သုဇာတာထေရီ
သာကေတမြို့၌ သုဇာတာ အမည်ရှိသော သူဌေးသမီးသည် အရွယ်ရောက်လျှင် အမျိုးတူသော သူဌေးသားနှင့် ရကာ လင့်အိမ်သို့ လိုက်ပြီး ချမ်းသာစွာ နေရ၏။ တစ်နေ့သ၌ ဥယျာဉ်သို့ သွား၍ များစွာသော အခြံအရံတို့ဖြင့် ခြံရံလျက် အဝတ်တန်ဆာ နံ့သာ ပန်းပန် လိမ်းကျံ ပြုပြင် တန်ဆာဆင်ကာ ဥယျာဉ်ကစားလေသည်။
သုဇာတာသည် ဥယျာဉ်ကစားပြီး ပြန်လာသောအခါ မြတ်စွာဘုရား သီတင်းသုံးတော်မူသော ‘အဉ္စနဝန’ ကျောင်းတော်သို့ ဝင်၍ မြတ်စွာဘုရားအား ဖူးမြော် ကန်တော့ရသည်။ မြတ်စွာဘုရားသည် အဝတ်တန်ဆာ နံ့သာ ပန်းမန် လိမ်းကျံပြုပြင် တန်ဆာ ဆင်၍ လာသော ထို သူဌေးသမီး၏ ပါရမီဉာဏ် ရင့်ပြီးသည်ကို သိတော်မူပေသည်။
ထို့ကြောင့် ဒါနကထာ အစရှိသော အနုပုဗ္ဗီကထာ ဒေသနာကို ဟောကြားတော်မူပြီး၍ ကလ္လစိတ္တ ဖြစ်သောအခါ သာမုက္ကံသိ ကိုယ်တော်မှ ထုတ်အပ်သော ဓမ္မဒေသနာဖြင့် သစ္စာလေးပါးကို ပြတော်မူ၏။
သုဇာတာသည် ပါရမီဉာဏ် ထက်သန် ရင့်မာခြင်းကြောင့် လည်းကောင်း၊ မြတ်စွာဘုရား၏ တရားဟောပြမှု ကောင်းမွန်တော်မူခြင်းကြောင့် လည်းကောင်း၊ နံ့သာ လိမ်းကျံ ပြုပြင် တန်ဆာဆင်လျက်နှင့် မြတ်စွာဘုရား အပါးဝယ် ထိုင်နေစဉ်ပင် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာ ဖြစ်သွားလေတော့သည်။
စိတ်မှာကား ရဟန္တာ၊ အဝတ်မှာကား လူမိန်းမ အဝတ်ကို ဝတ်လျက်ပင်လျှင် ဆင်သော တန်ဆာတို့ ဆင်မြဲဆင်၍ မြတ်စွာဘုရားကို ရှိခိုးပြီး အိမ်သို့ ပြန်လာသည်။ ထို့နောက် လင်ယောင်္ကျားထံတွင် လည်းကောင်း၊ မိဘတို့ထံတွင် လည်းကောင်း ဝတ္တရား ရှိသည့်အတိုင်း ခွင့်တောင်း၍ မြတ်စွာဘုရား၏ အာဏာတော်ဖြင့် ဘိက္ခုနီ ကျောင်းတိုက်သို့ သွားကာ ရဟန်း ပြုလေသည်။ ဤကား ထေရီမ အထူးတည်း။



0 comments:
Post a Comment