* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 1, 2010

ရောင်စုံချယ် ဘုန်းဘုန်း။

ဒါဟာ ညနေ မှာ ဆုတောင်း မီးရှို့ ကြမယ့် ထင်းပုံပဲ
ဒီလို ဒီလိုလေး ရောင်စုံချယ် ပျော်ကြမယ်
ဒီလို ဈေးသည်တွေကလည်း ပေါမှပေါ၊
(၁)
ဒီနေ့ ကတော့ ဟိုးလီဒေး ( ho၀li day) လို့ ခေါ်တဲ့ အိန္ဒိယ နိုင်ငံရဲ့ နှစ်သစ်ကူးတဲ့ နေ့ လေးတစ်နေ့ ပါ။ မြန်မာပြည်လို ဆိုရင်တော့ နှစ်သစ်ကူး သင်္ကြန်ကျတာပါပဲ။ ကိုရွှေကုလားများ ဆယ့်နှစ်ရာသီ လုပ်နေတဲ့ ပွဲတော်လေးတွေထဲက အပျော်ဆုံးပွဲတော်လေး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့ မနက်တော့ မိမိလည်း မနက်စောစော အိပ်ရာထဖြစ်ခဲ့တယ်။ သင်တန်းလည်း သွားရမှာမို့ ပါ။ အခန်းအပြင် ဘက်မှာလည်း ကိုရွှေကုလားများက ဆူဆူညံညံ။ ထုံးစံအတိုင်း နံနက်ခင်း တေးသံသာများ စတင်ထုပ်လွှင်.နေကြတာပါ။ အိန္ဒိယ ဘုန်းဘုန်းများ ရဲ့ သည်းခံခြင်း ပါရမီ ဖြည့်ဖတ်တွေမို့  ကျေးဇူး တင်ထိုက်တဲ့ သတ္တ၀ါတွေထဲမှာ သူတို့ လည်း ပါဝင်ပေစွ။

(၂)
ဒီနှစ်သစ်ကူး သင်္ကြန်လေး နီးလာပြီဆိုရင်တော့ လမ်းဘေးဆိုင်လေးတွေမှာ ကြည့်လိုက်ရင် ရေပြွန်လေးတွေ၊ ၀ါ၊ စိမ်း၊ နီ၊ ပြာ ဆေးရောင်စုံ အမှုန့် လေးတွေ စက္ကုခေါင်းစွတ်လေးတွေ ရောင်းနေတာ တွေ့ ရမှာပါ။

မြန်မာ သင်္ကြန်လိုတော့ ရေချည်းပဲ လောင်းကြတာ မဟုတ်ပါဘူး။ ဆေးရောင်စုံ အမှုန့်လေးတွေကို ရေနဲ့ ဖျော်ပြီး တချို့ က လက်နဲ့ အချင်းချင်း လိုက်သုတ်ကြတာပါ။ တချို့ တွေကတော့ ရေပြွန်ထဲ မှာပဲ ထည့်ပြီး လိုက်ပတ်နေကြတာလည်း တွေ့ ရပါတယ်။ ကိုရွှေကုလားများ ဆေးရောင်လေးနဲ့ ဆိုတော့ မြင်ရသူတိုင်း ငေးမောရအောင် ပို့ လို့ လည်း လှသွားတော့တာပါ။ “အဟမ်း အဟမ်း” (သူ့ နိုင်ငံမှာ နေရတာမို့ ဖားပေးရတာ) ကုလားမျက်နှာလေး ဆေးရောင်စုံချယ်ထားတာဆိုတော့ ကိုယ့်ဟာကိုယ်သာ မြင်ရောင်ကြည့်ကြပေတော့။ ကဗျာမပီ၊ စာလည်း မမှီတာမို့  ဖွဲ့ နွဲ့ မပြတတ်တော့ပါဘူး။

ဒီလို နေ့ များဆိုရင် မိမိတို့  နေတဲ့ ဗာရာဏသီရွှေ မြို့ တော်ကြီးလည်း ကားသွား၊ ကားလာ သိပ်မရှိတော့ပါဘူး။ ကျန်တဲ့နေ့ များဆိုရင် လမ်းသစ် တံတားသစ်များ ဆောက်လက်စမို့ ၊ ပြီးတော့ ကိုရွှေကုလားများကလည်း စည်းကမ်းမဲ့ လွန်းတာရယ်ကြောင့် လမ်းမှာ ယာဉ်တွေဟာ ရထားတွဲတွေလိုပဲ ဖြစ်နေတော့တာပါ။ အော်…..မေ့လို့ မြန်မာပြည်နဲ့ မတူတာပြောရအုံးမယ်။ သူတို့ တွေက မြန်မာပြည် သင်္ကြန်မှာလို ကားများနဲ့ မသွားကြပါဘူး။ လမ်းလျှောက်ပြီးတော့ပဲ အုပ်စုဖွဲ့ ပြီး ဟိုနား ဒီနား ပျော်တော် ခရီးဆက်နေကြတော့တာပါ။

(၃)
တစ်နေလုံး ဆေးရောင်များနဲ့  ပျော်ပြီးလို့  ညဘက်များ ရောက်ပြီ ဆိုရင်တော့ လမ်းဆုံ၊ လမ်းခွ လူစည်းကာတဲ့ နေရာလေးတွေမှာ ထင်းပုံတွေကို မီးရှို့ နေတာကိုလည်း တွေ့ ရပါတယ်။ သူတို့ ပြောတာကတော့ မကောင်းတဲ့  အန္တရယ် ဘေးဆိုးတွေကို မီးရှို့ ဖျက်စီးလိုက်တဲ့ သဘောပါပဲတဲ့။ ပြီးတော့ နှစ်သစ်မှာ ပျော်ရွှင်ဖွယ်ရာတွေ နဲ့  တွေ့ ဆုံပါစေလို့ လည်း ဆုတောင်းတော့တာပါ။

မြန်မာပြည် တခြားနေရာတွေမှာတော့ မသိဘူး။ မိမိတို့  မကွေးဘက်မှာတော့ မကောင်းဆိုးဝါးတွေ တောထဲကို နှင်တယ်ဆိုတဲ့ သဘောနဲ့  နှစ်ဆန်းတစ်ရက်နေ့ မှာ လုပ်တက်တဲ့ ဓလေ့လေးတွေ ရှိပါတယ်။ သူတို့ လို မီးရှို့ တာတော့ မဟုတ်ဘူး။ ညနေ့ ရောက်ပြီဆိုရင် ရွာလယ်က အချက်ပေး သံချောင်း ခေါက်သံ ကြားတာနဲ့  ရေပုံးတွေ၊ ဒန်အိုးတွေ၊ တချို့ ဆို အသံမြည်ရင် ပြီးရော သဘောမျိုးနဲ့  တွေ့ တဲ့ ဟာ ဆြွဲပီး စော်တော့တာပဲ။ အဲလို လုပ်ရင် ရွာထဲက မကောင်းဆိုးဝါးတွေ ရွာအပြင် ထွက်ပြေးရောတဲ့။

မကောင်းဆိုးဝါးတွေ အဲဒီနေ့ ရောက်ခါနီးရင်တော့ အပြေးသာ လေ့ကျင့်ကြပေတော့။ မိမိလည်း ငယ်ငယ်က အဒေါ်အနိုင် မသိခင် မီးဖိုထဲက ဒံအိုးအလွတ်များကို ယူပြီး သံတုတ် ကြီးကြီးနဲ့  တီးတော့တာပဲ။ ကလေးဆိုတော့ ဘာရယ်မဟုတ်ဘူး၊ ပျော်ရရင် ပြီးရော ဆိုတဲ့ သဘောလောက်ပဲ။ အဲဒီအချိန်ရောက်ရင်တော့ အိမ်တိုင်း၊ အိမ်တိုင်းက မီးဖိုချောင် သော့ခတ်ထားဖို့ သာပြင်။ မခတ်မိလို့ ကတော့ နောက်နေ့  ဒန်းအိုး၊ ဒန်ခွက် အသစ်ဝယ်ဖို့ သာပြင်ကြပေရော……………..။

(၄)
မိမိလည်း ဒီနေ့ အပြင် သင်တန်းလေး တစ်ခု တက်စရာရှိတာမို့ သင်တန်းကို မဖြစ်မနေ ရောက်အောင် သွားရတော့တာပါ။ လမ်းမှာလည်း ကားတွေ ငှါးရခတ်တာမို့  အရေးဖေါ် ခေါ်နေကြ ကားဒရိုင်ဘာကိုပဲ တောင်းတောင်းပန်ပန် ကြိုတင်ဖုန်းဆက်ပြီး သင်တန်းကို သွားရပါတော့တယ်။ လမ်းမှာလည်း ကားစီးရင်း ကုလားတွေရဲ့ ရောင်စုံအမှုန့် များကို မိမိအပါ် မလူးစေရန် ဂျူမုံ အကွက်များ အဖန်ဖန် သုံးကား ရှောင်ကွင်း ရတော့တာပါ။

အိန္ဒိယနိုင်ငံရဲ့ ဒီလိုမျိုး ဓလေ့ရိုးရာလေးကို မြင်ရတော့ ဘုရားရှင်လက်ထက်က ဆင်တူယိုးမှား ဖြစ်ရပ်ကလေးကိုလည်း သွားသတိရမိတယ်။ ဘုရားရှင်လက်ထက်ကဖြစ်ပုံလေးကိုလည်း မှတ်သွားပါဦး။

(၅)
သာဝတ္ထိမြို့ မှာပါ။ အဲဒီ အချိန်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဇေတ၀န် ကျောင်းတော်မှာ သီးတင်းသုံးနေတာပါ။ မြို့ ထဲမှာတော့ မိုက်မဲတဲ့ လူငယ်လေးတွေ ပွဲတော် ကျင်းပနေကြပါတယ်။ အဲဒီ ပွဲတော်မှာလည်း နွားချေးတွေ၊ ပြာတွေ နဲ့ တစ်ယောက်နဲ့ တစ်ယောက် သုတ်လိမ်းပြီးတော့ မြို့ ထဲမှာ အော်ဟစ်၊ ဆူညံလျှောက်သွားနေကြတော့တာပါ။ ပိုးဆိုးတာက အိမ်တိုင်းရဲ့ တံခါးရှေ့ မှာ ရပ်ပြီးတော့ အိမ်ရှင်က ပိုက်ဆံ ထွက်မပေး၊ မချင်း မကြားဝံ့ မနာသာ အထိပ်တလန့်  ဖြစ်အောင် အော်ဟစ် ပျော်မြူးနေကြတော့တာပါ။
ဘုန်းကြီး၊ ကိုရင် စတဲ့ အရိုအသေ ပေးရမယ့် သူ လာလို့ ရှိရင်လည်း အရိုအသေ မပေး ကြတော့ပါဘူး။ မြို့ ထဲမှာ မူးရူးပြီး သူတို့ ထင်ရာ လုပ်နေကြတော့တာပါ။

တစ်မြို့ လုံးမှာ မြင့်မြတ်တဲ့ စိတ်ထားရှိသူတွေသာ အိမ်မှာ ကျန်ရစ်နေတော့တာပါ။ ရဟန်း သံဃာတွေ ဆွမ်းကွမ်း အတွက်လည်း သူတို့ တွေကပဲ စီစဉ်ကြတော့တာပါ။ သူတို့ က မြို့ ထဲမှာ ရဟန်းတွေ ဆွမ်းခံထွက်ရင် အဲဒီ လူတွေနဲ့ တွေ့ မှာဆိုးလို့  ဘုရားရှင်ကို ဒီလိုတောင်းပန်ရပါတော့တယ်။

“ အရှင်ဘုရား ရဟန်းတွေကို ဒီ ပွဲတော် ခုနှစ်ရက် အတွင်း ဆွမ်းခံ မကြွဖို့ တားမြစ်ပေးပါဘုရား၊ ပွဲတော်ရက်လွန်မှသာလျင် ဆွမ်းခံ ကြွခွင့်ပြုပေးပါ ဘုရား၊ ဒီခုနှစ်ရက်အတွင်းမှာ တပည့်တော်တို့ က ပဲ ဆွမ်း ကိစ္စ တာဝန်ယူ ဆောင်ရွက်ပါရစေဘုရား” ဆိုပြီး သူတို့ က ပဲ စေတနာထက်သန်စွာ ဘုရားရှင်ကို လျှောက်ထားတော့တာပါ။

သူတို့ လျှောက်ထားတဲ့  အတိုင်း ခုနှစ်ရက်အလွန် ရှစ်ရက်မြောက်နေ့ မှာတော့  ဘုရားရှင်ကို “ရဟန်းတွေ မြို့ ထဲ ပြန်ဆွမ်းခံကြွလို့ ရပြီ” ဆိုပြီး နောက်တစ်ခါ ပြန်အလျှောက်မှာတော့ ဘုရားရှင်က ဒီပွဲတော်နဲ့  ပတ်သက်လို့  ဒီလို သုံးသပ်ပြတော့တာပါ။

