ရက်စက်လွန်းပါသည် အပိုင်း (၂)နှင့် နိဂုံး။
“သည်အပိုင်းအပိုင်း ခွဲခြားထားတဲ့ သစ်သားရုပ်လိုပဲ၊ လူ့ရဲ့ လက်၊ ခြေ၊ မျက်နှာ၊ ကိုယ် အင်္ဂါ တို့ဟာ ပထဝီဓာတ် စတဲ့ ပရမတ္တ တရားတို့နဲ့ မကင်းနိုင်ကြဘူး။ သည်လိုဆိုရင် ပထဝီဓာတ် စတဲ့ အစိတ်အစိတ် တရားတော်တွေထဲက ဘယ်တရား အစိတ်မှာ မိန်းမပဲ ယောက်ျားပဲလို့ သက်ဝင်နိုင်ပါတော့မတုံး”
အရှင်မသည် ဂရုဏာတရား ရှေ့ထားလျက် ဆက်လက် ဟောပြော ဆုံးမ၏။
“နောက်တစ်မျိုး ကြည့်ဦး၊ တိုက်နံရံမှာ အင်တွဲ၊ ဆေးဒါန်း၊ ဟင်္သာ ပြဒါး ဆိုတာတွေနဲ့ လိမ်းကျံပွယ်နွယ် ရေးခြယ်ထားတဲ့ မိန်းမရုပ်၊ သည် မိန်းမရုပ်ပုံကို လူမိန်းမလေလားလို့ ထင်တာဟာ အလဟဿပဲ၊ အကျိုးမရှိဘူး။ မိန်းမရုပ်ပုံကို လူမိန်းမလို့ ထင်တာဟာ မှားယွင်းသလို ခန္ဓာငါးပါးဆိုတဲ့ ပရမတ္တတရား အပုံအစုကို မိန်းမပဲ ယောက်ျားပဲလို့ မှတ်ယူတာဟာလည်း ဖောက်ပြန်မှားယွင်းတဲ့ အရာပဲ ဒါယကာ”
တရားမလိုက် အမှားကြိုက်သော ငမိုက်သားကား သွားလမ်းကို ဆီးဆို့ထားမြဲ ထားသည်။ အရှင်မကလည်း တရားပြမြဲ ဆက်လက် ပြသတော်မူ၏။
“ပညာမျက်စိ အမြင်မရှိ အမောင်လုလင်၊ မျက်လှည့်သမားဟာ လူတကာတို့ရဲ့ မျက်စိအောက်မှာ ဘာပဲညာပဲ ဆိုပြီး ပြသ, သလို အိပ်မက်ထဲမှာ မြင်မက်တဲ့ ရွှေသစ်ပင်လို အမောင်လည်း အနှစ်ကင်းတဲ့ သည်ခန္ဓာ ကိုယ် အတ္တဘောကို ဟုတ်တယ် အနှစ်ရှိတယ် ထင်နေတာပါကလား”
“မောင်မောင် ဒါတွေ မကြားချင်ဘူး၊ ချစ်နှမကိုပဲ မြတ်နိုးတယ်”
သူယုတ်မာက ရှေ့တိုးလာပြန်သောအခါ အရှင်မသည် နောက်သို့ဆုတ်ပေးရင်း “ဒါယကာ၊ ငါ့ဆီက ဘာကို လိုချင်တာတုံး၊ ရှင်းရှင်း ပြောစမ်း၊ ရစေ့မယ်” ဟု မိန့်တော်မူသည်။
“နှမ၊ ချစ်နှမရဲ့ မျက်လုံးတွေက သိပ်ပြီး ချစ်စရာကောင်းတာပဲ၊ သည်မျက်လုံးတွေကို မြင်ရလေလေ ချစ်စိတ်တွေ တိုးပွားလာ လေလေပါပဲကွယ်”
သုဘာဇီဝ ကမ္ဗဝနိကာ ထေရီ အရှင်မသည် မျက်လုံးထဲသို့ လက်ငါးချောင်းဖြင့် ထိုးနှိုက်လိုက်သည်။
“ဒါယကာ၊ သစ်ခေါင်းထဲ ထည့်ထားတဲ့ ချိပ်လုံးနဲ့တူတဲ့၊ ရေပွက်နဲ့တူတဲ့ မျက်လုံးတွေဟာ မျက်ရည်တွေ ပြည့်နေတယ်၊ မျက်လုံးအိမ် အစွန်းနှစ်ဘက်က မျက်ချေးတွေဟာ အဆိပ်နံ့ လှိုင်တယ်၊ ကဲ ဒါယကာ သင်အလိုရှိတဲ့ မျက်လုံးကို ယူပြီး သွားပေတော့”
မိန်းမလိုက်စား လူရမ်းကား ငမိုက်သားမှာ တင်းပုတ်ကြီးဖြင့် ထုနှက်ခံရဘိသို့ တုန်လှုပ် ချောက်ချားသွား၏။ “အရှင်မ၊ အရှင်မ၊ ဒီလို မလုပ်ပါနဲ့၊ ကျွန်တော် တောင်းပန်ပါတယ်” ဟု ကြောက်လန့် တကြားအော်၏။
အရှင်မသည် ငမိုက်သား မြတ်နိုးလှပါသည် ဆိုသော မျက်လုံး တစ်လုံးကို လက်ချောင်းများဖြင့် ဆွဲကော် နှိုက်ထုတ် ပေးလိုက်သောကြောင့်တည်း။ သမင်မ မျက်လုံးနှယ် ချစ်စိတ်ပွားစေသည် ဆိုသော ကိန္နရာမ မျက်လုံးကဲ့သို့ ကာမဂုဏ် မွေ့လျော်လိုစိတ် ထက်သန်စေသည် ဆိုသော မျက်လုံးသည် သွေးပေါက်ပေါက် ကျလျက်၊ အကြောတန်းလန်းဖြင့် သူယုတ်၏ လက်ထဲသို့ ရောက်လာ၏။
မိန်းမလိုက်စား လူရမ်းကားမှာ တဆတ်ဆတ် တုန်နေ၏။ ပြူးကျယ်သော မျက်လုံးများဖြင့် တအံ့တသြ ကြည့်နေရာက ထိုင်ပြီး ရှိခိုးတော့သည်။
“မြတ်သော အကျင့်ရှိတော်မူတဲ့ အရှင်မ၊ အရှင်မ ချမ်းသာပါစေ၊ ဟင်း ချမ်းသာပါစေ၊ ဒါမျိုးကို ကျွန်တော် ကျွန်တော်မျိုး နောက် နောင် မလုပ် မလုပ်တော့ပါဘူး ဘုရား”
တုန်ယင်သော ငိုသံကြီးဖြင့် အကြိမ်ကြိမ် ရှိခိုး၏။ အရှင်မမှာသော်ကား မျက်လုံး၌ တပ်မက်မှု ကင်းသည့်နည်းတူ နာကျင်မှု ဝေဒနာကိုလည်း ခံစားမနေရပေ။
ရိုင်းရိုင်း ကြမ်းကြုတ်သော ခွေးဆိုးကြီးကို အဆူးတပ်သော ကြာပွတ်ဖြင့် ရိုက်ဘိသကဲ့သို့ အထိနာလွန်းသည့် ကာလသားသည် ဦးအထပ်ထပ်ချ၏။ အရှင်မကား တစ်စုံတစ်ရာ မဖြစ်သည့်အလား သူယုတ်အား ကျောပေး ကြွလာတော်မူခဲ့၏။
“ဘာ အာရုံမှာမှ တပ်မက်မှု မရှိတဲ့ အရှင်မကို နှောက်ရှက်မိတဲ့ အတွက် ကျွန်တော်မျိုးမှာ ပြောင်ပြောင်တောက်တဲ့ မီးပုံကြီးကို ဖက်ထားမိသလို ခံစားနေရပါပြီဗျာ့”
မိန်းမလိုက်စား ကာလသား၏ နာကျင်စွာ အော်သံသည် အရှင်မနောက်သို့ ပြေးလိုက်လာ၏။
ခေါက်ခနဲသေအောင် အဆိပ်ပြင်းတဲ့ မြွေပွေး မြွေဟောက်ကို ဖမ်းကိုင်မိသလို ခံစားရပါတယ် ဘုရား။ အမယ်လေး ကြောက်ရွံ့လှပါပြီ၊ အရှင်မ ချမ်းသာပါစေ၊ ကျွန်တော်မျိုးရဲ့ မိုက်မဲမှုကို သည်းခံတော်မူပါ ဘုရား၊ ခွင့်လွှတ်တော်မူပါ ဘုရား”
ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်သည့်သံ ဝေး၍ ဝေး၍ ကျန်ခဲ့၏။
သုဘာဇီဝ ကမ္ဗဝနိကာ ထေရီမြတ်လှ အရှင်မသည် သုံးလောကထွတ်ထား သဗ္ဗုညု မြတ်စွာဘုရားအား အဝေးမှပင် လှမ်းလင့် ဖူးမြင်ရ၏။ ဝမ်းမြောက်စိတ်၊ ကြည်ညိုသဒ္ဓါပွား စိတ်များ ယိုစီး၏။
သုဘာထေရီသည် မြတ်စွာဘုရား၏ ရှေ့တော်သို့ ရောက်လာသည်။ မဝေးလွန်း မနီးလွန်းသောနေရာ၊ လေညာမဟုတ်သော နေရာတွင် ထိုင်ပြီး ရိုသေစွာ ရှိခိုးသည်။ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး အသွယ်သွယ်၊ လက္ခဏာတော်ငယ် ရှစ်ဆယ်တို့ကို ဖူး၍မဝ၊ ကြည်ညို၍ မဆုံး ရှိတော့သည်။ ထိုသို့ ရှိစဉ်ဝယ် သွေးစက်စက် ယိုလျက် ဟောက်ပက်ရှိနေသော မျက်လုံးမှာ အကောင်း ပကတိ ပြန်ဖြစ်သွားလေ၏။
ဘုန်းတော် အနန္တ၊ ကံတော် အန္တဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဘုန်းတော် မေတ္တာတော်ကား ကြီးမား လှပါတကား နှိုင်းယှဉ်၍ မရပါတကား။
သုဘာဇီဝ ကမ္ဗဝနိကာ ထေရီမြတ်လှ အရှင်မသည် အနာဂါမ် တည်ပြီးဖြစ်၏။ ထိုနေရာတွင်ပင် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို ဆက်လက် နာယူရသည်တွင် အာသဝေါ ကင်းသည့် ရဟန္တာ အရှင်မကြီး အဖြစ်သို့ ရောက်တော်မူလေသတည်း။


0 comments:
Post a Comment