ပြတင်းမှန် ကြည်လင်ခြင်း။
၁)
ကျွန်တော်တို့ အခန်း၏ တစ်ချပ်တည်းသော ပြတင်းမှန်ကို နှင်းငွေ့တွေ ရိုက်ခဲ့တာ လေးလခန့်ကြာပြီ။ အဲသည် ပြတင်းပေါက်မှန်ကို ဖြတ်ပြီး ကျွန်တော်တို့ ဘာဆိုဘာမှ မမြင်ခဲ့ရဘူး ဆိုပါစို့။ ခု နှင်းခဲပျော်ချိန် ရောက်ပြီ။ နှင်းငွေ့တွေဘယ့်နှယ်ရှိကုန်ပြီလဲ ဟူသော စိတ်ကူးဖြင့် ကျွန်တော်တို့ ပြတင်းမှန်ကို ကြည့်လိုက်ကြသည်။ ပြတင်းပေါက်မှန်မှာ နှင်းငွေ့တွေ ငွေ့ရည်ဖွဲ့ဖို့ စိုင်းပြင်းနေတာ တွေ့ရသည်။ ကြည့်ရင်းကြည့်ရင်း ရေသီးကလေးတွေ ဖြစ်လာလိုက်တာ၊ နောက်ဆုံး မှန်ပြင်တစ်ခုလုံး ညီညီညာညာ ပြန့်နှံ့နေသည့် ရေဗြုတ်ကလေးများနှင့် ပြည့်နှက်သွားသည်။
မကြာခင် သူတို့ထဲက အချို့က အချင်းချင်း ပေါင်းစပ်ပြီး အထုပ်အထည်လေး ဖြစ်သွားသည်။ အထုပ်အထည် ကလေးဖြစ်လာတော့ အလေးချိန်ကဲလာပြီး မူလရှိရင်းစွဲ နေရာမှ အောက်သို့ နည်းနည်း လျှောဆင်းသွားသည်။ အောက်သို့လျှောဆင်းလာရင်း နောက်ထပ် ရေသီးကလေး များနှင့် ထပ်မံပေါင်းစုမိသည်။ အလေးချိန်ထပ်ပြီး ကဲလာပြန်သည်။ ထို့ကြောင့် အောက်သို့ နည်းနည်း ထပ်ဆင်းရပြန်သည်။ ထပ်ဆင်းတော့ ရေသီးအသစ်ကလေးများနှင့် ထပ်မံပေါင်းစပ်မိပြန်သည်။ အဲသည်လိုနှင့် ဟိုးအောက်ဆုံးထိကို စုရင်းပေါင်းရင်း ဖြည်းဖြည်းချင်း ဆင်းလာလိုက်တာ ပြတင်းပေါက်ဘောင် ရောက်သည်အထိပင် ဖြစ်သည်။ အထက်မှာတော့ သူတို့တွေစီးဆင်းခဲ့သည့် စွပ်ကြောင်းကလေးများကို အထင်းသား မြင်ကြရသည်။ ကောက်ကောက်ကွေးကွေး မြစ်ကြောင်းကလေးများဟု ပြောတဲ့သူက ပြောသည်။ အဲဒီ စွပ်ကြောင်းကလေးတွေက အချင်းချင်း လက်ချင်းယှက်သွားကြ။ လက်တွဲ ဖြုတ်သွားကြ။ အဲသည်လိုလည်း ကျွန်တော်တို့ တွေ့ရသည်။ နောက်တော့ စွပ်ကြောင်းကလေးတွေက များများလာသည်။ နောက်တော့ စွပ်ကြောင်းအချင်းချင်း လုံးဝထိစပ်မိသွားပြီး ပြတင်းပေါက်မှန်သည် ရေဖြန်းထားသော ကြေးမုံပြင်တစ်ချပ်ကဲ့သို့ ဖြစ်သွားရသည်။
ဒါပေမဲ့ ငွေ့ရည်မဖွဲ့တဲ့ နှင်းငွေ့အချို့ကတော့ အငွေ့ပြန်ကုန်မှာပဲဟု စဉ်းစားနိုင်ပါသည်။ ထိုသို့စဉ်းစားရင်း ကျွန်တော့်တို့၏ အတွေးများ အလျင်စလို အငွေ့ပျံသွားသည်။ သူတို့ ဟိုးကောင်းကင်ထဲ ရောက်သွားမှပဲကိုး။ ဟိုးကောင်းကင်မှာ တစ်ခါငွေ့ရည်ဖွဲ့ကြဦးမှာပဲ။ ငွေ့ရည်ဆိုတာဟာလည်း အိပ်ခ်ျတူးအိုပဲ မဟုတ်လား။ ရေဆိုတာဟာလည်း ဒါပဲမဟုတ်လား။ ရေခဲကရော ဒါပဲမဟုတ်လား။ ဟိုက်ဒရိုဂျင် အက်တမ်နှစ်လုံးက အောက်ဆီဂျင်အက်တမ် တစ်လုံးကို ကိုဗေးလန့်( Covalent) ဘွန်း တစ်ဘွန်းစီနှင့် ၀င်ပေါင်းနေရတာ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အဲဒီကောင်းကင်မှာ လျှပ်တွေပြက်လိုက်၊ မိုးကြိုးတွေပစ်လိုက်၊ နိုက်ထရိုဂျင်တွေ၊ ဖော့်စ်ဖားရပ်စ်တွေ နဲ့ တွေ့လိုက် ဓာတ်ပြုလိုက်။ အီလက်ထရွန်တွေ ပေးလိုက်။ ယူလိုက်။ မျှဝေလိုက်။
ဒါဝင်က ဘယ်လို သီဝရီထုတ်သတုန်း။ အမိုးနီးယား(NH3) ဖော့စ်ဖားရစ်ဆားများ (phosphoric salts) အလင်းရောင်(lights)၊ အပူ (heat)၊ လျှပ်စစ်(electricity) မှသည် အမိုင်နိုအက်ဆစ်(amino acid)ဆီသို့။ ဟုတ်စ။
သူဘာပြောပြော ကျွန်တော်တို့ကိုယ်ထဲမှာ ကာဗွန်ရယ်(C)၊ နိုက်ထရိုဂျင်ရယ် (N)၊ ဟိုက်ဒရိုဂျင်ရယ် (H၊ အောက်ဆီဂျင်ရယ်(0) ပေါင်းပြီး အမိုင်နိုအက်ဆစ်ရယ် (amino acid)လို့ ဖြစ်လာတာ ကျွန်တော်တို့ သိကြသည်။ အမိုင်နိုအက်ဆစ်တွေ အာအန်အေ (RNA) မှာ ကြိုးသီသလို အသီခံရပြီး ပရိုတိန်း (protein) ရယ်လို့ ဖြစ်လာတာ မဟုတ်လား။ ဒီပရိုတိန်းတွေကပဲ တခါ အမိုင်နိုအက်ဆစ် အဖြစ် ပြန်လည်ဖြိုခွဲခံရ။ အစီတိုင်း ကိုအေ (Acetyl Co A) တွေဖြစ်လိုက်။ ဖြစ်လာသည့် ဟာတွေက ခရပ်ဆိုင်ကယ်(Krebs cycle) ထဲဝင်ပြီး အဲဒီကတစ်ဆင့် ဂလိုးကိုစ့် ဖြစ်လိုက်။ ဖက်တီးအက်ဆစ် ဖြစ်လိုက်။ နောက် NADH တွေ ထွက်လာ။ NADH က အောက်ဆီဒေးတစ် ဖော်စဖိုရိုင်လေးရှင်း (oxidative phosphorylation)ထဲ ၀င်ပြီး အီလက်ထရွန်တွေ ပေးလှူလိုက်။ စွမ်းအင်တွေ ထွက်လိုက်။ အဆုံးသတ် အကြွင်းမတော့ ဟောဒီ ပြတင်းမှန်မှာတွေ့နေရသည့် ဟောသည့်ရေလို ရေတွေနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ပဲ ကြွင်းကျန်ရစ်တော့တာ မဟုတ်လား။
တနည်းအားဖြင့် ကျွန်တော်တို့က ကာဘိုဟိုက်ဒရိတ်တွေ၊ ပရိုတိန်းတွေ၊ ဖက်တီးအက်ဆစ်တွေကို စားပြီး ကာဗွန်ဒိုင်အောက်ဆိုင် (C02) ကို စက္ကန့်တိုင်းမှာ ရှူထုတ်နေသည်။ ဆီးမှတစ်ဆင့် ရေ (H2O) နှင့် ယူရီးယား (NH2)2 CO တွေ ပြန်ထုတ်ကြသည်။ ရှင်းရှင်းပြောရလျှင် ကျွန်တော်တို့က နိုက်ထရိုဂျင်တွေ၊ ကာဗွန်တွေ ဟိုက်ဒရိုဂျင်တွေကို စားပြီး ကာဗွန်တွေ နိုက်ထရိုဂျင်တွေ ဟိုက်ဒရိုဂျင်တွေပဲ ပြန်ထုတ်ကြသည် မဟုတ်လား။
နောက်ဆုံးတော့ ကျွန်တော်တို့က ကောက်ချက်ချလိုက်သည်။ ဘာတဲ့။ အကြင် နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရို ကာဗွန်တို့ဟာ သက်ရှိလောက၏ အခြေခံများတဲ့။ ခပ်ကဲကဲ ကမ်မစ်(chemist)များ၏ အလိုအတိုင်း လိုက်ပြောရလျှင် ဟိုက်ဒရိုကာဗွန်များဟာ သက်ရှိများ၏ အခြေခံများ၊ သွယ်ဝိုက်သောအားဖြင့် သက်ရှိများ။
(၂)
ကျွန်တော်တို့ ဟိုက်ဒရိုကာဗွန်တစ်စုသည် ပြတင်းမှန်ကို ဖြတ်၍ အပြင်ဘက်ကို လှမ်းကြည့်ကြသည်။ ရေလွှာချပ်က မှန်ကိုလွှမ်းထားသဖြင့် မှုန်ဝါးဝါးသာ မြင်ရသည်။ ထူနေသော ရေလွှာ ပါးနေသော ရေလွှာတို့ကြောင့် အလင်းတွေ ယိုင်ပြီး အရုပ်ကားတွေက တွန့်တွန့်ကြီးတွေ ဖြစ်ကုန်ကြသည်။ မှိုတက်နေသော ဗီဒီယိုအခွေကို ကြည့်ရသလို ဖြစ်နေသည်။ ဒါကြောင့် ဟိုက်ဒရိုကာဗွန်များက ပြတင်းပေါက်မှန်ကို ဖွင့်ပြီး အ၀တ်စုတ်တစ်ခုနှင့် သုတ်လိုက်ကြသည်။ ယခု ဟိုက်ဒရိုကာဗွန်တစ်စုသည် အပြင်ဘက်ကို ကောင်းကောင်း မြင်နိုင်ပြီ ဖြစ်သည်။ စောစောကလိုတောင် မဟုတ်ဘဲ ကြည်ကြည်လင်လင် မြင်ရပြီ ဖြစ်သည်။
အပြင်ဘက်မှာ ဥဒဟိုသွားလာနေသော ကားများကို မြင်ရသည်။ သူတို့ကို ထိန်းကျောင်းမောင်းနှင်နေတဲ့ ဟိုက်ဒရိုကာဗွန်တွေ ရှိနေမည် ဖြစ်သည်ကိုလည်း ကြည့်နေသော ဟိုက်ဒရိုကာဗွန်များက တွေးဆမိကြသည်။ နောက်တော့ ကားထဲကထွက်လာသော ဟိုက်ဒရိုကာဗွန်များ၊ ကားပေါ်တက်သွားသော ဟိုက်ဒရိုကာဗွန်များ၊ လမ်းလျှောက်နေသော ဟိုက်ဒရိုကာဗွန်များ ကို မြင်နေရသည်။ ဟိုက်ဒရိုကာဗွန်တွေ အချင်းချင်း လက်ချင်းယှက်တွဲသွားကြ။ ကစ်ပေးကြ။ ရင်ချင်းအပ်လိုက်ကြ။ လက်ပြနှုတ်ဆက်ကြ။ အားလုံးကို မြင်နေရသည်။
အားလုံးကို ကျွန်တော်တို့ မြင်နေရသလို ဖြစ်သွားသည်။ သိပ်ပြီးမြင်နေရတော့ ဖွင့်အံချင်လာကြသည်။ သိပ်သိသွားကြတော့ သိပ်ပြီးပြောချင်ကြသည်။ ကျွန်တော်တို့ထဲက ဟိုက်ဒရိုကာဗွန် တစ်ယောက်က လူမှုဘ၀အကြောင်းကို ပြောသည်။ အိမ်ထဲက ထွက်လာတဲ့လူတွေက ကားပေါ်တက်သွားကြ။ ကားပေါ်က ဆင်းလာသည့် လူတွေက အိမ်ထဲဝင်သွားကြ။ ဒါဟာဘ၀ပဲ ဟုအဆိုပြုသည်။ အဲသည်အဆိုပြုချက်ကို အခြားဟိုက်ဒရိုကာဗွန် တစ်ယောက်က သဘောမကျ။ "ခင်ဗျားပြောတာတွေကို ကျွန်တော်နားမလည်ဘူး" ဟု ကန့်ကွက်စကားဆိုသည်။ သူ့ကန့်ကွက်စကားဖြင့် အဆိုပြုသူကို ချောက်ကမ်းပါးဘေးသို့ တွန်းပို့လိုဟန် တူသည်။ တွန်းပို့ခံရသူက ယိမ်းထိုးနေသည်။
"ကျွန်တော်ကပဲ ဥာဏ်မမီတာ ဖြစ်မှာပါလေ"။
ချောက်ထဲ တွန်းချလိုက်သည်။
အချို့ကတော့ သူတို့ကောင်းကောင်း နားလည်လိုက်သည်ဟု ဆိုသည်။ အချို့ကတော့ နားမလည်လိုက်ဟု ဆိုသည်။ အက်တမ်အချင်းချင်း အီလက်ထရွန်တွေကို မျှဝေကြသလို လူသားအချင်းချင်း အချစ်တွေ မေတ္တာကရုဏာတွေ နားလည်မှုတွေ မျှဝေကြသည်။ အဲ့ဒါ လူမှုဘ၀ပဲ ဟု ဆိုသူတွေက ဆိုကြပြန်သည်။ ဒီလိုဝိ၀ါဒတွေ ကွဲနေတုန်း တစ်ယောက်က ကဗျာရွတ်သည်။
"ဟောဟိုက ဟိုက်ဒရိုကာဗွန်တွေ
ဟောတစ်နေရာ ဟောတစ်နေရာ လွင့်နေတာဟာ
မိုးတိမ်တွေ လေတိုက်တိုင်း
လွင့်မြောနေသလိုပဲ"
အဲဒါကို ကြားရတော့ တစ်ယောက်က ဒေါသတကြီး ထအော်သည်။
"ဘယ်မှာတုန်း ခင်ဗျားရဲ့ မိုးတိမ်၊ ဘာမှာတုန်း ဟောတစ်နေရာ ဟောတစ်နေရာ လွင့်နေတယ်ဆိုတာ။ ခင်ဗျားမှာ မျက်လုံးပါရဲ့လား။ အဲဒါဟာ လူတွေ လမ်းလျှောက်နေတာဗျ"
"ဟ၊ ကဗျာ့အခွင့်အရေးကို ခင်ဗျား နားမလည်ဘူးလား။ နားလည်သူတွေက ခွင့်လွှတ်ကြရတယ်။ ခွင့်မလွှတ်လည်း ကဗျာဆရာဟာ သမုတိသစ္စာ ကြိမ်လုံးနဲ့ ရိုက်တာကို ငြိမ်ခံနေဖို့ မလိုဘူး။ ကျုပ်ကလည်း ငြိမ်ခံနေမဲ့ အကောင်မဟုတ်ဘူး"
"ဒါဖြင့် ကဗျာဆိုတာကို ခင်ဗျားဘာပြောမတုန်း။ ကဗျာဆိုတာ ဘာတုန်း။"
"ကဗျာဆိုတာ ဘာတုန်း ဟုတ်လား။ ကျုပ်တို့ ကဗျာစပ်တယ်လေ။ လူတွေက ဖတ်ကြတယ်။ ခံစားကြတယ်။ ချစ်ကြတယ်။ မုန်းကြတယ်။ သနားကြတယ်။ ရွံရှာကြတယ်။ ဒါဟာ ကဗျာပဲ။ ဒီ့ထက်တော့ ကျုပ် ပိုမသိဘူး။ ခင်ဗျားက ပိုသိရင် ပြောပြ။ ကျုပ်ငြိမ်ငြိမ်လေး လက်အုပ်ချီမိုးပြီး နားထောင်မယ်။"
ဟိုက်ဒရိုကာဗွန်များ ဆူညံဆူညံ ဖြစ်လာကြသည်။ သိပ်မြင် သိသွားကြတော့ သိပ်ပြောချင်ကြတာ ဓမ္မတာပဲ။
သူတို့ ရသစာပေဘက် လှည့်သွားကြပြန်သည်။
"ရသစာတမ်းဆိုတာတွေဟာ အလကားပဲ။ အရည်မရ အဖတ်မရတွေပဲ။" ဟု အချို့ကပြောသည်။
"ရသစာတမ်းဟာ ပီတိကိုပေးတယ်။ ရသစာတမ်းက ရနိုင်တာဟာ ပီတိပဲ"
စာပေအကြောင်း ရောက်လာတာနဲ့အမျှ ဟိုက်ဒရိုကာဗွန်များ၏ အသံက ပို၍ဆူညံလာသည်။ စာပေနယ်ဟာ အားအကောင်းဆုံး အသံချဲ့စက် မဟုတ်လား။ နောက်တော့ နိုင်ငံရေးအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ဘာသာတရားတွေ အကြောင်း လှည့်သွားကြသည်။
"ဘာသာတရားဟာ ရှိဖို့ လိုကိုမလိုအပ်ဘူး" ဟု တစ်ယောက်က အဆိုပြုသည်။
"ဘာသာတရားကို ခင်ဗျားက ဘယ်လိုဖွင့်ဆိုလို့တုန်း"
ဝေါဟာရတွေအကြောင်းကို သူတို့ ဆွေးနွေးကြပြန်သည်။ ဒီလောက်အချိန်တိုတို အတွင်းမှာ ဒီလောက်များတဲ့ အကြောင်းအရာတွေကို ဒီလောက်မြန်တဲ့ အရှိန်အဟုန်နှင့် ဆွေးနွေးနိုင်တာ မရှိခဲ့စဖူး။ ဒီလောက်စိတ်ပါလက်ပါ မပြောဆိုခဲ့တာ မှုန်မှိုင်းနေသည့် ဆောင်းရာသီ တစ်လျှောက်လုံး။ ဆောင်းရာသီတစ်လျှောက်လုံး နှံကောင်တွေ တွင်းထဲအောင်းသလို ကျွန်တော်တို့ အောင်းနေကြသည်။ ခပ်မဆိတ်သာ နေခဲ့ကြသည်။ ယခုမှ ကျွန်တော်တို့၏ အသံများကို အစမ်းသဘောနှင့် ထုတ်ကာ အသုံးချကြည့်သည်။ ခေါက်ရှာငှက်လို အသံများ၊ သစ်တောက်ငှက်လို၊ ငှက်တော်လို၊ စာကလေးလို အသံများ ဆူညံနေသည်။ တစ်ယောက်အသံကို တစ်ယောက် နားမခံသာအောင် ဖြစ်နေသော်လည်း ကိုယ်ပြောတဲ့ အသံကိုတော့ ဘယ်သူမှ မလျှော့လိုကြ။ နှစ်ယောက်တတွဲ သုံးယောက်တတွဲ အရှိန်မပျက် ဆက်ပြောနေကြသည်။
သို့သော် အလွန်သေးငယ်သည့် ကာလအတွင်း အသံအားလုံး တပြိုင်တည်း တန့်ရပ်သွားတာမျိုးက ဖြစ်နိုင်သည်။ ထိုသို့သော ရှားရှားပါးပါး ကာလတွင် လူတွေအားလုံး စကားပြောတာတွေ ပြိုင်တူလိုလို ရပ်ဆိုင်းမိပြီး အသံတွေအားလုံး စက္ကန့်ပိုင်းမျှ တိတ်သွားလေ့ ရှိသည်။ ယခုလည်း ဘာအကြောင်းပြချက်မှ မရှိဘဲ ဟိုက်ဒရိုကာဗွန်များအားလုံး စကားပြောတာတွေ ပြိုင်တူရပ်ဆိုင်းမိသွားသည်။ အဲသည်လို ရုတ်တရက် ရပ်ဆိုင်းသည့် စက္ကန့်ပိုင်းအချိန်ကို အခွင့်ကောင်းယူပြီး သတိရှိသော ဟိုက်ဒရိုကာဗွန် ကြီးက ပုံပြင်တစ်ပုဒ်ကို ကမန်းကတမ်း ကောက်ပြောလိုက်သည်။
(၃)
ပါမောက္ခကြီးတစ်ယောက် ၀ပ်ရှော့မှာ ကားသွားပြင်သတဲ့။ ၀ပ်ရှော့ဆရာက ကားပြင်နေရင်း ပုံပြင်တစ်ခုပြောသည်။
"ဆရာ...။ ဆွံ့အ နားမကြား တစ်ယောက်က ဆိုင်ထဲဝင်လာပြီး ဘယ်ဘက် လက်မထောင်ထားတဲ့အပေါ် ညာဘက်လက်သီးနဲ့ ထုတဲ့ ပုံလုပ်ပြတယ်။ ဆိုင်ရှင်က တူနဲ့အိမ်ရိုက်သံကိုထုတ်ပေးလိုက်တယ်။ အဲဒီလိုလုပ်နေတုန်း မျက်မမြင်တစ်ယောက်က ဘီးဝယ်ဖို့ ရောက်လာတယ်။ ဆိုင်ရှင်ကို သူဘယ်လိုလုပ်ပြမယ် ထင်သလဲ"
ပါမောက္ခကြီးက ခေါင်းကို ဘီးနှင့်ဖီးသလို ဆံပင်ကို သပ်ပြသည်။
"မှားတယ်ဆရာ။ မျက်မမြင်က ဆွံ့အနေတာမှ မဟုတ်ဘဲ။ ဘီးတစ်ချောင်းပေးပါလို့ပဲ ပြောတာပေါ့။ ဒီနေ့တစ်နေကုန် ကျွန်တော် ဒီမေးခွန်းကို ထိုင်မေးနေတာဆရာရဲ့"
"ဟုတ်လား..။ တော်တော်များများ မိသွားကြလား။"
"ဟင့်အင်း..။ ဆရာတစ်ယောက်ပဲ မိတယ်။ ဆရာမိမယ်ဆိုတာတော့ ကျွန်တော် ကြိုသိတယ်လေ။ ဆရာက ပါမောက္ခကြီး မဟုတ်လား။"
ပုံပြောသူက သူ့ပုံပြင်ကို အဆုံးသတ်သည်။
အားလုံး ခဏတော့ ငြိမ်သွားကြသည်။ နောက်တော့ ပြန်ဆူလာကြပြန်သည်။ အပြင်မှာနေရောင်ခြည် လင်းနေတာ မြင်နေရသည်။ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အလင်းကို သုံးပြီး သစ်ပင်တွေ အစာချက်လုပ်နေကြသည်။ ဒါအစပဲ ဖြစ်ပါသည်။
ပြတင်းမှန်ကြည်လင်ခြင်းဖြင့် ကျွန်တော်တို့ နွေဦးရာသီကို ဆူဆူညံညံ အစပျိုးလိုက်သည်။ များမကြာမီ ကျွန်တော်တို့ထဲက ဟိုက်ဒရိုကာဗွန် နှစ်ယောက် လက်တွေ့ဘ၀ကို လေ့လာဖို့ အောက်ကိုဆင်းသွားသည်။ ကျွန်တော်သိရသလောက် သူတို့ နှစ်ယောက်ထဲမှာ တစ်ယောက်က ကဗျာဆရာဖြစ်ပြီး တစ်ယောက်က အနာဂတ်ဝါဒီ ဖြစ်လေသည်။ ကြွင်းသည့် သူများအကြောင်းကိုတော့ ကျွန်တော်မသိရ။ သို့မဟုတ်.. သိသော်လည်း ကျွန်တော် ပြောပြချင်စိတ် မရှိ။ သို့မဟုတ်.. မရှိသေး။
အလှတရား

0 comments:
Post a Comment