“ လူတွေဟာ သေခြင်းသဘော၊ မမြဲတဲ့ သဘော၊ ဆင်းရဲခြင်းသဘောတရားတွေကို မေ့ပြီးတော့ ပျော်စရာ အာရုံတွေပဲ လိုက်စားနေကြတော့တာပဲ။ နေရာတိုင်းမှာ သတိတရား လက်ကိုင်ထားဖို့ လိုအပ်တယ်။ တကယ့် အနှစ်သာရ ရှိတဲ့ သဘောတရားတွေ မေ့လျော့ပြီးတော့ မူးယစ်ပျော်ပါးနေမယ်ဆိုရင် ဒါဟာ အပ္ပမာဒတရားကို ပစ်ထားတဲ့သဘောသက်ရောက်တာမို့  အဲဒီလူတွေဟာ လူမိုက်တွေပဲ။ ပညာရှိဆိုတာ ဘယ်တော့မှ အပ္ပမာဒတရားကို ပစ်မထားရဘူး။ နေရာတိုင်းမှာ သတိသံဝေဂဆိုတဲ့ သဘောတရားလေးကို လက်တွေ့ ကျကျ ကိုင်တွယ်အသုံးချတတ်တာ ပညာရှိတွေပဲ။ ဒါကြောင့် သင်တို့ လည်း မေ့လျော့မှုကို အားမထုတ်ကြနဲ့ ။ ကာမအာရုံ အပျော်အပါးတွေနဲ့  ရင်းနှီးအကျွမ်းမ၀င်ကြလေနဲ့ ၊ ဒီလိုမှသာ သင်တို့  ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မြန်မြန်ရောက်လိမ့်မယ်” တဲ့။

ဘုရားရှင်က အဲဒီ ပွဲတော်လေးနဲ့ ပတ်သတ်ပြီး သုံးသပ်ထားတာလေးပါ။

(၆)
သင်တန်းပြီးချိန်မှာတော့ မိမိအဆောင်ကို ရရာကား ငှါးပြီးတော့ပဲ ပြန်လာရတော့တာပါ။ လမ်းပေါ်မှာလည်း ဆေးရောင်စုံ၊။ ကုလားတွေမှာလည်း တကိုယ်လုံး အရောင်းမျိုးစုံ ချယ်လို့ ၊ ပြီးတော့ လှလို့ ၊ ပလို့ ။ တခါတခါ တစ်ယောက်နဲ့ တစ်ယောက် အပြုံးလေးတွေ နဲ့ နှုတ်ဆက်တာကိုလည်း ကြည့်အုံး။ ဖြူတာ ဆို လို့  သွားပဲ မြင်ရတာ။ တချို့ ဆိုရင် သွားတောင်မမြင်ရဘူး။ ကွမ်းစားထားလို့ ။


အဆောင်ရှေ့ရောက်တော့  ကားသမားကို ပိုက်ဆံပေးပြီး အဆင်း။ ဘယ်တုန်းက မိမိကို ချောင်းနေသလဲတော့ မသိပေါင်။ မိမိ ကို လာပြီး ဟတ်ပီး ဟိုးလီ ဆိုပြီး ဆေးရောင်စုံ လာချယ်သတော့တာပါ။ မိမိလည်း ဘာမှမတက်နိုင်။ အလစ်ခံလိုက်ရချေပြီ။ အဆောင်အပေါ်ရောက်မှ သူငယ်ချင်းတစ်ယောက်ကို အမှတ်တရ ဆိုပြီး ကင်မရာ ရှေ့ မှာ အိုင်တင်ကျကျ နေရာယူ အရိုက်ခိုင်းလိုက်တော့တာပါ။ အဲဒီ ဓာတ်ပုံကိုလည်း ဘလော့မှာ တင်မလို့ ဘဲ။ ဒါပေမယ့် ဘလောဂ် လာလည်သူ အားလုံး ပုံကို ကြည့်ပြီး လန့် သွားမှာစိုးသဖြင့် ဝေနေယျ သတ္တ၀ါ အားလုံးကို ငဲ့ညှာလိုက်လေတော့ သတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP