* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 16, 2010

စကားတတ်တဲ့ ချီပါသားနဲ့ ဒေါသကြီးတဲ့ ဘုန်းတော်ကြီး

Thursday, 15 April 2010 16:23 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ဗုဒ္ဓမြတ်စွာရဲ့ ကံအယူအဆဟာ ကံကို ပုံချတဲ့ဝါဒကို ယိုးမယ်ဖွဲ့တဲ့ဝါဒ၊ ကံကို အားကိုးတဲ့ဝါဒ၊ ဘာမဆို ကံကိုပဲ လက်ညှိုးထိုးပြချင်တဲ့ ၀ါဒဆိုတဲ့ တရားသေ လှေနံဓားထစ်ဝါဒ သဘောမျိုး မဟုတ်ပါ။ ဘ၀တစ်ခုရဲ့ ဖြစ်စဉ်မှာ ကမ္မနိယာမနဲ့အတူ ဗီဇနိယာမ၊ဥတုနိယာမ၊စိတ္တနိယာမ၊ ဓမ္မနိယာမ တွေလည်း ပါဝင် ဆက်စပ်နေပါတယ်။

အဲဒီ နိယာမငါးပါးဟာ တစ်ခုချင်းစီပဲဖြစ်စေ၊ တစ်ပေါင်းတည်းဖြစ်စေ လူသားကို ချုပ်ကိုင် ထား နိုင်ခြင်း မရှိပါဘူး။ လူမှာ ကိုယ်ပိုင် စိတ်ဆန္ဒ၊ ကိုယ်ပိုင် လုံ့လဥဿာဟ ရှိပါတယ်။ အဲဒါကို အသုံးပြုပြီး လူဟာ ကိုယ့်ဘ၀၊ ကိုယ့်ဝန်းကျင်နဲ့ လောကတစ်ခွင်ကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါတယ်။ အဓိပ္ပာယ်က လူဟာ ကံကြမ္မာရဲ့ဆရာ ဘ၀ရဲ့ ဗိသူကာ၊ လောကရဲ့ အရှင်သခင်လို့ ဆိုလိုတာပါ။

ဒါကြောင့် ယခုမျက်မှောက် အပြုအမူဟူသမျှနဲ့ တွေ့ကြုံခံစားရမှုဟူသမျှတွေကို အတိတ်ဘ၀ ကံကပဲ အတိအကျ သတ်မှတ်ခြယ်လှယ်နေတယ်လို့ ယူဆရင် လုံးဝမှားယွင်းမှာ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ဆင်းရဲချမ်းသာဖြစ်ရမှုကို သတ်မှတ်ဆုံးဖြတ်ရာမှာ အခြေခံအကြောင်း အရာ ရှိတဲ့အနက်က ကံတရားဟာ အခြေခံအကြောင်း တရားတစ်ခုမျှသာ ဖြစ်ပါတယ်။ တကယ် တော့ ကမ္မနိယာမဆိုတာ ဧကန်မုချ မချွတ်ဖြစ်ရမယ်ဆိုတာထက် အကြောင်းအကျိုး ကွင်းဆက် သဘောကို ပိုမို ပြီး ညွှန်ပြပါတယ်။

ဒါပေမယ့် ကံတရားကို အရေးမကြီးတဲ့ အရာတစ်ခုလို လျှော့တွက်လို့တော့ မရပါဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ ကံဆိုတာမှာ အခုဘ၀မှာရော၊ ရှေးရှေးဘ၀တွေကရော အဲဒီလူ ပြုလုပ်ပြော ဆို ကြံစည်ခဲ့တဲ့ ကောင်းမှု၊ မကောင်းမှု အပြုအမူအားလုံး ပါဝင်နေပါတယ်။ ဘ၀ဆိုတာ အပြုအမူ တွေရဲ့ အစုအဝေး တစ်ခုဖြစ်ပါတယ်။ အဲဒီ အပြုအမူတွေဟာ ပြီးစီးသွားပေမယ့် ပျောက် ကွယ်မသွား ပါဘူး။ အသက်ရှင်နေတဲ့ ကျောက်တုံးတွေလိုပါပဲ။ အဲဒီ ကျောက်တုံးတွေ နဲ့ပဲ ကိုယ့်ဘ၀၊ ကိုယ့်အနေ အထားကို တည်ဆောက်ဖန်တီးထားကြတာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူတဲ့ ဒေသနာတော်အရ လူသားတွေဟာ အတိတ်ရဲ့ သားသမီး တွေဖြစ်ပြီး အနာဂတ်ရဲ့ မိဘတွေ ဖြစ်ကြပါတယ်။ သတ္တ၀ါတွေဟာ အတိတ်ကလာကြ တာပါ။ လက်စမသတ် နိုင်သေးတဲ့ အလုပ်(ကံ)တွေကြောင့် အတိတ်က အကောင်းအဆိုး အမူအကျင့်တွေကို ယူဆောင်လာပြီး ပစ္စပ္ပန်ကို ရောက်လာကြတာပါ။ အတိက်ဟာ ပစ္စုပ္ပန်ကို မွေးဖွားပေးပြီး ၊ ပစ္စပ္ပန်က တော့ အနာဂတ်ကို ပေါက်ဖွားလာစေပါတယ်။ ကိုယ်ကျိုးရှာ လိုချင်မှု ကလေးကို လက်စသတ် မဖျက်ဆီးနိုင်သေးသမျှ သတ္တ၀ါတွေဟာ ကြောင်းကျိုးဆက် ဖြစ်စဉ်ကြီး ထဲမှာ မျောပါနေ ကြရမှာပါ။ အလုပ်(ကံ)မပြတ်သေးတဲ့သူ မှန်သမျှ ဘ၀စက်ဝိုင်းကြီး လည်ပတ်နေတာကို မရပ်တန့်နိုင်ကြပါဘူး။

သံသရာခရီးကို ဘ၀ရထားကြီး စီးပြီး ခရီးသွားနေကြရတဲ့ သတ္တ၀ါတွေအဖို့"ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားမည်" ဆိုတဲ့ ကမ္မနိယာမ၊ ဓမ္မနိယာမ၊ ဓမ္မဥပဒေသ ကလေးဟာ တရားမျှတမှုရှိလို့ ကျေနပ်ဖွယ် ဖြစ်ရုံမျှမက အကြောင်းရှိသလောက် အကျိုးခံစားခွင့်ကို ရရှိစေတာကြောင့် ဘ၀ရဲ့အားမာန်ကို ဖြစ်ပေါ်စေပါတယ်။ ကံတရားရဲ့ အရှိန်အဟုန်ဟာ တစ်ခါ တစ်ရံ နှေးကွေး ကောင်း နှေးကွေးနိုင်ပေမယ့် ပြုလုပ်ထားသူရဲ့ထံကိုတော့ အမှန်မုချဆိုက် ဆိုက်မြိုက်မြိုက် ရောက်ရှိ လာမှာပါ။ တစ်ချိန်က မိမိတို့စိုက်ပျိုးခဲ့တဲ့ မျိုးစေ့တွေဟာ တဖြည်းဖြည်း အသီးအနှံတွေအဖြစ် မှည့်ဝင်း လာပြီး ရိတ်ချိန်တန်ရင်တော့ မုချ ရိတ်သိမ်းကြရမှာ ဖြစ်ပါတယ်။

ကံတရားကို မှန်မှန်ကန်ကန် ယုံကြည်မှုဟာ သံသရာခရီး အတွက် မျှောက်လင့်ချက်ကို ဖြစ်ပေါ်စေပြီး လက်ရှိဘ၀မှာလည်း အပြု အမူအားလုံးကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ပါ တယ်။ ဒီအကြောင်းနဲ့ ဆက်နွယ်ပြီး ပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

စကားတတ်တဲ့ ချီပါသားနဲ့ ဒေါသကြီးတဲ့ ဘုန်းတော်ကြီး

တစ်ခါတုန်းက ဦးဖြူသီးလို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ လူ့ဘောင်မှာလည်း မနေချင်၊ ရဟန်းဘောင်သို့လည်း မ၀င်ရောက်နိုင်သေးတာကြောင့် ဖိုးသူတော်ဘ၀နဲ့ တောရွာတစ်ရွာက ဘုန်းတော်ကြီးတစ်ပါးထံမှာ ကပ္ပိယအဖြစ် ဝေယျာဝစ္စပြုလုပ်နေပါသတဲ့။ ဦးဖြူသီးက ရိုးရိုး အေးအေး စိတ်လက်ရှည်ငသလောက် ဆရာဘုန်းကြီးကတော့ စိတ်မြန် လက်မြန် ဒေါသထန် သတဲ့။ ဆရာ တပည့်နှစ်ယောက်ဟာ တစ်ခါတစ်ရံ ပြောင်းပြန်ဖြစ်ပြီး ဦးသူတော်က ဘုန်းတော်ကြီးကို တရားနဲ့ ဖျောင်းဖျ စိတ်ကို လျှော့ဖို့ လျှောက်ထားရပါတယ်။

တစ်ချိန်မှာ ဆရာဘုန်းကြီးနဲ့ ကပ္ပိယကြီး ဦးဖြူသီးတို့ဟာ မြစ်ရိုးက အလှူပွဲတစ်ခုကနေ အလှူခံပြီး ပြန်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ အ၀တ်ခပ်နွမ်းနွမ်းနဲ့ ဒကာတစ်ယောက်ဟာ "ဆရာ တော်ဘုရား၊ တပည့်တော်ကို ကယ်တော် မူပါဘုရား"လို့ မြစ်ကမ်းပါး ကနေ အော်ဟစ် လျှောက်ထားတာမို့ လှေကို ကမ်းကပ်ပေးပါတယ်။ ဆရာတော်က"ဘယ်ကလဲ၊ ဘယ်သွားမလို့ လဲ" စသည် မြေးမြန်းတဲ့အခါ ပခန်းနယ်က ချီပါရွာသား ဖြစ်ကြောင်း။ နေပြည်တော်ကို ကုန်ရောင်း ဖို့ထွက်လာရာမှာ လှေနစ်သွားလို့ ဒုက္ခရောက်နေကြာင်း လျှောက်ထားပါတယ်။

အဲဒီအခါ ဆရာတော်က"လူသားတစ်ယောက် ဒုက္ခရောက်နေတာကို ကူညီချင်ပါကြောင်း။ ဒါပေမယ့် ချီပါရွာသားတွေဟာ စကားကတ်ဖဲ့ ပြောတတ်လို့ သူ့စိတ်နဲ့ဆိုရင် ပေါင်းသင်းလို့ဖြစ်မှာ မဟုတ်တဲ့အတွက် လှေပေါ်မခေါ်ချင်ကြောင်း" ဦးဖြူသီးကို ပြောပြပါတယ်။ ဒါပေမယ့် ဦးဖြူသီး က "ဒုက္ခရောက်နေတဲ့ သူကို ကူညီရတာဟာ ပါရမီဖြည့်ခွင့်ရတာမို့ ဆရာတော်အနေနဲ့ ကူညီသင့်ကြောင်း၊ နောက်ပြီး စကားတတ်တဲ့ ချီပါသားကို စကားပြောခွင့် ပိတ်ပင်ထားရင် ဘာမျှ ပြဿနာမရှိ ကြောင်း" ပြန်လည်လျှောက်ထားပြီး လှေပေါ်ခေါ်တင်လာခဲ့ပါတယ်။

ဒီလိုနဲ့ လမ်းခရီး တစ်နေရာမှာ မြစ်ရေတိုက်စားလို့ ကမ်းပါးတွေ အကြီးအကျယ်ပြိုကျ နေတာကို တွေ့ရတဲ့အခါ၊ ဆရာတော်က ကပ္ပိယကြီး ဦးဖြူသီးကို"ကပ္ပိယကြီးကြည့်စမ်း၊ သံစောင်းထက် ရေစောင်းထက်တယ်ဆိုတာ အဲဒါပြောတာပဲ"လို့ လက်ညှိုး ညွှန်ပြီး ပြောပြသတဲ့။ ကပ္ပိယကြီး ဦးဖြူသီးကတော့ ဘာမျှအတွန့်မတက်ဘဲ "မှန်လှပါဘုရား"လို့ပဲ လျှောက်ထားတာ ပေါ့။ ဒါနဲ့ ကျောင်းပြန်ရောက်တဲ့အခါ ဆွမ်းချက်ဖို့ ထင်းမရှိတာနဲ့ ကပ္ပိယကြီးက ချီပါသားကို ထင်းတစ်တုံး လောက် ခွဲပေးဖို့အကူအညီတောင်းသတဲ့။

ချီပါသားကလည်း ခွဲပေးပါမယ်ဆိုပြီး ထင်းတုံးကို ရေကန်နားယူသွားပါတယ်။ ပြီးတော့ ရေကန် ထဲက ရေတွေကို တစ်ခွက်ပြီးတစ်ခွက်ခပ်ပြီး ထင်းတုံးပေါ်ကို လောင်းချပါတယ်။ အဲဒါကိုမြင်ရတဲ့ ဦးဖြူသီးဟာ ရေကန်နားသွားပြီး "အဲဒါ ဘာလုပ်တာလဲ"လို့ ချီပါသားကို မေးပါတယ်။ အဲဒီအခါ ချီပါသားက "မသိပါဘူးဗျာ၊ လမ်းမှာတုန်းက ဆရာတော်က သံစောင်း ထက် ရေစောင်းက ပိုပြီး ထက်တယ်ပြောလို့၊ ပုဆိန်နဲ့ ခွဲမယ့်အစား ရေစောင်းနဲ့ ခွဲတာက မြန်မြန် ပြီးမယ်ထင်လို့ ရေနဲ့ လောင်းချတာပါ ခင်ဗျာ"လို့ ပြန်ဖြေပါတယ်။

အဲဒီအခါ ဦးဖြူသီးက "အင်း.. ခင်ဗျားကို ချီပါသားတွေပကလည်း ဆရာတော်ပြောမယ်ဆို ပြောစရာပဲဗျ။ စကားတယ်ပြီး ကတ်ဖဲ့ ပြောတတ်တာပဲ။ ဒါပေမယ့် ဆရာတော် ရှေ့မှာတော့ သွားမလုပ်နဲ့။ ရေစောင်းထက် လက်ဝါးစောင်းက ပိုပြီး ထက်တယ်ဗျို့"လို့ ဆုံးမသတဲ့။ ဒီလိုနဲ့ ဆွမ်းစား ချိန်ရောက်လို့ ဆရာတော်ကို ဆွမ်းကပ်တဲ့အခါ ဦးဖြူသီးးက ဆွမ်းစားပွဲဘေးကနေ ယပ်ခပ်ပေးသလို ချီပါသားကလည်း ဦးဖြူသီးဘေးမှာ ခပ်ကုပ်ကုပ်ကလေး ထိုင်နေပါတယ်။ ဆရာတော်က ဆွမ်းစား ရင်းနဲ့ သရက်သီးမှည့် တစ်စိတ်ကို ယူပြီး ဘုဉ်းပေးလိုက်ရင်း "အင်း…အသီးများဟာ မှည့်ရင် တယ်ပြီးတော့ ချိုတာပဲ"လို့ အမိန့်ရှိပါတယ်။ အဲဒီအခါ အငြိမ်မနေနိုင်တဲ့ ချီပါသားက ဆွမ်းဝိုင်းထဲက ငရုတ်သီးမှည့်တစ်ထောင့်ကို လက်နဲ့ယူပြီးထောင်ပြပါတယ်။ အဓိပ္ပာယ်ကတော့ မှည့်တဲ့အသီးတိုင်းဟာ ချိုရင် ငရုတ်သီးကျတော့ မှည့်ပြီး ဘာကြောင့် မချိုရတာလဲလို့ စောဒကတက်တဲ့ သဘောပါ။

ဆရာတော်ကလည်း အဓိပ္ပါယ်ကို ချက်ချင်းသိပါတယ်။ သိသိချင်းပဲဆိုသလို စိတ်ဆိုးတာမို့ တံမြက်စည်းနဲ့ ရိုက်မယ်စိတ်ကူးပြီး၊ တံမြက်စည်းချောင်းကို ထဆွဲပါတယ်။ နှုတ်တော်ကလည်း "စကားတတ်တဲ့ ချီပါသားတော့ အကြောင်းသိရသေးတာပေါ့ကွာ"လို့ ကြိမ်းမောင်းပြောဆိုပါ တယ်။ အဲဒီအခါ ဦးဖြူသီးကလည်း ငြိမ်မနေနိုင်တော့ဘဲ လက်အုပ်ချီကာ ဆရာတော် ရှေ့တင်ပြီး "ဆရာတော်ဘုရား၊ ချီပါသားကို မရိုက်ခင် တပည့်တော် လျှောက်တင်တာကို နားဆင်တော် မူပါဦး ဘုရား"လို့ လျှောက်ထားပါတယ်။ ပြီးမှ-----

"ကောင်းဆိုး နှစ်တန်၊ ကံစီမံ၊ ခံ စံကြရတယ်။ ရှေးကကောင်းလို့၊ အခုကောင်ကြွယ်၊ အခုကောင်း နောင်ကောင်းပါလိမ့်မယ်။ ရှေးက ဆိုးလို့၊ အခုဆိုးတယ်၊ အခုဆိုး နောက်ဆိုး ပါလိမ့်မယ်" ဆိုတဲ့ ကဗျာလေးကို သံနေသံထားနဲ့ ရွတ်ဆိုပြပါတယ်။ ကဗျာသံအဆုံးမှာတော့ ငယ်ထိပ်ထိအောင် တက်နေတဲ့ ဆရာတော်ရဲ့ ဒေါသတွေဟာ ခြေမအထိ ပြန်ကျသွားပါပြီ။ ဒါတောင်မှ "အင်း….ကပ္ပိယ သတိပေးလို့ပေါ့ကွ ဒါမှမဟုတ်ရင် ဒီချီပါသားတော့ ကျောအကွဲပဲ"လို့ ကြိမ်းဝါးလိုက်ပါသေးတယ်။

ပုံပြင်ကလေးက ဒါလောက်ပါပဲ။ ဒီပုံပြင်ကလေးနဲ့ကပ်ပြီး အဓိက မီးမောင်းထိုးပြချင်တာ ကတော့ မိမိတို့ရဲ့ ဘ၀မှာ ပါဝင်ပတ်သက်နေတဲ့ ကံတရားရဲ့ အခန်းကဏ္ဍကို သတိရ စဉ်းစားမိရင် ဘ၀ကို အကျည်းတန်အရုပ်ဆိုးစေတတ်တဲ့ အမျက်ဒေါသ၊ မာန်မာနတွေကို အထိုက်အလျောက် လျော့ကျ၊ လျှောချပစ်နိုင်တယ်ဆိုတာပါပဲ။

အရပ်ထဲမှာ ပြောဆိုနေကြတဲ့ "ဘ၀မေ့တယ်၊ အောက်ခြေ လွတ်တယ်" ဆိုတဲ့ စကားတွေဟာ တကယ်တော့ "ကံတရား"ကို ရည်ရွယ်ပြီး ပြောဆိုနေကြတာပါ။ ကံဆိုတဲ့ အပြုအမူတွေဟာ ဘ၀ပါ။ ကံကောင်းရင် ဘ၀ကောင်းပါတယ်။ ဘ၀ကောင်းကို ရနေပြီး ကံကောင်းကို မေ့နေရင် ဒါဟာ "ဘ၀ မေ့တာပါ။ အောက်ချေလွတ်တာပါ" ဘ၀မေ့တဲ့သူ၊ အောက်ခြေလွတ်တဲ့သူတွေ များလာရင် လောက ပါလတရားတွေ ဆုတ်ယုတ်လာပြီး လောကကြီး ပျက်စီးတတ်ပါတယ်။

ကံတရားကို သတိရစဉ်းစား မိတာနဲ့တစ်ပြိုင်နက် အကောင်းအဆိုး ဆိုတာ အကြောင်း အကျိုး ရှိသလောက်သာ ဖြစ်နိုင်တယ်ဆိုတာရယ်၊ ဘ၀ဟာ ထာဝရမဟုတ်ဘူး ဆိုတာရယ်၊ ဒီဘ၀မှာတွေ့ကြုံ ဆုံဆည်းနေကြရတဲ့ ဆွေမျိုးမဘအ၀၀နဲ့ ဥစ္စာဓန၊ ရာထုးဂုဏ်သိန်အရှိန်အ၀ါ စတာတွေဟာ သံသရာတစ်ကွေ့မှာ ခဏတွေ့ကြတာဖြစ်လို့ ဆိုင်ရုံသာဆိုင်ပြီး အပိုင်မဟုတ်တဲ့ အငှားတွေသာ ဖြစ်တယ်ဆိုတာရယ်၊ နောက်ပြီး ကန့်သတ်ချက်ကလေးစေ့သွားကြရင် သူလည်းပဲ သူ့အထုပ်ကလေး သူထမ်းပြီး ကိုယ့်လမ်း ကိုယ်သွားရမယ် ဆိုတာရယ်တွေကိုပါ ရိပ်မိသိရှိလာနိုင်ပါတယ်။

ဒီလို ရိပ်မိသိရှိသွားတာဟာ မြင့်မြတ်တဲ့ ဘုံဘ၀ကို သွားဖို့ သူတော်ကောင်း တရားလမ်းမကြီး ကို ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ ကံတရားဆိုတာ လူကို ချုပ်နှောင်မယ့် " အကျဉ်းထောင်" တစ်ခုမဟုတ်ပါဘူး။ ဘ၀ကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် တည်ဆောက်ရာမှာ ပါဝင်အကူအညီပေးမယ့် အမာခံ "ငြမ်း"ကြီးတွေပဲ ဖြစ်ပါတယ်။

တော်ဝင်နွယ်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP