ်စွာဘုရားရှင်ရဲ့ သာသနာ အမွေအနှစ်ဖြစ်တဲ့ သီလ အစ၊ သမာဓိ အလယ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ မဂ်ပညာ ဖိုလ်ပညာအဆုံး သိက္ခာသုံးပါးလုံးတို့ဟာ ခြင်္သေ့ဆီပမာ နူးညံ့ သိမ်မွေ့တယ်။ ရှင်ရာဟုလာလေးရဲ့ စိတ်နေ စိတ်ထားများ တည်မှီ ရာ နှလုံးသားကို မေးမြန်း စစ်ဆေး ကြည့်လုက်တဲ့အခါ ခြင်္သေ့ဆီ ထည့်ဖို့ အတွက် ထိုက်တန်တဲ့ သိင်္ဂိရွှေခွက်ပမာ စေ့စပ် လုံခြုံ စိတ်ချ ရလောက်ပြီဆိုတာ သိတဲ့အတွက် “သဒ္ဓါယ ဃရာ နိက္ခမ္မ၊ ဒုက္ခဿန္တ ကရောဘ၀= ချစ်သား… သဒ္ဓါပဗ္ဗဇ္ဇိတ ပီပီ သံသရာ ၀ဋ်ဒုက္ခရဲ့ အဆုံးရောက်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ် ပါတော့”လို့ ဒီလောက် သာပြောပြီး တရားကို အဆုံးသတ် လိုက်မယ်ဆိုရင် ထည့်စရာ ခွက်လည်း ပြည့်စုံတယ်၊ ထည့်ဖို့လည်း တိုက်တွန်းတယ်၊ ဘယ်ကနေ ယူပြီး ဘယ်လို ထည့်ရမှန်းမှ မသိတာ၊ ဘယ်ပြည့်စုံပါ့မလဲ။

မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမ(သာသနာ) ဆိုတာ မပြည့်မစုံတဲ့ သာသနာ မဟုတ်ဘူး၊ အပြည့်အစုံ ဖော်ပြ ဟောညွန်တဲ့ သာသနာတော် ဖြစ်တယ်။ ဒါကြောင့် “သံသရာ ၀ဋ်ဒုက္ခရဲ့ အဆုံး ရောက်အောင် အောက်ခြေ ထစ်ကနေ စပြီးတော့ ဟောဒီလို ကျင့်ဆောင်ကြိုးကုတ် အားထုတ်ရမယ်” လို့ ပြဖို့ တရားတော်ကို ဆက်လက် ဟောတော်မူပါတယ်။

အခု ဆက်လက် ဟောကြားတဲ့ တရားတော် များဟာ ရှင်ရာဟုလာ လေးရဲ့ နှလုံးသား သိင်္ဂိရွှေခွက် ထဲကို ထည့်ဖို့အတွက် ဘုရားရှင်ရဲ့ အဆုံးအမ ခြင်္သေ့ဆီများ ဖြစ်တယ်လို့ တိပိဋကဓရ မင်းကွန်းဆရာတော်က မိန့်ကြားပါတယ်။ ဒီခြင်္သေ့ဆီ တရားတော်များကို နားလည်ဖို့အတွက် ဆရာတော်ကြီးက လင်္ကာသံပေါက် ကိုးပုဒ် စီထားတယ်။ အဲဒီ လင်္ကာတွေကို နှုတ်တက်အရ ဆောင်ထားကြရင် ပိုကောင်းတာပေါ့။

အဲဒီလင်္ကာလေးတွေကတော့…….

၁။ မိတ်ကောင်းမှီစေ၊ တောရပ်နေ၊ သုံးလေမတ္တညု။(မတ်တင်ညုလို့ဖတ်)

၂။ ပစ္စည်းလေးပါ၊ မတွယ်တာ၊ တဏှာငြိမ်းအောင် ပြု။

` ၃။ ပါတိမောက္ခ၊ သံဝရ၊ သီလ လုံစေမှု။

၎။ တံခါးခြောက်ထွေ၊ ဣနြေ္ဒ၊ ငြိမစေ ပိတ်ဆို့ပြု။

၅။ သတိမြဲရာ၊ ကိုယ်၌သာ ၊ ခန္ဓာငြီးငွေ့မှု။

၆။ သုဘနိမိတ်၊ ခွာရှောင်ဆိတ်၊ ဈာန်စိတ် ပိုင်အောင် ရှု။

၇။ အနိမိတ္တ၊ ထင်စေမှ၊ မာနကွာအောင်ပြု။

၈။ ဤနည်းကျင့်လေ၊ ၀ဋ်သုံးထွေ၊ ငြိမ်းလေ မှန်ပြီဟု။

၉။ ရာဟုလာအား၊ တို့ဘုရား၊ ဟောကြားနေ့ နေ့မှု။

မိတ်ကောင်း မှီစေ

မိတ်ဆွေကောင်းဆိုတာ ဆရာကောင်း သမားကောင်း၊ မိတ်ဆွေကောင်းတွေ၊ ကလျာဏမိတ္တလို့ခေါ်တဲ့ ဆရာကောင်းလည်း အပါအ၀င်ပေါ့။ အဲဒါ အခြေခံ နံပါတ် တစ်ပဲ။ ကလျာဏမိတ္တ ဆိုတဲ့ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်း မှီခိုခွင့် ရတာဟာ တင်းပြည့် ကျပ်ပြည့် အကျိုးကြီးတယ်။

တစ်ခါက အရှင်အာနန္ဒာ မထေရ်မြတ် တစ်ပါးတည်းနေရင်း “ ဪ… မိတ်ဆွေ ကောင်းများကို ပေါင်းသင်း ရတာဟာ သာသနာကိစ္စ တစ်ဝက် ခရီးရောက်တယ်”လို့ စဉ်းစားမိတယ်။ ဒီအကြောင်း မြတ်စွာဘုရားထံ သွားပြီး လျှောက်ထားတော့ မြတ်စွာ ဘုရားက….

“အာနန္ဒာ…. ဒီလို မပြောနဲ့၊ အာနန္ဒာ…. ဒီလိုမပြောနဲ့”လို့ နှစ်ခွန်းတောင် ဆက်ပြီး လေးလေး နက်နက် ကန့်ကွက်တယ်။ ဒါဖြင့် ဘယ်လို တုံးလို့ဆိုတော့.

“ချစ်သားအာနန္ဒာ… မိတ်ဆွေကောင်း ပေါင်းသင်း မှီခိုရင် သာသနာကိစ္စ အကုန်လုံး ပြည့်စုံတယ်”လို့ မိန့်ကြားတယ်။ ဟုတ်နိုင်ပါ့မလားဘုရား ဆိုရင် “ဟုတ်တာ ပေါ့ကွယ့်၊ စဉ်းစားကြည့်ပါလား၊ ငါဘုရားဆိုတဲ့ ကလျာဏ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်း ဆည်းကပ်မိ ကြလို့ ဇာတိဘေး နှိပ်စက်မှု မကင်းတဲ့ သတ္တ၀ါတွေ ဇာတိဘေးက လွတ် မြောက်ကြတယ်။ ဇရာ၊ ဗျာဓိ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာ သ ဘေးမအေး ကြသေးတဲ့ သတ္တ၀ါတွေ အဲဒီ ဘေးဒုက္ခတွေက ကင်းဝေး ငြိမ်းအေး ကြတယ်။ အဲဒါ သာသနာကိစ္စ ပြည့်စုံ ပြီးဆုံးတာပဲ။ ဒါကြောင့် မိတ်ကောင်း ဆွေကောင်း ပေါင်းသင်းမိရင် သာသနာအတွက် ရာနှုန်းပြည့် ကိစ္စပြီးတယ်လို့ ဘုရားရှင်က ဟောတော် မူတယ်။ (သံ-၁။ ၈၈)

ကလေးတို့လည်း စဉ်းစားကြည့်ပါလား၊ ဘယ်လောက်တော်တဲ့ လူပဲဖြစ်ဖြစ်၊ အခု တတ်သိ လိမ္မာ ကျွမ်းကျင်တယ် ဆိုတာတွေ အားလုံးဟာ ဆရာသမားဆိုတဲ့ မိတ် ကောင်းနဲ့ ပေါင်းသင်းမှီခို သင်ယူခွင့် မရခဲ့ရင် မွေးရာပါ အလိုလို တတ်ကျွမ်း သူရယ်လို့ ဘယ်ရှိပါ့မလဲ။ ဆရာသမား ဆိုတာ မိတ်ကောင်း ဆွေကောင်း ထဲမှာ အရေး အပါဆုံးပေါ့။ မွေးတွင်းပါ ဉာဏ် ပါရမီတွေ ဘယ်လောက်ပဲ ကောင်းကောင်း ဆရာ ကောင်း သမားကောင်းနဲ့ မပေါင်းမိရင် ဘာမှ မဖြစ်နိုင်ဘူး။ မျိုးစေ့ ဘယ်လောက် ကောင်းကောင်း အချိန်သင့် နေရာသင့် စိုက်ပျိုးတတ်သူက စိုက်ပျိုးပေးမှ ပေါက်ရောက် ရှင်သန် ပြီး အသီးအပွင့် ဖြစ်ထွန်းနိုင်တဲ့ သဘောမျိုးပဲပေါ့။ ဒါကြောင့် ဆရာကောင်း သမားကောင်းကို မထီမဲ့မြင် မလုပ်နဲ့လို့ ဒီတရား အစပိုင်းမှာလည်း ရှင်ရာဟုလာကို မြတ်စွာဘုရားက ဆုံးမခဲ့တယ်လေ၊ မှတ်မိတယ် မို့လား။ မှတ်လည်း မှတ်ထား၊ လိုက်လည်း လိုက်နာရတယ်။

၂။ တောအရပ်၌ နေထိုက်ခြင်း

မြို့ထဲ ရွာထဲ မြိုံနီး ရွာနီး ဆိုရင် မြိုံသံ ရွာသံ (စာပေမှာတော့ မြို့တွန်သံ ရွာတွန်သံ လို့တောင် ဆိုတယ်) ဆူဆူညံညံ ဗလုံးဗထွေး အသံဗလံတွေပေါ့၊ အဲဒီ အသံတွေ ဆူညံနေရင် “သဒ္ဒေါ ကဏ္ဍကော ယောဂိဿ= အသံဗလံ ဆိုတာ တရားအားထုတ် သူရဲ့ ဆူးငြောင့် ဖြစ်တယ်” ဆိုတဲ့အတိုင်း တရား အားထုတ်တဲ့အခါ အနှောက်အယှက် ဖြစ်တယ်၊ သမာဓိ မရနိုင်ဘူး။ မြို့စွန်ဖျား တောကျောင်းမှာ နေတော့ လူသံ သူသံလည်း တိတ်ဆိတ်တယ်။ တောထဲမှာဆိုရင် သစ်ရွက်ကလေးတွေ ကြွေကျတာ၊ သစ်ကိုင်းလေးတွေ ခြောက်ပြီး ကျိုးကျတာကို တွေ့ရ မြင်ရတာကတောင် အဲဒါ အပြင် ဗဟိဒ္ဓက ဥပနိဿယ ပစ္စည်း အထောက်အပံ့ဖြစ်ပြီး “ဪ- ငါ့ခန္ဓာဟာလည်း ဒီ သစ်ရွက် ကလေးတွေလို တစ်နေ့ကျ ကြွေရမှာပါလား”လို့ သံဝေဂ ဖြစ်နိုင် တယ်။ ဒါကြောင့် မြတ်စွာဘုရားက တရားအားထုတ်ဖို့ အသင့်အလျော်ဆုံး နေရာအဖြစ်နဲ့ တောကျောင်းကို ညွန်ပြတော်မူတာ။

၃။ မတ္တညူ= အတိုင်းအရှည် ပမာဏကို သိခြင်း

အပြည့်အစုံကတော့ “ဘောဇန မတ္တညူ= ဆွမ်းခဲဖွယ် ဘောဇဉ်ကို ခံယူ စားသုံးတဲ့ နေရာမှာ အတိုင်းအရှည် ပမာဏကို သိတဲ့ပုဂ္ဂိုလ်”ဖြစ်ရမယ်လို့ ဆိုတာ။

(၁) လှူဖွယ် ပစ္စည်းက နည်းတယ်၊ သဒ္ဓါတရားကတော့ များတယ်။

(၂) လှူဖွယ် ပစ္စည်းကတော များတယ်၊ သဒ္ဓါတရားက နည်းတယ်။

(၃) လှူဖွယ် ပစ္စည်းလည်း နည်းတယ်၊ သဒ္ဓါတရားလည်း နည်းတယ် ဆိုရင် နည်းတဲ့ ဘက်ကို ထောက်ပြီး နည်းနည်းပဲ အလှူခံရတယ်။

(၄) လှူဖွယ်ပစ္စည်းကလည်းများ၊ သဒ္ဓါတရားကလည်း များတယ်ဆိုဖရင်လည်း ရသလောက် ဗုံးပေါ လအောကြီး အလှူမခံရဘူး၊ ကိုယ်နဲ့ မျှတရုံ(၀လောက် ရုံ) ပဲ အလှူခံ ပါတဲ့။ ( သံ၊ ဌ၊၃၆၇-၈)

စားလောက်မှု ပမာဏ ဆိုတာကတော့ လေးလုတ် ငါးလုတ်လောက် လျှော့စားပြီး ရေသောက် နေရတယ်၊ ပြီးတော့ ဒီအစားကို “မြူးရယ် မာန်ကြွ၊ လှပ ရေဆင်း၊ ပြည့်ဖြိုး ခြင်းငှာ၊ မသုံးပါဘူး၊ “စတဲ့ ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး စားရတယ်။ “သုံးလေ မတ္တညူ “ ဆိုတာ အဲဒီလို အတိုင်း အရှည် သိပြီး ဆင်ခြင်သုံးပါလို့ တိုက်တွန်း ဆုံးမတာပါ။ ဒါက ပထမဆုံး ဆုံးမတဲ့ ဂါထာအရ “(၁) မိတ်ကောင်းမှီစေ(၂) တောရပ်နေ၊ (၃) သုံးလေ မတ္တညူ”ဆိုတဲ့ သုံးချက်။

၎။ ပစ္စည်းလေးဖြာ မတွယ်တာနှင့်

သာသနာ့ဝန်ထမ်း ရှင် ရဟန်း ရယ်လို့ ဖြစ်လာတဲ့ အခါ သာသနာတော်ရဲ့ အရှိန်အ၀ါနဲ့ ဒကာ ဒကာမတွေက “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ဆိုတဲ့ ပစ္စည်းလေးပါးတွေ လှူဒါန်းကြမှာ မလွဲဘူး။ အဲဒီ ပစ္စည်းလေးပါးတို့ အပေါ်မှာ ငါ့ဆွမ်း၊ ငါ့သင်္ကန်း၊ ငါ့ကျောင်း၊ ငါ့ဆေးလို့ မတွယ်တာ မစွဲလမ်း မိပါစေနဲ့တဲ့။ (ငါ့ ဒကာ၊ ဒကမတွေလို့လည်း မစွဲလမ်း မတွယ်တာ နဲ့ပေါ့ကွာ) စွဲလမ်း တွယ်တာတဲ့ တဏှာ သမုဒယတွေ ဖြစ်နေရင် ၀ဋ်ဒုက္ခ သံသရာထဲက မလွတ်နိုင်ဘဲ တ၀ဲလည်လည် ပြန်လာ နေရဦးမယ်။ သင် ချစ်သား… ဒုက္ခ ထူပြော အပူပေါလှတဲ့ ဒီလောကကြီးထဲ ဘယ်တော့မှ ပြန်မလာချင်ပါနဲ့၊ ဒါကြောင့် ပစ္စည်းလေးပါး အပေါ်မှာ တွယ်တာတဲ့ တဏှာကို ငြိမ်းအောင် ကြိုးစားပါ။ ပစ္စည်းလေးဖြာ၊ မတွယ်တာ၊ တဏှာငြိမ်းအောင် ပြု။

ဘုရားရှင်ရဲ့ ဒီ အဆုံးအမနဲ့ ခပ်ဆင်ဆင် ပထမ ရွှေကျင်သာသနာပိုင် ဆရာတော် ကြီးကလည်း “

“လောကမှာ လူတွေ ကြိုက်နှစ်သက်စရာလို့ သတ်မှတ် တွယ်တာနေတဲ့ အာရုံငါးပါး ကမဂုဏ်များကို စွန့်ပစ် ပယ်ခွာ ထွက်လာပြီး သာသနာ့ဘောင် ရောက်လာခါမှ လူတွေက ‘မုတ္တစာဂီ’ မငဲ့မကွက် တံတွေးခွက်ပလာ စွန့်လှူလိုက်တဲ့’ ပစ္စည်းလေးခြာတို့ကို တွယ်တာကပ်ငြိ နေခြင်းဟာ ဂင်္ဂါမြစ်ကြီးကို လက်ပစ်ကူးလာခဲ့ ပြီးမှ တစ်ဖက်ဆည် ကန်ထဲမှာ နစ်သေရသလို (မြန်မာ ဆန်ဆန် ဥပမာနဲ့ ပြောရရင် ဧရာဝတီမြစ်ကြီးကို လက်ပစ်ကူးပြီးမှ ၀က်လူးအင်းထဲ နစ်သေ ရသလိုပေါ့ကွာ) အလွန်စက်ဆုပ်ဖွယ်၊ ကဲ့ရဲ့ ရှုတ်ချဖွယ် ကောင်းတယ်”တဲ့။ ကိုယ့်ပစ္စည်းကိုတော့ ထွေးအန်ပစ်ခဲ့ပြီး သူတစ်ပါး ထွေးအန်လိုက်တဲ့ အန်ဖတ်တွေကိုကျတော့ ကျုံးယူတွယ်တာနေသလိုကြီး ဆိုတော့ တွေးကြည့်ရင် ရှက်စရာကောင်းတာတော့ အမှန်ပဲပေါ့နော်။ (ကလေးတို့လည်း ပညာတ်ကြီးတွေ ဖြစ်အောင် ဆိုတဲ့ ရည်မှန်းချက်ကြီးတွေနဲ့ ကျောင်းနေကြပြီး မုန့်ဖိုး မပေးလို့ ကျောင်းမသွားဘူး ဘာညာနဲ့ ထော်လော် ကန့်လန့် လုပ်နေတယ်ဆိုရင် ဧရာဝတီမြစ်ကြီးကို လက်ပစ်ကူးမယ့်လူက ၀က်လူးအင်းထဲ နစ်နေတယ်လို့ ပြောရမှာ ပေါ့နော်။ အဲလို မဖြစ်စေရဘူးလို့ ပြောချင်တာ၊ သဘောပေါက်ကြလား)

အခုပြောတဲ့ အချက်လေးချက်ဟာ ဓမ္မကျွန်းတိုင်ကြီး လေးတိုင် စိုက်ထူးလိုက်တာပဲ။ အဲဒီ အပေါ်မှာမှ သီလ၊ သမာဓိ၊ ပညာ၊ ဘာဝနာသုံးပါး တရားဗိမာန်ကြီးများကို ဆောက်လုပ်ဖို့ အစဉ်အတိုင်း ဟောပြတော်မူတယ်။

သီလဗိမာန် တည်ဆောက်ရန်

+ပါတိမောက္ခ သံဝရ၊ သီလလုံစေမှု။

+တံခါးခြောက်ထွေ၊ ဣနြေ္ဒ၊ ငြိမ်စေ ပိတ်ဆို့ပြု။

ရှင် ရဟန်းတို့အတွက် ဆောင်သင့် ရှောင်သင့်တဲ့ ကိစ္စတွေကို လိုအပ်သလို ဘုရားရှင်က သတ်မှတ် ပညတ်ထားတာ ရှိတယ်။ ဒီပညတ်ချက်တွေဟာ လုံခြုံစောင့်ထိန်းတဲ့ ပုဂ္ဂိလ်ကို အပါယ်စတဲ့ ဘေးဒုက္ခတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲခြင်း၊ သူတစ်ပါးတို့က စွပ်စွဲကဲ့ရဲ့ခြင်း စတဲ့ ဘေးဒုက္ခတွေက လွတ်မြောက်စေတတ်တဲ့ အတွက် “ပါတိမောက္ခ”လို့ ခေါ်တယ်။ အပြစ်ရှိတဲ့ လူဟာ ဘယ်သူကမှ မစွပ်စွဲပေမဲ့ ထိတ်လန့် တုန်လှုပ်နေရတာမျိုး ဖြစ်တယ်မို့လား၊ အဲဒါ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲတဲ့ အတ္တာနုဝါဒဘေး သင့်တယ်လို့ ခေါ်တာပေါ့။ စောင့်ရှောက် ထိန်းသိမ်းအပ်တဲ့ သိက္ခာပုဒ်တွေ ဖြစ်လို့ “ပါတိမောက္ခ သံဝရသီလ” လို့လည်း ခေါ်တယ်။ အဲဒီ သီလကို သဒ္ဓါတရား ထက်ထက် သန်သန်ထားပြီး လုံခြုံ အောင် စောင့်ထိန်းပါ။ (ဒီ သိက္ခာပုဒ် သီလတွေကို စောင့်ထိန်းနိုင်ဖို့ အတွက် သဒ္ဓါတရားက အဓိက အရေးကြီးတယ်။)

ပြီးတော့ “မျက်စီ၊ နား၊ နှာ၊ လျှာ၊ ကိုယ် “ ဆိုတဲ့ အပြင်က အာရုံတွေ ၀င်ရောက်ရာ တံခါးသဖွယ် ဖြစ်တဲ့ ဣနြေ္ဒငါးပါးရယ်၊ အတွင်းမှာ အတွေး အကြံတွေ ဖြစ်ပေါ်ရာ မနောဒွါရ ဆိုတဲ့ စိတ်ရယ်၊ ပေါင်း ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်တို့ မလုံခြုံရင် အကုသိုလ် ခိုးသားတွေ ၀င်ရောက်ပြီး ရှင် ရဟန်းတို့ရဲ့ တရား၊ ရှင် ရဟန်းတို့ရဲ့ သီလဆိုတဲ့ ဥစ္စာ ရတနာတွေကို လုယက် ခိုးယူခြင်း ခံရတယ်၊ သီလနဲ့ တရားတွေ ဆုံးရှုံး ပျက်စီးသွားတယ် လို့ ပြောတာပေါ့ကွာ။ အဲဒီလို လုယက် ခိုးယူခြင်း ခံရတယ်၊ သီလနဲ့ တရားတွေ ဆုံးရှုံး ပျက်စီး သွားတယ်လို့ ပြောတာပေါ့ကွာ။ အဲဒီလို လုယက် ခိုးယူခြင်း မခံရအောင် သတိ ဆိုတဲ့ တံခါးဗိုလ်၊ တံခါးမှုး မပြတ်ခန့်ထားပြီး လုံခြုံအောင် စောင့်စည်းပါ ချစ်သားတဲ့။ (ဣနြေ္ဒတံခါး လုံခြုံဖို့အတွက် သတိ တရားက အဓိက အရေးကြီးတယ်)။

ဒီနှစ်မျိုး ပြည့်စုံရင် သီလဗိမာန်ကြီး တည်ဆောက်ပြီးစီးတယ်။ အဆောက်အဦးတစ်ခု အနေနဲ့ဆိုရင် စောစောက ပြောခဲ့တဲ့ ဓမ္မကျွန်းတိုင်ကြီး လေးတိုင် ပေါ်မှာ ရက်မ၊ ခါးပန်း၊ ထုပ်လျောက်၊ ဒိုင်းမြားတွေ၊ အခြင်၊ ဆင့်၊ ကျည်းပေါင် တံခါးတွေ တပ်ဆင်ပြည့်စုံ သွားသလို မျိုးပေါ့။ ဒါက သီလဗိမာန် အဆင့်။

သမာဓိဗိမာန်တည်ဆောက်ရန်။

+ သတိမြဲရာ၊ ကိုယ်၌သာ၊ ခန္ဓာငြီးငွေ့မှု။

+ သုဘနိမိတ် ၊ခွာရှောင်ဆိတ်၊ ဈာန် စိတ် ပိုင်အောင်ရှု။

ချစ်သား ရာဟုလာ……… သီလဗိမာန်ကြီး တည်ဆောက်ပြီးပြီ ဆိုတော့ အဲဒီအထက်က သမာဓိ ဗိမာန်ကြီး တည်ဆောက် ရလိမ့်မယ်၊ သမာဓိ ဘာဝနာကို ပွားများ အားထုတ်ရာမှာ သင်ချစ်သားနဲ့ သပ္ပာယဖြစ်တဲ့ ကာယဂတာ သတိ သမာဓိ ဘာဝနာ တရား ပွားများပါ၊ တစ်လံမျှလောက် ရှိတဲ့ ဒီကိုယ်ကာယမှာ ဆံပင် မွေးညင်း စတဲ့ သုံးဆယ့်နှစ်မျိုး အစုအဝေး ရှိနေတာကို မြင်လာတဲ့အခါ ဒီခန္ဒာလောကြီးကို ငြီးငွေ့လာပါ လိမ့်မယ်။ ငြီးငွေ့လာတဲ့ အထိ ရှုပါ။

ငြီးငွေ့လာအောင် ဘယ်လို ကျင့်ရမလဲဆိုတော့ “ သုဘနိမိတ်၊ ခွာရှောင်ဆိတ်” တဲ့။ ဆံပင်ကလေးကိုကြည့်ပြီး “င့ါ ဆံပင်ကလေးက ပိတုန်းရောင် ကလေးလို တင့်တယ်လှပတယ်” စတဲ့ မှတ်ထင်စွဲလမ်းမှုမျိုး စွန့်ပယ် ခွာရှောင်ပါတဲ့။ အမှန်ကတော့ “ပိတုန်းရောင် ကေသာ၊ ပုလဲဥလို သွားကလေး၊ ရွှေအဆင်းလို ၀ါဝင်းတဲ့ အသားရေ”ဘာညာနဲ့ ပြောနေ၊ ထင်နေကြပေမယ့် ဒီခန္ဓာကိုယ်နဲ့ ကင်းကွာသွားပြီဆိုရင် ပြန်ပြီး ကောက်ကိုင်ချင်စရာ ဘာမှ မရှိပါဘူး။ ကိုယ်စားမယ့် ဟင်းခွက်ထဲ ကိုယ့်ခေါင်းက ဆံပင် ပါလာတာတောင် ရွံတတ်ကြတာပဲမို့လား၊ ရွံတယ်ဆိုတာ ရွံစရာကောင်းလို့ပေါ့၊ အဲဒါကို မြင်အောင် ရှုပြီး “တင့်တယ်တယ်” ဆိုတဲ့ ထင်မြင်မှု ကွာသွားအောင် ခွာပါ၊ ရှောင်ပါလို့ ပြောတာပါ။

ဒီ ကာယဂတာ သတိ သမာဓိ ဘာဝနာကို ဘယ်အဆင့်လောက် ရောက်အောင် ပွားများရမလဲ ဆိုတော့ “ဈာန်စိတ် ပိုင်အောင် ရှု”တဲ့ ရူပါဝစရ ပထမဈာန် အပ္ပနာ သမာဓိ ရောက်အောင် ရှုရမှာပါ။

ပညာဗိမာန် တည်ဆောက်ရန်

+ အနိမိတ္တ၊ ထင်စေမှ မာနကွာ အောင်ပြု။

သီလသိက္ခာ၊ သမာဓိသိက္ခာ နှစ်ထပ်ပြီးပြီ ဆိုတော့ အဆောက်အဦလို ပြောကြစို့ ဆိုရင် အခင်း၊ အကာများ သာမက သာမန် အမိုး မျက်နှာကြက်ပါ ပြည့်စုံလာပြီပေါ့။ အဲဒါ ပြီးတော့ ‘ အနိမိတ္တ ဘာဝနာဆိုတဲ့ ပညာဗိမာန် တည်ဆောက်ပြီး အထွက်တင်ပေရော့’ တဲ့။ အနိစ္စဘာဝနာက နိစ္စနိမိတ်ကို ဆိတ်စေတတ်လို့၊ဒုက္ခ ဘာသနာက သုခနိမိတ်ကို ဆိတ်စေတတ်လို့၊ အနတ္တဘာသနာက အတ္တနိမိတ်ကို ဆိတ်စေတတ်လို့ “အနိမိတ္တ ဘာဝနာ “လို့ ခေါ်ပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးပါး ထင်မြင် လာအောင် ၀ိပဿနာ ပွားများအားထုတ်ပါလို့ တိုက်တွန်းလိုက်တာ ပါပဲ။

ဘယ်လောက်ကြာကြာ၊ ဘယ်အခြေအနေ ရောက်အောင် ပွားများရမှာလဲ ဆိုတော့ “မာန ကွာအောင်ပြု”တဲ့ ။ “ငါ က ဆံပင်ကောင်းတယ်၊ ငါ့ အသားဖြူတယ် စတဲ့ မာနတစ်လုံး ကွာကျရုံ ပြုတ်ကျရုံလောက်ပဲ အားထုတ်ပါ”တဲ့ ။ အမှန်ကတော့ အရဟတ္တမဂ် ရောက်အောင် အားထုတ်ပါလို့ ပြောတာပါပဲ။ မာန ကိလေသာ ဆိုတာ အရဟတ္တမဂ် ရောက်မှ ကွာတဲ့ ကိလေသာမျိုးပါ။ အဲဒီလို ဒဲ့ဒိုး (တဲ့တိုး) ကြီးပြောလိုက်ရင် နားထောင်ရသူက “တို့နဲ့ အလှမ်းဝေးလှချည့်”လို့ အားပျက်မှာ စိုးလို့ “ကိုယ်နဲ့ အနီးကပ် သိမြင်နိုင်တဲ့ မာနတရား ကွာကျ သွားရုံလောက်ပါလို့ ပြောလိုက်တာ၊ သဘောက အတူတူပါပဲ။ ဒီလို ကျင့်သုံးတော့ ဘာဖြစ်မလဲ ဆိုတော့----

+ဤနည်းကျင့်လေ၊ ၀ဋ်သုံးထွေ၊ ငြိမ်းလေ မှန်ပြီဟု။ ကမ္မ၀ဋ်၊ ကိလေသ၀ဋ်၊ ၀ိပါက၀ဋ အမှန်ငြိမ်းသွားပြီတဲ့။

+ ရာဟုလာအား၊ တို့ဘုရား၊ ဟောကြား နေ့နေ့မှု= ဒီတရားများဟာ ဘုရားရှင်က သားတော် ရာဟုလာကို နေ့စဉ် နေ့စဉ် ဟောညွှန်ဆုံးမတဲ့ “အဘိဏှ ရာဟုလောဝါဒ” တရားများ ဖြစ်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP