* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, March 24, 2010

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ

(ကျေးဇူးရှင် ဆရာတော်ဘဒ္ဒန္တပဒုမ)

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အောက်စုရပ်ကွက်တွင် နေထိုင်သော လယ်လုပ်ငန်းအပြင် နက္ခတ်ဗေဒအတတ်ပညာဖြင့် အသက်မွေးသော ခမည်းတော် ဦးဘိုသောင်နှင့် မယ်တော်ဒေါ်အုံးသင်တို့၏ မွေးချင်းငါးဦးတွင် သားထွေး သားထူးရတနာအဖြစ် (၁၂၈၇)-ခုနှစ် ပြာသိုလပြည့်ကျော် (၃)ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့၏။ ငယ်နာမည်ကို ခမည်းတော်ကိုယ်တိုင် ဇာတာစစ်၍ မောင်စိန်ဝင်း ဟူ၍ မှည့်ခေါ်ခဲ့ပါသည်။
သာသနာဝင်မှတ်တမ်း (၁၈၈၆၅၇)၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် အလောင်းလျာသည် (၁၂၉၇)-ခုနှစ်၊ ဆယ်နှစ်သားအရွယ်တွင် ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ သနပ်ပင်မြို့ ဝိဇယာရာမ မန်းကျောင်းတိုက်ကြီး၏ ဒုတိယမြောက် ဆရာတော်ဘဒ္ဒန္တဝိဇယ ထံ ဥပစ္ဈာယ်ပြုလျှက် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဥပစ္ဈာယ်ဆရာတော်မှ “ရှင်ပဒုမ” ဟု ဘွဲ့ပေးသနားတော်မူခဲ့ပါ၏။ ဆရာတော်လောင်းလျာသည် ရှင်သာမဏေဘဝ ငယ်နုစဉ်ကာလ၌ ဥပစ္ဈာယ်ဆရာသခင်၏ ခြေတော်ရင်းဝယ် သဒ္ဒါ၊ သင်္ဂြိုလ်၊ ဝိနည်း စသော အခြေခံကျမ်းစာများကို အားထုတ်သင်ယူခြင်း၊ လောကီပညာရေးမှာလည်း သတ္တမတန်း အောင်မြင်သည် အထိ သင်ယူဆည်းပူးခြင်းတို့ဖြင့် လောကီ လောကုတ် အကျိုးမယုတ်ရအောင် အားထုတ် ဖြည့်ကျင့်တော်မူခဲ့ပါသည်။ ထိုခေတ်ကာလ၌ သတ္တမတန်းအထိ အောင်မြင်တော်မူခဲ့သေး၏။ ဆရာတော်သင်ယူခဲ့သော လောကီပညာရေးသည် သနပ်ပင်မြို့ရှိ ဒါယကာ၊ ဒါယိကာမများ အတွက်ဟုပင် ဆိုရလိုဖြစ်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သာသနာရေးဌာနတွင် ဦးစားပေး ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်သော (ဘက) ခေါ် ဘုန်းတော်ကြီးသင် ပညာရေး စနစ် ဖြစ်ပါသည်။
ဆရာတော်သည် ရှေးယခင် ကိုရင်ကြီးဘဝနှင့် ရဟန်းငယ်ဘဝတို့တွင် ဘုန်းတော်ကြီးကျောင်း သင်ပညာရေးကို ထူထောင်လျှက် သဒ္ဒါတရားထက်သန်စွာဖြင့် အားကြိုးမာန်တက် ဆောင်ရွက်တော်မူခဲ့ပါည်။ ရွာသစ်၊ ကန်ကုန်း၊ ထောင်မင်းစု၊ ပြွန်ပေါက်စသော ရပ်ကွက်များမှ လူလတ်များသည် ဆရာတော်ဘုရား၏ စီမံဆောင်ရွက်ပေးမှုကြောင့် စာပေတတ်မြောက်ခဲ့ကြပါသည်။

တဆင့်တက်လှမ်း မြတ်ရဟန်း
(၁၃၀၆)-ခုနှစ်တွင် သနပ်ပင်မြို့၊ မဟာဝိဇယာရာမမန်းကျောင်းတိုက် ခဏ္ဍသိမ်တော်၌ တတိယ မြောက် ဆရာတော်နန္ဒမာလာကို ဥပစ္ဈာယ်ပြုပြီး ရွာသစ်ရပ်ကွက်မှ ဦးကြာညွန့်၊ ဇနီး ဒေါ်အုံးရှင်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

ဂန္ထဓူရ မန်းသို့ကြွ
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မိုးတားတိုက်၊ ပဲခူးကျောင်းတွင် သီတင်းသုံးတော်မူပြီး၊ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ပရိယတ္တိပါကဋစာချ အကျော်ဆရာတော်ကြီးများထံ ခိုလှုံ၍ နိဿယည်း အဖုံဖုံကို အာဂုံဆောင်နိုင်ရန် ကျမ်းရိုးပေါက်သင်ယူခြင်း၊ ပထမငယ်-လတ်စာမေးပွဲများကို အောင်မြင်သည်အထိ အားထုတ်တော်မူခဲ့ပါသည်။ ဆရာတော်ပဒုမသည် ဆရာတော်ဘဒ္ဒန္တပုည၊ ဆရာတော်ဘဒ္ဒန္တဝိဇယ၊ ဆရာတော်ဘဒ္ဒန္တဝဇိရဗုဒ္ဓိတို့၏ သွန်သင်ဆုံးမ ညွှန်ပြမှုဖြင့် အောက်ပါ စာမေးပွဲများအောင်မြင်ခဲ့ပါသည်။
၁) အစိုးရပထမငယ်တန်း
၂) အစိုးရပထမလတ်တန်း
၃) ဝိနယာဓိကမဇ္ဈိမပဏ္ဏာသပါရဂူ
ဆရာတော်သည် ပဲခူးမြို့၊ ဝိနယာဓိကအသင်းကြီး၏ မဇ္ဈိမပဏ္ဏာသပါရဂူဘွဲ့ထူးကို အာဒိကမ္မိက ပထမဆုံးအောင်မြင်ခြင်း ဖြစ်ပါသည်။

မန်းမြေ ပဲခူးကျောင်း မှ ပဲခူးတိုင်း၊ သနပ်ပင်မြို့ ရှိ မန်းကျောင်းသို့
နောင်သောအခါ ဆရာသမားများ၏ တာဝန်ပေးချက်အရ ပဲခူးမြို့၊ သနပ်ပင်မြို့ရှိ မန်းကျောင်း တိုက်ကို ပြန်လည် ထိန်းသိမ်း စောင့်ရှောက်တော်မူရန် မန္တလေးမှ ပဲခူးမြို့သို့ ပြန်လည်ကြွတော်မူခဲ့၏။ ထို့နောက် သနပ်ပင်မြို့၊ မန်းကျောင်းတိုက်၏ သာသနာ့တာဝန်များကို ဆက်လက် ထမ်းဆောင်တော်မူခဲ့ပါသည်။

ပရိယတ်မမယ်...သိမှတ်ဖွယ်
ဆရာတော်သည် ကိုယ်တိုင်ပရိယတ္တိကို အခြေခံမှစ၍ သင်ယူတော်မူခဲ့၏။ တပည့်များကိုလည်း ပရိယတ္တိပညာသင်ကြားရေး၌ နည်းပေးလမ်းပြဆုံးမခြင်း စာသင်တိုက်ကြီးများသို့ အပ်နှံပေးခြင်း ပစ္စည်းလေးပါးထောက်ပံ့ခြင်း ဂုဏ်ပြုချီးမြှောက်ခြင်းတို့ဖြင့် ဆရာ့တာဝန် ကျေပွန်တော်မူသော ဆရာတစ်ဆူ ဖြစ်ခဲ့ပါပေ၏။ ထို့ကြောင့် ဆရာတော်၏ ခြေတော်ရင်းတွင် စာတတ်ပုဂ္ဂိုလ်များ အနာဂတ်အတွက် အားထားစရာ အမွေခံတပည့်များအဖြစ် သာသနာ့တာဝန် လက်ဆင့်ကမ်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

သနပ်ပင်မှ ပဲခူး အောင်မင်းခေါင်ကုန်းမြေ သို့
ဆရာတော် ဘဒ္ဒန္တပဒုမ၏ ဒါယကာ၊ ဒါယိကာမများဖြစ်ကြသော ဦးဘသိန်း+ဒေါ်စိန် နှင့် ဦးပါ+ဒေါ်ချစ်တို့က ဆရာတော်အား လွန်စွာကြည်ညိုကြသောကြောင့် ပဲခူးမြို့သို့ ကသစ်ဝိုင်ဝိပဿနာ တရားတော်များကို ဟောကြားပေးပါရန် ပင့်လျှောက်ခဲ့ခြင်းအပြင်၊ ယခင်က (မူလ)ကသစ်ဝိုင်ဆရာတော်ဘုရားကြီး၏ သနပ်ပင် ဓမ္မရိပ်သာတွင် တရားဝင် တရားနာယူထားမှုများကြောင့် ပဲခူးမြို့ အောင်မင်းခေါင်တွင် အချိန်ပိုင်း တရားဟော တရားပြ အဖြစ် သာသနာတာဝန်ကို တဆင့် တက်လှမ်းကာ ထမ်းရွက်တော်မူခဲ့လေသည်။ ထို့ကြောင့် ဆရာတော်သည် အောင်မင်းခေါင်ကုန်းမြေ၏ ကသစ်ဝိုင်ဓမ္မရိပ်သာကြီးတွင် ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဝိပဿနာ ဆရာတော်ကြီး၏ တပည့်ရင်းငါးပါးတွင် တစ်ပါး အပါအဝင် ဖြစ်ခဲ့ပါသည်။ ထိုမှတဆင့် ဆရာတော်ဘဒ္ဒန္တပဒုမသည် ပဲခူးမြို့ အောင်မင်းခေါင်ကုန်းမြေရှိ ကသစ်ဝိုင်ဓမ္မရိပ်သာကို (၁၃၄၆)-ခုနှစ်တွင် ဓမ္မရိပ်သာကြီး၏ သာသနာ့တာဝန် အားလုံးကို လွဲပြောင်း တာဝန်ယူ ဆောင်ရွက်တော်မူခဲ့ပါ၏။

ဆက်လက်ဖော်ပြပါမည်။


(ဆရာတော်ဘဒ္ဒန္တပဒုမသည် (၁၉-မတ်လ-၂၀၀၉)နေ့တွင် ပျံလွန်တော်မူခဲ့ပြီဖြစ်သဖြင့် ယခုဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP