ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၅)

(၁)
“ဘုန်းကြီးလျှင် ပုန်းအိပ်” ဟူသည်ကား ဗန်းမော်ဆရာတော်ဘုရားကြီး၏ တစ်ရံခါဆီက မှတ်ချက်ပြုစကား ပေတည်း။ ဆရာတော်ကြီးကား တိုတိုနှင့် ထိအောင် ဆိုတတ်ပါပေစွ။ သူသည်လည်း စကြာဝဠာ ကမ္ဘာမြေ အဆုံးမှာ ပုန်း၍သာ အိပ်နေချင်တော့သည်မှာ အမှန်ပင်ဖြစ်ပါလေတော့၏။ သူရွာလေးသို့ ခြေချမိသည့်ထိုနေ့ ထိုရက်ကသာ သူ့ရွာလေး၏ အမည်သညာကို စွဲ၍ အက်ဖ်တီကေတိုင်းမ်စ်(FTK TIMES) အက်ဖ်တီ ကေပို့စ်(FTK POSTS) အက်ဖ်တီကေထရီးဗြွန်း(FTK TRIBUNES) စသောသတင်းစာကြီးများသာ အပြိုင် ထုတ်ဝေနေကျဖြစ်လျှင် ထိုထိုသတင်းစာကြီးများတွင် သူသည် ပါဆဲင်န် အော့ဖ် သှဒေး(Person of the Day) ဟု ပေါ်ပြူလာပဂေးကြီးဖြစ်လေဟန် ကော်လံအပြည့်ဖော်ပြကြလေမည်မလွဲတည်း။
သို့သော် ပေါ်ပြူလာဆယ်လီဘရစ်တီ(Popular Celebrity)ဟု ညံစီအောင် တိုးဝှေ့၍ ဆွေဆွေမျိုးမျိုး ရွာရိုး ကိုးပေါက် ဆယ်ပေါက် အပေါက်ပေါက်လျှင် သောက်သောက်လဲလဲ တစ်ခဲနက်နက် မိတ်ဆက်ကြ လေသော ကြောင့် သူ့ခမျာမှာ နေစရာ။ထိုင်စရာမရှိအောင်ပင် ကျဉ်းမြောင်းခဲ့ရပါချေ၏။ ကျောင်းမှာ ထိုင်သော် ကျောင်း၊ အိမ်မှာထိုင်သော် အိမ် ။ ကျောင်းနှင့်အိမ် အကြိမ်ကြိမ်ပင် ကူးလူးရွေ့လျား၍ ဆွေစကားမျိုးစကား၊ မြို့စကား တိုင်းစကား နိုင်ငံစကား နိုင်ငံတကာစကား စကြာဝဠာစကား မနားရလေအောင် ချဲ့ကားပြော ဆိုရပေတော့၏။
ထိုမျှဖြင့် ဒုက္ခမပြီးသေး။ တောရွာဓလေ့ ကောင်းပေ့ညွန့်ပေ့ ဆွေမေ့မျိုးမေ့ဘုရာ့ ဟု လျှောက်ထားကပ် လှူကြလေသော ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် မုန့်ဆီကြော် မုန့်ပေါက်ကြော် အလှော်အပြုတ်တို့ကိုလည်း စုံအောင်ပင် အလုပ်အလွေးပြုကာ ဘုန်းပေးရရှာပေသေး၏။ အော် ကြိုက်ခြင်း မကြိုက်ခြင်းဟူသည် သူု့အရေးမဟုတ်၊ သူ့ကျန်းမာရေးနှင့် လျော်သည် မလျော်သည် သူ့အရာမဟုတ်ခဲ့လေပြီ။ ကြိုက်လည်းစား မကြိုက်လည်း စား၊ လျော်လည်း စား မလျော်လည်းစား ရပ်သူရွာသားတို့၏ သဒ္ဓါတရားကိုသာ လုံးလုံးလျားလျား ငံ့ကွက်သနားရပေတော့မည်။ ထို့ကြောင့်ပင် ရှေးရှေးသူတော်ကောင်းတို့သည် အဖော်မမှီး တစ်ကိုယ်တည်း တောရပ်မှီ၍ ဘုန်းကံကြီးမားခြင်း၏ ဒုက္ခတရားကို ရှောင်လွှားကြလေဟန်တည်း။ ခုအခါတွင်ကား ဆယ်လီဘရစ်တီ(Celebrity)ဖြစ်ခြင်း၌ ကံအတိုင်းဖြစ်စေတော့ဟုသာ သူသဘောထားရပေတော့မည်။
ဆိုရသော် ထိုနေ့သည် သူ့နေ့ပင်ဖြစ်တော့၏။ သူ့ရွာကလေးတွင် အများသူငါ အားလပ်ရက်ဟု သတ်မှတ်ကြေငြာထားသည့်ပမာ တောင်ယာလယ်သူ မိလက္ခူဖြစ်သော သူ့အဆွေ သူ့အမျိုးတို့သည်ကား သူ့အကြောင်း သူ့အခြင်းရာကိုသာ လှည့်လည်ကာ ပြောနေကြသောဟူ၏။
(၂)
ဤသည်ပင် သူမနှစ်သက်သော အခြင်းအရာပေတည်း။ သူ့ရည်ရွယ်ချက်ကား ငယ်စဦးကပင် အထူးထူး သောအခြေခံစာကို နာသုံးနာရောယှက်၍ ကျောကိုဗျော တင်ကာ တအုံးအုံးနှက်ခြင်း၊ ငှက်ပျောသီးနှင့် မုံ့ပဲသရေစာ ရှိတာလေးတွေ ထုတ်ကျွေးချော့မော့ခြင်းစသည် စသည် အလီလီသော နည်းတို့ဖြင့် ပညာပေးတော်မူခဲ့သည့် ကျေးဇူးတော်ရှင် ရွာဦးကျောင်းသခင်မြတ်ကို ဂါရ၀ပြုလိုသည်လည်းတစ်ရပ်၊ သာသနာ့ဘောင်အတွင်း သွပ်သွင်းကာ ရှင်သာမဏေ ၀တ်စေခဲ့သည့်နေ့မှ စ၍ ကိုယ်နှင့်မဆိုင် ခွင့်မပိုင်တော့သည်အထိ သာသနာတော့်မျက်နှာကိုသာကြည့်လျက် မျက်ရည်အပြည့်ဖြင့် သားအရင်းအချာကို သဘောထားကြီးစွာ စွန့်လှူခဲ့ကြရှာလေသည့် တစ်နှစ်တစ်ခါမှသာ တစ်ခါတစ်ရံ နှစ်အတန်ကြာမှတစ်ခါ သားရဟန်းမျက်နှာကို ဖူးကြရရှာလေသည့် မိအိုဖအိုတို့ကို တွေ့မြင်လိုသည်လည်း တစ်ရပ်။
ဤအကြောင်းနှစ်ရပ်သည်သာ ဓမ္မဂင်္ဂါရွာပြန်ခရီး၏ နီးသောအကြောင်း ဝေးသောအကြောင်း မနီးမဝေးသော အကြောင်းများပေတည်း။ အပေါင်းအသင်း ငယ်ဖော်ချင်းတို့နှင့်တကွ ဉာတိသင်္ဂဟ ဆွေမျိုးစသည်ကို တွေ့ လိုခြင်းတို့သည်ကား သပိတ်ပါ အိပ်ပါ ခွက်ပါ ကြွပ်ကြွပ်အိပ်ပါ မကင်းသာသော အကြောင်းများဖြစ်ရပေတော့၏။
သူ့အတွေးတွင် ပုံရိပ်ဆင်ထားသည်ကား ငယ်ဆရာသခင်၏ သြ၀ါဒလက်ဟောင်းလေးများကို လမ်းကြောင်း ပေးကာ နာခံရင်း ရွာဦးကျောင်းကန်သာယာတွင် မြို့ပြပညာရေးစိတ်နွမ်းသမျှ အတိုးချအပန်းဖြေမည်။ မိဘနှစ်ပါး၏ အိမ်သေးသေးလေးတွင် ဇိမ်အေးအေးယူကာ မိခင်ဖခင်တို့ လှူကျွေးသမျှကို လူမမယ် ကလေးဘ၀ ကလို အားမနာတမ်း စားမည်။
ငယ်ရွယ်နုနယ်စဉ် မထင်မပေါ် ယခုလို နိုင်ငံခြားပြန်ဆရာတော်ဟု ရပ်သူရွာသားတို့အခေါ် မကျော်ကြားမီ စာသင်သားဘ၀က သူရွာလေးသို့ပြန်လာလေတိုင်း ဖခင်ကြီးကား ထင်းခွဲရေခပ်၊ မိခင်ကြီးကား ထမင်းချက် ဆွမ်းပြင် အမ နှမတွေပင် ကြားမ၀င်သာအောင် လုံ့လသည်းခဲ့ကြရှာပေ၏။ မိခင် ဖခင်တို့၏ ထိုအကြွေးများ အတွက် သူသည်လည်း သာသနာအရေးများကို ယခုလို ဆက်နေရခြင်းဖြစ်ပေ၏။ သာသနာဟူသော ခေါင်းစဉ်ရိုးရိုးကြီးအောက်တွင် တိုးတိုးပေါက်ပေါက် လျှောက်ခဲ့ခြင်းဖြစ်ပါ၏။ သာသနာ့အလုပ်များကို ကျရာနေ ရာက ခပ်ကုပ်ကုပ်ပင် လုပ်ခဲ့ပါချေ၏။
(၃)
မည်သို့ဖြစ်စေ သူ့ရွာပြန်ဒိုင်ယာရီကား ထင်သည်နှင့်မညီဖြစ်ခဲ့ပါလေ၏။
ရွာလေးသည် သူ့အတွက် နေရာကျဉ်းမြောင်းခဲ့လေပြီတည့်။ အမိအဖအိမ်တွင်လည်း သူမငြိမ်၊ ဆရာ့ကျောင်း ကန်တွင်လည်း သူမဟန်။ အတန်တန်သောရွာခံလူထုကိုသာမက ရွာနီးချုပ်စပ် မပြတ် လာကြသော ဧည့်သည် တို့ကိုလည်း ဆိုစများလျား စကားပုံသေဖြင့် နှုတ်ဆက်ရချေ၏တကား။
ခါးလည်းညောင်းလှ၏။ နားလည်းပူလှ၏။ ရွာသူရပ်သား သူ့ဆွေမျိုးများဟူသည် သူ့ငယ်စဉ်ကလေးဘ၀ နှပ်ချေးတွဲလောင်းကျကာ ရှုံ့ရှုံ့မဲ့မဲ တပြဲ့ပြဲ့အော်ငိုသည်မှအစ မာလကာပင်ပေါ်က ပြုတ်ကျသည်အဆုံး၊ မျောက်ရှုံးအောင်ဆော့သဖြင့် ဘုန်းကြီးက တအုံးအုံးဆော်လေဟန် အဖန်ဖန်သောသူ့အကြောင်းကို များများပြောနိုင်လေ များများထင်ပေါ်လေဖြစ်ရကား စကားအတန်တန် ကြံ၍ပင် ပြောကြလေယောင်တကား။
ထိုသို့ဖြင့် သူကိုယ်တိုင်သိသော သူကိုယ်တိုင်မသိသော သူကိုယ်တိုင်မသိချင်တော့သော သူ့ငယ်ကျိုးငယ်နာ တို့ကို သူသည် နားထောင်ရလေသည်တည်း။

ထိုသို့ပင် ရုန်းမထွက်သာအောင် ဘုန်းသမ္ဘာအခက်ဝေနေသည့်အခိုက်မှာပင် သူ့ရင်ဘတ်အား ထိထိခိုက် ခိုက်ဖြစ်စေသော ကမ္ဘာကျော်မဟာအထူးဟု စိတ်ကူးပေါက်ကြလေသော တရားပွဲကြော်ငြာဟန် နိဗ္ဇာန်ဆော် တို့၏ အသံကို ကြားရပြန်ပေတော့၏။
-----------------------------------------------------------------------------
သြ... ဖေဖော်ဝါရီလကုန်ရက်ပဲ။ အိန္ဒိယတစ်ခွင်လုံးမှာတော့ ဟိုးလီလို့ခေါ်တဲ့ ရိုးရာသင်္ကြန်ပွဲ ဆင်နွှဲနေကြပြီ။ ရောင်စုံဆေးတွေနဲ့ ပက်ဖြန်းကြတာပါ။ ခပ်ပျော်ပျော်ဦးဇင်းလေးတစ်ပါးကတော့ ပြောပါတယ်။ အနေအထိုင် ညစ်ပတ်လှတဲ့ ကုလားတွေ ရေမချိုးဘဲ မနေနိုင်အောင် ဆေးတွေနဲ့ ပက်ကြတာတဲ့။ လွန်ခဲ့တဲ့နှစ်ကတော့ ဒီနေ့စွဲဟာ စင်္ကာပူချန်ဂီလေဆိပ်ကနေ အမေ့ရွာကို ပြန်ထွက်တဲ့နေ့ပါပဲ။ ဒိုင်ယာရီမှာ တိုတိုလေး ရေးခြစ်ထားတာ ပြန် ဖတ်ဖြစ်တယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။
(၂၀၀၉-ခှုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် စနေနေ့
အားလုံးပြင်ဆင်ပြီးပြီ၊ အဓိကအနေဖြင့် ဓမ္မဒါနဖြန့်ဝေကြသည့် ဘာသာရေးစာအုပ်များကို ထုပ်ပိုးဖြစ်သည်။ မိတ်ဆွေဟန်းတော်တစ်ပါးက “ နိုင်ငံရပ်ခြားက ပြန်လာတဲ့အခါ သော့ချိတ်လိုမျိုးတွေ လက်ဆောင်ပေးတာ ထက်စာရင် မြန်မာပြည်မှာမရှိတဲ့ စာအုပ်တွေသယ်လာနိုင်ရင် ပိုပြီး တန်ဖိုးရှိပါတယ်”တဲ့။ ဖုန်းကဒ် တစ်ခု ၀ယ်ကာ အရှေ့နှင့် အနောက်သို့ ဖုန်းဆက်ဖြစ်သည်။ တကယ်တော့ သူရောက်နေသည့် နေရာမှ မျက်နှာမူ လိုက်လျှင် နေ၀င်ရာ အရပ်တွေချည်းဖြစ်သည်။်
နေ့ဆွမ်းစားပြီးသည်နှင့်ကျောင်းထိုင်ဆရာတော်ဖြစ်သည့် မိတ်ဆွေရဟန်းကိုနှုတ်ဆက်သည်။ မိတ်ဆွေရဟန်း တော်က သူ့အိမ်ပြန်ခရီးလှပအောင် စီစဉ်ပေးလေသည်။ လေဆိပ်သို့ မင်္ဂလာဝိဟာရ စနေဆွမ်း အလှူ ရှင်များဖြစ်ကြသည့် ဒေါ်ကြည်ကြည်ဝေတို့ ဇနီးမောင်နှံနှင့် ကိုသန့်ဇင်အောင်+မမေသက်စု စုံတွဲက ကားနှစ် စီးဖြင့် လိုက်ပို့ကြသည်။ လေဆိပ်သို့ အသွား ကားပေါ်တွင် ဆွမ်းဒကာမ မေသက်စုမေးသည့် မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြရသေးသည်။ ဒေါ်ကြည်ကြည်ဝေတို့ဇနီးမောင်နှံကလည်း သူ့အတွက် လက်ဆွဲတန်ဆာ အဆင်ပြေစေရန် စီမံပေးကြသည်။
ချန်ဂီလေဆိပ်ထွက်ခွာဆောင်တွင် သီတဂူညီလာခံတက်ရောက်မည့် အမေရိကားမှ သီဟိုဠ်ဆရာတော်ကြီး ဒေါက်တာဂုဏရတနနှင့် အယ်လ်အေမှ မိတ်ဆွေရဟန်းတော်အရှင်အာစာရတို့ကို တွေ့ဆုံရသည်။ ရန်ကုန် လေဆိပ်ရောက်တော့ ကျောင်းမှ စာချဘုန်းကြီးလေးရှင်ရာဇိန်က ဒကာကိုတင်သန်းကားဖြင့် လာကြိုသည်။ ပြန်မရောက်သည့် (၂)နှစ်နှစ်တာအတွက် အလွမ်းပြေသွား၏။ သမိုင်းမြို့မပရိဝုဏ်သည် သူ့အတွက် နွေးထွေးနေတော့သည်။ ညနေခင်းမှာတော့ ထေရ၀ါဒတက္ကသိုလ်ရှိ မိတ်ဆွေရဟန်းတော်များ၏ တံခါးချပ် များကို ခေါက်ဖြစ်လေသည်။)
အင်းတိုက်ဆိုင်မှုပဲလားတော့ မသိဘူး။ မနေ့ကပဲ အိမ်ရှင်က အိမ်အသစ်ရှာပါတော့တဲ့။ နေ့စွဲတစ်ခု ထပ်တိုး ပြန်ဦးပေမပေါ့။ အဲဒီအကြောင်းလေးကိုတော့ ကြုံတဲ့အခါကျမှ “ရဟန်းတစ်ပါးနှင့် အိမ်ငှါးပြဿနာ” ဆိုပြီးရေးဦးမှ။ ဆွာဆတိကနဲ့တော့ ကံမဆုံပြန်ဘူးထင်ပါ့။
်
ဆက်စပ်ဖတ်ရန်
သီတဂူလမ်း
ကိုးန၀င်းမှဆွာဆတိကသို့
များခွင့်ရှိတုန်းများထားရမယ့်နေ့များ

0 comments:
Post a Comment