* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 23, 2010

ဇနကဇာတ် အဆက် (ဇာတ်သိမ်း)

0005052Kph0.jpg

တစ်နေ့သောအခါ မင်းကြီးသည် ဥယျာဉ်သို့ ထွက်တော်မူသည်။ ထိုစဉ် အသီး သီးသော သရက်ပင်နှင့် အသီး မသီးသော သရက်ပင်ကို တွေ့မြင်သွားသည်။ အသီးသီးသော သရက်ပင်များမှာ အသီးကိုလို၍ လူအများ၏ ချိုးဖဲ့ ဖျက်ဆီးခြင်းခံရသည်။ အသီး မသီးသော သရက်ပင်ကား ချိုးဖဲ့ ဖျက်ဆီးခြင်း မခံရ။

သည်တွင် မင်းကြီးက ‘မင်းအဖြစ်ကား အသီး၊ ရှိသော သရက်ပင်နှင့် တူသည်။ ရသေ့ ရဟန်း အဖြစ်ကား အသီးမရှိသော သရက်ပင်နှင့် တူတော့သည်’ ဟု စဉ်းစားဆင်ခြင်ကာ သံဝေဂ ရသွားသည်။

သို့ဖြင့် ရဟန်း ပြုရန် ဆုံးဖြတ်လိုက်သည်။ တိုင်းရေး ပြည်မှုတို့ကို ဆိုင်ရာ အမတ်တို့အား လွှဲအပ်လိုက်သည်။ တစ်ကိုယ်တည်းပင် နန်းပြာသာဒ် အထက်ထပ်သို့ တက်၍ တရားအားထုတ်သည်။ စားတော်အုပ် ပို့သူမှ တစ်ပါး မည်သူ့ကိုမျှ အတွေ့မခံချေ။

လေးလကြာသောအခါ မိမိဘာသာ ရဟန်းဝတ်လျက် နန်းပြာသာဒ် ထက်မှ ဆင်းသက်သွားလေသည်။ သီဝလိဒေဝီ အမှူးပြုသော မှူးမတ် ပြည်သူများသည် မင်းကြီးနောက်သို့ လိုက်ကြသည်။ ရဟန်း အဖြစ်မှ ထွက်၍ ပြန်လည် မင်းပြုပါရန် ငိုယို တောင်းပန်ကြသည်။ မင်းကြီးက လုံးဝ လက်မခံပေ။

သီဝလိဒေဝီက “အရှင်မင်းကြီး၏ ဘဏ္ဍာတိုက်များ မီးလောင်ကုန်ပါပြီ။ လူဆိုး သူဆိုးများ ဆူပူ သောင်းကျန်း နေပါပြီ” စသည်ဖြင့် ပရိယာယ်ဖြင့် အမျိုးမျိုး အကြောင်းပြကာ တောင်းပန် တားမြစ်သည်။ မင်းကြီးက “ငါ့မှာ ကြောင့်ကြမှု မရှိတော့ပြီ” ဟု ဆိုကာ မြို့တော် မြောက်တံခါးမှ ထွက်ကြွသွားသည်။

သီဝလိဒေဝီ အမှူးပြုသော မှူးမတ် ပြည်သူတို့လည်း မင်းကြီးနောက်မှ လိုက်ကာ အမျိုးမျိုး တောင်းပန်ကြသည်။ မင်းကြီးက လက်မခံ။ သွားမြဲ သွားသည်။ မလိုက်ကြရန် စည်းသား ခဲ့သော်လည်း မရ။ လိုက်မြဲ လိုက်ကြသည်။

ယူဇနာ ၆၀-ခန့်သို့ ရောက်သောအခါ ဟိမဝန္တာ၌ တရားအားထုတ်နေသော နာရဒ ရသေ့သည် မင်းကြီးထံ ဈာန်ဖြင့် ကြွလာသည်။ ကောင်းကင်မှ ရပ်လျက် “အရှင် ရဟန်း၊ မြို့ထဲ ရွာထဲမှာ ပျော်ပွဲကြီး လှည့်နေသကဲ့သို့ လူသံ၊ သူသံတို့ ဆူညံလှပါတကား” ဟု ဆိုသည်။ သင်္ကန်း ဝတ်ရုံမျှဖြင့် ကိလေသာ အတားအဆီးတို့ လွတ်မြောက်ပြီးဟု မဆိုနိုင်ကြောင်း သတိပေး စကား ပြောကြားသည်။

မင်းကြီးသည် နာရဒရသေ့၏ စကားကို လွန်စွာ နှစ်သက်မိသည်။ “အရှင် ရသေ့သည် ကျွန်ုပ်ကို ကောင်းသော စကားဖြင့် ဆုံးမပေးသည်” ဟု ဆိုလေသည်။

နာရဒရသေ့ ပြန်ကြွ သွားသောအခါ မိဂါဇိန်ရသေ့ ကြွလာသည်။ မင်းကြီးအား ထိုနည်းအတူပင် သတိပေးစကား ပြောကြားသည်။

မိဂါဇိန်ရသေ့ ပြန်ကြွသွားသောအခါ သီဝလိဒေဝီက မင်းကြီးအား “တိုင်းပြည်သို့ ပြန်ကြွ၍ သားတော် ဒီဃာဝုအား ထီးနန်းကို လွှဲအပ်ပေးပါဦး။ ပြီးမှ ရဟန်း ပြုတော်မူပါ” ဟု လျှောက်ထားသည်။ မင်းကြီးက “ငါသည် တိုင်းပြည်နှင့်တကွ ဆွေမျိုးများကိုပါ စွန့်ပြီး ဖြစ်သည်။ သားတော် ဒီဃာဝုသည် အိမ်ရှေ့မင်းဖြစ်ရာ သူပင် မင်းဖြစ်လာပါလိမ့်မည်” ဟု ဆိုသည်။ ကြွမြဲ ကြွသွားတော်မူသည်။ သီဝလိဒေဝီတို့လည်း နောက်မှ လိုက်မြဲ လိုက်နေသည်။

သို့သွားရာမှ ထုဏမြို့စွန် အနီးသို့ ရောက်လာသည်။ ထိုစဉ် ခွေးတစ်ကောင်သည် လူတစ်ယောက်၏ အမဲကင်ကို အလစ်တွင် ချီလာရာမှ ဇနကမင်းကြီးကို မြင်သဖြင့် အမဲကင်ကို ချပြီး ထွက်ပြေးသွားသည်။ မင်းကြီးသည် ခွေးစွန့်ပစ်ခဲ့သော အမဲသားတုံးကို ပံ့သကူ အဖြစ် ကောက်ယူ၍ ဘုဉ်းပေးသည်။

သီဝလိဒေဝီ မြင်သော် လွန်စွာ စိတ်ထိခိုက်သွားသည်။ “အရှင်မင်းကြီး၊ မျိုးရိုးဇာတ်နွယ် မြင့်သူ ဖြစ်ပါလျက် ခွေးစားကြွင်းကို ဘုဉ်းပေးသည်မှာ မသင့်ပါ” ဟု ဆိုသည်။

မင်းကြီးက “သီဝလိဒေဝီ၊ သည်အမဲကင်သည် ပိုင်ရှင်က စွန့်ပြီးဖြစ်သည်။ တရားသဖြင့် ရအပ်သော ပစ္စည်းမှန်က အပြစ်မရှိ၊ မြတ်သည်ဟု ဆိုရမည်။ အစားအစာသာ မဟုတ်၊ လောက၌ တရားသဖြင့် ရရှိသော စည်းစိမ် ချမ်းသာ ဥစ္စာပစ္စည်း ဟူက သုံးဆောင် ထိုက်သဖြင့် အပြစ်မရှိ၊ မွန်မြတ်သည်။ မတရား ရသော ပစ္စည်းဖြစ်ပါမူကား တစ်ထောင်တန်ပင် ဖြစ်သော်လည်း စက်ဆုပ်အပ်သည်သာ ဖြစ်ပေသည်” ဟု ဆိုလေသည်။

ဤသို့ဆို၍ ဆက်လက်သွားကြရာ မြို့တံခါးသို့ ရောက်လာသည်။ သတို့သမီးငယ်များ ကစားနေကြသည်ကို တွေ့ရသည်။ သတို့သမီးငယ် တစ်ယောက်သည် ဆန်ကောငယ်ဖြင့် ဆန်ပြာသကဲ့သို့ ပြုလျက် ကစားသည်။ ထိုအခါ ထိုမိန်းကလေး၏ လက်တစ်ဖက်ရှိ လက်ကောက် နှစ်ကွင်းမှာ အချင်းချင်း ထိခိုက်သဖြင့် တချွင်ချွင် မြည်နေသည်။ ထိုအခြင်းအရာကို တွေ့ရသဖြင့် မင်းကြီးက မေးတော်မူသည်။

“ချစ်သမီးငယ်၊ ဟိုဘက်လက်ရှိ လက်ကောက်က အသံမမြည်။ သည်ဘက်လက်ရှိ လက်ကောက်များကား အဘယ်ကြောင့် အသံမြည်နေပါသနည်း”

“အရှင်ရဟန်းမြတ်၊ သည်ဘက်လက်၌ လက်ကောက်နှစ်ကွင်း ရှိနေသောကြောင့် အချင်းချင်း ထိခိုက်၍ အသံမြည်ခြင်း ဖြစ်ပါသည်။ ဟိုဘက်လက်၌ကား လက်ကောက် တစ်ကွင်းတည်းသာ ရှိသည်။ ထိုခိုက်စရာ မရှိသောကြောင့် အသံမမြည်ခြင်း ဖြစ်ပါသည်။ ရဟန်းတွင်လည်း တစ်ပါးတည်းနေသော ဧကစာရီ ရဟန်းဖြစ်ပါက ထိခိုက်စရာ မရှိပါ။ အရှင်းရဟန်းမြတ်၊ အဖော်ရှိခြင်းသည် ငြင်းခုံရတတ်၏။ တစ်ယောက်တည်း ဆိုလျှင် မည်သူနှင့်မျှ ငြင်းခုံစရာ မရှိပါ”

ထိုအခါ မင်းကြီးက သီဝလိဒေဝီအား ဆုံးမပြောကြားသည်။ “သီဝလိဒေဝီ၊ သင် လိုက်ပါနေသည့်အတွက် သည် မိန်းကလေးက ကဲ့ရဲ့နေပြီ။ သည်လမ်း နှစ်ခုအနက် သက်နှစ်သက်ရာ လမ်းကို သွားပါ။ ကျန်သောလမ်းကို ငါသွားမည်” ဟု ဆိုသည်။

သို့ဖြင့် လမ်းခွဲ သွားကြသည်။ သို့ရာတွင် သီဝလိဒေဝီသည် အတန်ငယ်မျှသာ လမ်းခွဲသွားသည်။ ထို့နောက် မင်းကြီး သွားရာနောက်သို့ တစ်ဖန် လိုက်ပြန်လေသည်။

မကြာမီ ထုဏမြို့ရှိ လေးသမား တစ်ယောက်၏ အိမ်ရှေ့သို့ ရောက်လာသည်။ လေးသမားသည် မြားကို မီးကင်၍ မျက်စိတစ်ဖက်ကို မှိတ်လျက် မျက်စိတစ်ဖက်တည်းဖြင့် ကြည့်၍ ဖြောင့်နေသည်။

မင်းကြီးက “အဘယ်ကြောင့် မျက်စိ တစ်ဖက်တည်းဖြင့် ကြည့်၍ မြားဖြောင့်နေပါသနည်း” ဟု မေးသည်။

လေးသမားက “အရှင် ရဟန်း၊ မျက်စိနှစ်ဖက်ဖြင့် ကြည့်လျှင် ဖြောင့်သည်၊ ကောက်သည်ကို အမှန်အတိုင်း မမြင်နိုင်။ မျက်စိ တစ်ဖက်တည်းဖြင့် ကြည့်မှ အမှန်အတိုင်း မြင်နိုင်ပါသည်။ နှစ်ခုနှစ်ယောက်ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ငြင်းခုံမှု ဖြစ်တတ်ပါသည်။ တစ်ဦးတည်း ဖြစ်ပါက မည်သူနှင့်မျှ ငြင်းခုံစရာ မရှိပါ” ဟု ဆိုလေသည်။

ထိုအခါ မင်းကြီးသည် သီဝလိဒေဝီအား ရှေးနည်းအတိုင်းပင် လမ်းခွဲသွားရန် ပြောဆိုပြန်သည်။ သီဝလိဒေဝီကား ဇွတ်အတင်းပင် နောက်မှ လိုက်သည်။ မှူးမတ် ပြည်သူများလည်း နောက်မှပင် လိုက်ကြသည်။

သို့သွားရာမှ တောအုပ်ကြီး အဝင်ဝသို့ ရောက်လာသည်။ မင်းကြီးသည် ဖြူဆံမြက်ညွန့်ကို ဆွဲနှုတ်ဖြတ်ယူကာ သီဝလိဒေဝီအား ပြသသည်။

“ဤ ဖြူဆံမြက်ညွန့်သည် သူ့အပင်၌ တစ်ဖန် ပြန်၍ ဆက်စပ်သော်လည်း မရှင်နိုင်။ ထို့အတူ သင်နှင့်ငါသည်လည်း တစ်ဖန် ပြန်၍ ဆက်စပ်ခြင်းငှာ မဖြစ်နိုင်တော့ပြီ။ ငါသည် တစ်ယောက်တည်း ရဟန်းပြုနေတော့မည်။ သင်လည်း ရဟန်းမ ပြု၍ နေရစ်တော့” ဟု ဆိုကာ ကြွသွားတော်မူလေသည်။

ထိုစကားကို ကြားသောအခါ သီဝလိဒေဝီသည် ရင်ထု ငိုကြွေးရင်း သတိမေ့သွားလေသည်။ ခဏကြာ၍ သတိရလာသောအခါ မင်းကြီးကို မတွေ့ရတော့ချေ။ မှူးမတ် ပြည်သူတို့လည်း သီဝလိဒေဝီကို ပြုစုနေကြသဖြင့် မင်းကြီး ကြွသွားသည်ကို မသိမမြင်လိုက်ကြချေ။

ဇနကမင်းကြီး တစ်ဖြစ်လဲ ရှင်ရဟန်းသည် ဟိမဝန္တာသို့ ရောက်၍ တရားကျင့်ရာ ခုနှစ်ရက် အတွင်းမှာပင် အဘိညာဉ် ငါးပါးနှင့် ဈာန်သမာပတ် ရှစ်ပါးတို့ကို ရရှိလေသည်။ မြို့ရွာသို့ ကြွမလာတော့။ ဟိမဝန္တာ တော၌ပင် အသက်ထက်ဆုံး နေသွားလေသည်။

သီဝလိဒေဝီသည် မင်းကြီးရပ်သော နေရာ၌ အထိမ်းအမှတ် စေတီတစ်ဆူ တည်၍ ပူဇော်သည်။ ထို့နောက် မှူးမတ် ပြည်သူတို့နှင့် အတူ ပြန်လာသည်။ လမ်းခရီးတွင် မြားသမားနှင့် တွေ့သောနေရာ၊ သတို့သမီးငယ်နှင့် တွေ့သောနေရာ၊ ခွေးချီသည့် အမဲကင်ကို ဘုဉ်းပေးသော နေရာ၊ မိဂါဇိန်ရသေ့နှင့် တွေ့သောနေရာ၊ နာရဒရသေ့နှင့် တွေ့သောနေရာတို့၌ အထိမ်းအမှတ် စေတီ တစ်ဆူစီ တည်ထားသည်။

မိထိလာပြည်သို့ ပြန်ရောက်သောအခါ မြို့တော်သို့ မဝင်တော့။ ဥယျာဉ်၌ စခန်းချလျက် သားတော် ဒီဃာဝုအား ဘိသိက်သွန်း၍ မင်းမြှောက်လိုက်သည်။ မိမိမူကား ရသေ့မ ပြုလျက် ဥယျာဉ်တော်၌ပင် တရားအားထုတ် နေထိုင်လေ၏။

(ဇာတ်ပေါင်းသော် မဟာဇနကမင်းသားသည် ဂေါတမဘုရားရှင်၊ သီဝလိဒေဝီသည် ယသော်ဓရာဒေဝီ၊ ဒီဃာဝု မင်းသားသည် ရာဟုလာ၊ မဏိမေခလာ နတ်သမီးသည် ဥပ္ပလဝဏ္ဏာ၊ နာရဒရသေ့သည် အရှင်သာရိ ပုတ္တရာ၊ မိဂါဇိန်ရသေ့သည် အရှင် မောဂ္ဂလာန်၊ သဲကိုပြာ၍ ကစားသော သတို့သမီးငယ်သည် ခေမာ၊ မြားသမားသည် အရှင် အာနန္ဒာ အသီးသီး ဖြစ်လာကြသည်)

***ဤ ဇနကဇာတ်တော်တွင် ဂေါတမဘုရားရှင် ဝီရိယပါရမီ၊ နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်***

☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP