* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 16, 2010

လက်ခံပေးနိုင်ဖို့ ......

၁ ။ ။
နာရီပိုင်း မိနစ်ပိုင်း စက္ကန့်ပိုင်း အတွင်း ဖြစ်ပျက်သွားတဲ့ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်မယ်ဆိုရင်တောင်မှ ဖြစ်သမျှ စိတ်တွေဟာ ဒေါသ လောဘ မာနတွေနဲ့ ကျေနပ်လိုက် မကျေနပ်လိုက် ဒီစိတ်တွေ ချည်းပါပဲလား ။ အဲ့လို စိတ်ကို ဘယ်လိုများ အမှန်အတိုင်း ပြောရဲပါ့ ။ ဒါကြောင့် စိတ်ကောင်းရှိပါတယ်လို့ မိမိကိုယ် မိမိ ၀န်မခံရဲဘူးဗျာ ။

အပေါ်ယံအမြင်မှာတောင်မှ ကျေနပ်မှုတွေ မကျေနပ်မှုတွေနဲ့ လုံးထွေးနေတဲ့ လူတစ်ယောက်က ကျနော်ဟာ စိတ်ကောင်းရှိပါတယ်လို့ ပြောလာခဲ့ရင် သေချာတယ်ဗျို့ အဲ့လူဟာ ကိုယ့်စိတ်ကိုယ်တောင် တစ်ခါမှ သေချာမကြည့်ဖူးလို့ပဲ ။ အဲ့ဒီ လူကို နားလည် ခွင့်လွတ်သာ ပေးလိုက်ပါ ။ တရားထိုင်တယ် တရားမှတ်တယ်ဆိုတာ အရိုးရှင်းဆုံး ပြောရရင်တော့ ကိုယ့်စိတ်ကိုယ် စစ်တဲ့ အလုပ်ပါပဲ ။ စိတ်ကို စစ်ပေးပါ များလာရင်တော့ ကိုယ့်အဖြစ်ကို ကိုယ် သိလာမှာပါ ။

ကျွန်တော်တို့ဟာ မကောင်းမှုကို လူတွေ မသိအောင် ခိုးကြောင် ခိုးဝှက်နဲ့ လုပ်တတ်ကြတယ်။ ကာယကံမြောက် ၀စီကံမြောက် မလုပ်မိရင်တောင်မှ စိတ်ထဲမှာတော့ ကိလေသာ တင်းကြမ်းထ နေတတ်ကြတယ် ။ ကောင်းတာလေး လှတာလေး ချောတာလေး မြင်လိုက်တာနဲ့ တစ်သံသရာလုံး ဂုတ်ခွစီးလာတဲ့ လိုချင် တပ်မက်တဲ့ လောဘစိတ်က အလိုအလျောက် ဖြစ်ပြီးသား ။ တဏှာရာဂက အလိုအလျောက် ပြစ်မှားပြီးသား ။ ကိုယ့် နည်းနည်းလေး လာထိရင်တောင်မှ စိတ်ထဲမှာတော့ မခံချင်စိတ်က ထပြီးသား ။ ဒေါသတွေ ထွက်ပြီးသား ။ ဒီလိုပါပဲ ။ တစ်ချိန်လုံး ဘာကိုပဲတွေ့တွေ့ ကျေနပ်လိုက် မကျေနပ်လိုက် ဖြစ်နေတာ ကျွန်တော်တို့ စိတ်တွေပါပဲ ။

ဒါကြောင့်လည်း သာမန် လူတစ်ယောက်မှာ ကုသိုလ်စိတ် မဖြစ်ရင် အကုသိုလ်စိတ် ဖြစ်တယ်လို့ ဗုဒ္ဓစာပေမှာ အတိအလင်း ဆိုထားပေတာပဲ ။

ပိုဆိုးတာက အဲ့ဒီလို ကိလေသာတွေ ၀ုန်ဒိုင်းကြဲနေပေမယ့်လည်း ငါဖြစ်တာကို ဘယ်သူမှ မသိပါဘူးကွာ ဆိုပြီး ကျေနပ်နေတာပါပဲ ။ ရှက်ဖို့ အကောင်းဆုံးဟာ ဘာလဲ ဆိုတော့ ဘယ်သူမှ မသိဘူးလို့ ထင်ခဲ့ပေမယ့် ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို ကိုယ်တိုင်ကတော့ အသေအချာ သိမြင်ခဲ့တာကြောင့် ကိုယ်တိုင် သက်သေဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။

မကောင်းမှု ပြုသူအတွက် ဆိတ်ကွယ်ရာ အရပ်သည် လောက၌ မရှိ လို့ ဂေါတမ ဗုဒ္ဓက ပြောခဲ့တယ် မဟုတ်လား ။

ကိုယ်တိုင် သက်သေ ဖြစ်နေလို့ မကောင်းမှုပြုခဲ့တဲ့ မိမိကိုယ်မိမိ ရှက်တတ်ရင် တော်ပါသေးတယ်။ ဒါပေမယ့် လူမှာ ဖြစ်တတ်တာ တစ်ခုက သူများကို ညာတတ်သလို ကိုယ့်ကိုယ်ကို လည်း ညာတတ်ကြတယ် ၊ ဟန်ဆောင်တတ်ကြတယ် ။ ကိုယ့်အပြစ်တွေ မကောင်းတာတွေ စိတ်ကူးထဲမှာ ပက်ပက်စက်စက် တွေးခဲ့တာတွေကို အပြစ်မရှိသလိုလို မကောင်းစိတ်ပဲ တစ်ကယ် မရှိသလိုလို မတော်မလျော်မပြုခဲ့သလိုလို ဖုံးကွယ်ရင်း ဟန်ဆောင်ရင်း နဲ့ ကြာလာတော့ တကယ်ပဲ ကိုယ်ဟာ မကောင်းစိတ် မရှိတော့သလိုလို အပြစ်ကင်းသူလိုလို ထင်မိသွားတတ်တဲ့ အချက်ပါပဲ ။ အဲ့ဒီအထင် အမြင် နဲ့ ပြုမိ ပြောမိ ရေးမိမှာကို ကျနော်တော့ အကြောက်ဆုံးပဲဗျာ ။

မိမိရဲ့ အပြစ်ကို မမြင်တတ်တဲ့ အခါကျတော့ တစ်ခြားလူတွေကိုပဲ အပြစ်တွေ လိမ့်မြင်တော့တာပေါ့ဗျာ ။ တစ်ကယ်တမ်းကျတော့ သူခိုးက သူခိုးကို ပြန်ဟစ်နေသလိုပါပဲ ။ ဒါကြောင့် သူများကို အပြစ်တင်တော့မယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်အရင် ပြန်စစ်ပါလို့ လေးလေးနက်နက်ကို အကြံပေးချင်တယ်ဗျာ ။

မိမိကိုယ် မိမိ အမှန်မြင်နိုင်ဖို့ တစ်ကယ်ကို လိုပါတယ် ။ အမှန်ကို လက်ခံနိုင်မှသာ ပြုပြင်ခွင့်တွေ ပြင်ဆင်ခွင့်တွေ ရပြီး ရှေ့ကို တိုးပြီး ကြိုးစားခွင့် ရမည် မဟုတ်ပါလား ။အရှိအတိုင်း မြင်ရဲဖို့တော့ အဓိကကို လိုအပ်တယ်ဗျာ ။

ကိုယ့်စိတ်ကိုယ် ကောင်းတယ်ချည်း စွတ်ထင်ပြီး အကုသိုလ်စိတ် ကုသိုလ်စိတ်တောင် ရှင်းရှင်းလင်းလင်း လက်မခံရဲပဲနဲ့တော့ ဒီတဏှာကို ဘယ်လို သတ်မလဲဗျာ ။

၂ ။ ။
မိတ်ဆွေ ဖြစ်သူ သည် စကားကို ဖြတ်လိုက်ရင်း စကားဝိုင်းမှ ထဖို့ ပြင်သည် ။ ကျနော် ကိုယ့်စိတ်ကို ကိုယ် တစ်ချက်မျှ သတိကပ်လိုက်မိသည် ။ အခုနေများ တစ်စုံတစ်ယောက်က နောင်ကြီးရေ နောင်ကြီးဟာ အပြစ်ကင်းသူ တစ်ယောက် ဖြစ်ပြီလားဗျာ လို့ မေးလာခဲ့ရင် ကျနော် အပြစ်ကင်းသူ တစ်ယောက် မဟုတ်သေးပါဘူးဗျာ ၊ ကျနော် အများကြီး ကြိုးစားရဦးမှာပါ လို့ ခေါင်းကို တွင်တွင်ယမ်းပြီး ပြောဖို့ ၀န်မလေးတော့ပါဘူး ။

ကိလေသာ ဟူ၍ မြူမှုန်မျှပင် ရှိတော်မမူသော ဘုရားရှင်နှင့် သူတော်စင် အပေါင်း၏ ဂုဏ်ရည်အား ရည်မှန်းကာ လက်အုပ်ချီမိုး ရှစ်ခိုးဦးခိုက် မိပေတော့သည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP