* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 1, 2010

သီရိလင်္ကာမှ နဝမ်ပေရာဟာရပွဲတော်(NAVAM PERAHARA)


မိတ်ဆက်။ ။NAMVA(နဝမ်)ဟူသည်တစ်ပေါင်းလPERAHARA(ပေရာဟာရ)ဟူသည်အခါသမယ
(period) ဟူ၏။ တစ်နည်းဆိုရသော် တပေါင်းပွဲတော် ဟုခေါ်ဆိုနိုင်မည်ထင်ပါ၏။
မနေ့က(၂၇-၂-၂၀၁၀)ညနေ (၆း၀၀)နာရီ အချိန်ခန့်တွင် သူငယ်ချင်းဖြစ်သူဦးဝဏ္ဏသာမိ ဖုန်းဆက်
ခေါ်၍ နဝမ်ပေရာဟာရပွဲတော်ကျင်းပရာ ဟူနုပိတယ(HUNUPITAYA)
လမ်းဘက်သို့ သုံးဘီးတစ်စီးငှါး၍ ထွက်လာခဲ့သည် ။


စာရေးသူတို့ နေထိုင်ရာကျောင်းမှ (ပွဲတော်ကိုဦးဆောင်ကျင်းပသော) ဂင်္ဂါရာမကျောင်းတိုက်ရှိရာသို့ နာရီဝက်ခန့် စီးရသည်။ ဟူနုပိယလမ်းထဲကိုဝင်လာသည်ဟုဆိုလျှင်ပင် လမ်းမကြီးဝဲယာတစ်လျှောက် ရောင်စုံမီးလုံးများအောက်တွင် ပျော်ရွှင်တက်ကြွနေကြသော လူထုကြီးကို တသီတမကြီးတွေ့လိုက်ရသည်။ ကြိုကြားကြိုကြားတည်ဆောက်ထားသော စတိတ်စင်များကလည်း လူထုပရိတ်သတ်ကြားတွင် အခန့်သားနေရာဦးထားနှင့်ကြလေသည်။
သုံးဘီးဖိုးရှင်းပြီး သံဃာတော်များအတွက် တည်ဆောက်ထားသည့် စတိတ်စင်ပေါ်သို့ တက်လာခဲ့သည်။ သံဃာ့စတိတ်စင်ပေါ်တွင် သံဃာတော် (၃၀)ကျော်ခန့်ရောက်ရှိနေနှင့်ကြပြီး
ခုံလွတ်များလည်း ရှိနေသေးသည်ဖြစ်ရာ သှူုငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပြီး ခုံလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်၏။
သိပ်မကြာပါ အနောက်ဘက်လမ်းထောင့်ဆီမှ ကြာပွတ်ရိုက်သံတစ်ဗြောင်းဗြောင်းကြားလိုက်ရသည်။
မှန်ပါ၏။ မည်သို့လေ့ကျင့်ထားကြသည်မဆိုနိုင်၊ အဖြူရောင်ခေါင်းစည်း အဖြူရောင်ဝတ်စုံဆင်တူ
ဝတ်ဆင်ထားကြသည့် ကြာပွတ်သမား အယောက်(၂၀)ခန့်တို့၏ ကြာပွတ်ရိုက်သံသည် တရွှန်းရွှန်း
မြည်ရမည့်အစား ဗြောက်အိုးဖောက်သံများကဲ့သို့ တဗြောင်းဗြောင်းမြည်နေပါ၏။
ထိုအခိုက်မှာပင် လူထုကြီးသည် အနောက်ဘက် ကြာပွတ်သမားများဆီမှ အကြည့်ပြောင်း၍ အရှေ့ဘက်သို့ ဦးလှည့်သွားကြရာ ငြိမ့်ငြိမ့်ညောင်းညောင်းလျှောက်လှမ်းလာနေသည့်
လှပစွာတန်ဆာဆင်ထားသည့် ဆင်တော်(၃)စီးကို တွေ့လိုက်ကြရပါ၏။ ဤနေရာ၌ ဆင်တော်(၃)စီး၏အပြင်အဆင်နှင့် လှမ်းလျှောက်လာပုံတို့ကို ပေါ်လွင်အောင် ရေးသားဖေါ်ပြသင့်သည်ထင်ပါ၏။
ဆင်တော် (၃) စီးကို လှပသော ငွေခြည်ပန်းထိုး ဘယက်တန်ဆာဒွါဒယာများ ဝတ်ဆင်စေလျှက်
လျှပ်စစ် အော်တိုမစ်တစ်မီးလုံးကလေးများဖြင့်ပါ တန်ဆာဆင်ထားပေးကြ၏။ ဆင်တော် (၃) စီးတွင်
အလယ်မှဆင်တော်သည် ဘေးဘယ်ညာမှ ဆင်တော် (၂) စီးထက် ကိုယ်လုံးကိုယ်ပေါက် အတန်ငယ်
ကြီးပုံပြီး အစွယ်လည်းအနည်းငယ်ပိုရှည်ပုံပေါ်၏။ ဘေးဘယ်ညာမှ ဆင်တော် (၂) စီးပေါ်တွင် ခန့်ညားစွာဝတ်ဆင်ထားသော ဆင်ဦးစီး တစ်ဦးစီနှင့်နောက်လိုက်(၂)ဦးစီ စီးနင်းလိုက်ပါလာ၏။
အလယ်မှဆင်တော်ကား ဆင်ဖြစ်ရချင်းအတူတူတွင် ကုသိုလ်ကံ ပိုထူးပုံရ၏။ အဘယ့်ကြောင့်ဆိုသော်
သူ့ကျောကုန်းထက်တွင် တင်ဆောင်သယ်ပိုးလာရသည်ကား မြတ်ဘုရားရှင်၏ မြတ်သောစွယ်တော်
ဖြစ်၍တည်း။ (စွယ်တော်ပွါးဖြစ်ဖွယ်ရှိပါသည်။ စွယ်တော်မြတ် အစစ်ကိုကား (၄) နှစ်မှတစ်ကြိမ်သာ ပင့်ဆောင်လှည့်လည်လေ့ရှိသည်ဟု သိရပါသည်။)
အဆိုပါဆင်တော်၏ကျောကုန်းပေါ်တွင် တင်ဆောင်ထားရှိသောစွယ်တော်မြတ်ကိန်းဝပ်ရာ
ကျောင်းဆောင်တော်ကို (လှပသောမီးရောင်စုံတို့ဖြင့် တန်ဆာဆင်ထားသော) ထီးဖြူတော်မြတ်ဖြင့်
ဆောင်းမိုးပူဇော်ထားလိုက်ချေသေး၏။ ထို့ပြင်တဝ စွယ်တော်မြတ်တင် ဆင်တော်မင်္ဂလာ မလှမ်းလာမီ
အနံ (၆) ပေခန့်ရှိသော ပိတ်ဖြူလိပ်များကို ပိုက်ကာ လူအယောက် (၂၀)ခန့်ရှေ့မှ ပြေးထွက်လာသည်ကို
တွေ့မြင်ရ၏။ သူတို့ဘာလုပ်ကြမည်နည်း။
သူတို့သည် စွယ်တော်မြတ်တင် ဆင်တော်၏ ရှေ့မှရှေ့မှ အပြေးအလွှားသွားသွားပြီးလျှင် ကတ္တရာလမ်းမည်းမည်းအပေါ် မြတ်စွယ်တော်ကိုမကြွစေလိုသည့်အလား ပိတ်ဖြူများကို
ခင်းကာခင်းကာထားနှင့်ကြလေသည်။ စွယ်တော်မြတ်တင် ဆင်တော်မင်္ဂလာသည်ကား ပိတ်ဖြူများအပေါ်မှနင်းကြွ၍ ဣနြေ္ဒကြီးစွာ လျှောက်လှမ်းလာချေ၏။ သူ့စိတ်၌ ဆင်ဖြစ်ရတာကိုပင်
အရတော်လေစွဟု ထင်နေသည်လားမဆိုသာ၊ အခြားဆင်များပမာ ဘေးဘယ်ညာကိုတောင် ယောင်၍မျှမကြည့်၊ ပကတိကြည်လင်စွာဖြင့် တလှမ်းချင်းလှမ်းလျှောက်လာနေပေတော့၏။
စွယ်တော်မြတ်ကြွရောက်တော်မူလေရာရာ၌ကား ရဟန်းရှင်လူ မည်သူမျှမနေသာ လမ်းဘေးဝဲယာမှ မတ်ရပ်ကာဆီးကြိုကြရပြီးလျှင် လက်အုပ်ချီမိုး၍ အရိုအသေပြုနှင့်ကြလေ၏။
(စာရေးသူ အနေဖြင့်ဆိုရပါမူ ဤမျှတင့်တယ်သိမ်မွေ့လှပသော အဝတ်အစားအပြင်အဆင်နှင့် စွယ်တော်တင် ဆင်တော်မျိုးကို ရှေးကမမြင်ဖူးခဲ့ပါကြောင်း။)
ဆက်ပါဦးအံ့။ ၎င်းဆင်တော် (၃)စီး၏နောက်မှပုဆိုးအဖြူ အင်္ကျီအဖြူ စလွယ်အဝါရောင်ဆင်တူ ဝတ်ဆင်ထားကြသူ (၁၀) ဦးခန့် ကျိုင်းကိုင်ကာလိုက်ပါ လာကြ၏။ သူတို့၏နောက်မှ အပေါ်အောက်အဖြူ
ခါးပတ်အနီနှင့် လှံတော်ကိုင် လူနှစ်ဆယ်ခန့် ၊သူတို့၏နောက်မှတစ်ဖန် ကျိုင်းကိုင် ဆယ်ဦးခန့် ထပ်မံ၍ စီတန်းလိုက်ပါလာကြပြန်လေသည်။ ၎င်းတို့၏နောက်ကိုလှမ်းမျှော်၍ ကြည့်လိုက်သောအခါတွင်----
(ဆက်လက်ဖော်ပြပါမည်)

အရှင်ဝိသာရဒ(ရမ္မာဝတီ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP