* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 11, 2010

အသက်ရှင်စဉ် စိတ်ဖြစ်ပုံ (၁)

၂၀၁၀ ခုနှစ် မတ်လ ၆ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့ အဘိဓမ္မာသင်တန်းကို ညနေ ၄း၀၀ နာရီ၌ သင်ကြား ပို့ချ၏။


စိန်စည်ဆရာတော်က ဝီထိအကြောင်း ဆိုရိုးများဖြင့်လည်းကောင်း၊ ဥပမာအဖြာဖြာဖြင့်လည်းကောင်း တစ်နာရီကျော် သင်ကြား ပို့ချသွားရာ အရှင်သီလာနန္ဒာဘိဝံသ၏ (၂၃)ပတ်မြောက် အသံသွင်း သင်ခန်းစာကို ယခုအပတ်တွင် မပို့ချဖြစ်တော့ချေ။

ညနေ ၅ နာရီခွဲတွင် သင်တန်းပြီး၍ စနေနေ့တရားပွဲ မစမီ ခေတ္တအနားယူချိန်ရရှိရာ အေဘီဘီအေ ထမနဲပွဲနှင့် ကြုံကြိုက်နေ၍ အဘိဓမ္မာ သင်တန်းသူ သင်တန်းသားအချို့လည်း ထမနဲပွဲ ဝင်ရောက် ဆင်နွှဲလိုက်ကြသေး၏။

ညနေ ၆ နာရီတွင် အေဘီဘီအေ အပတ်စဉ် စနေနေ့ တရားပွဲကို စိန်စည်ဆရာတော်ကပင် ချီးမြှင့် ဓမ္မဒါနပြုလေသည်။







+++++

စိတ်အစဉ်အတန်း စိတ်ဖြစ်ပုံမှာ စိတ်ဝင်စားစရာ ကောင်းလှသဖြင့် အရှင်ပညာသီဟ (သာသနဓဇဓမ္မာစရိယ၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ) ပြုစုသော “သိမှတ်ဖွယ်ရာ အဘိဓမ္မာ”မှ ‘အသက်ရှင်စဉ် စိတ်ဖြစ်ပုံ’ကို အောက်တွင် ဖော်ပြလိုပါသည်။

+++++

အသက်ရှင်စဉ် စိတ်ဖြစ်ပုံ

ကံကြောင့် ဖြစ်လာတဲ့ လောကီဝိပါက်စိတ်၊ စေတသိက်နဲ့ ရုပ်တရားတွေကို “ဥပပတ္တိဘဝ”လို့ ခေါ်တယ်။
ဥပပတ္တိဘဝ တည်ရှိစေဖို့ (အသက်ဆက်လက် ရှင်နေစေဖို့) အမြဲဖြစ်ပေးနေရတဲ့ အရာကတော့ “ဘဝင်စိတ်” ဖြစ်တယ်။
သေပြီးတဲ့နောက် ဘဝအသစ်တစ်ခု ဖြစ်တဲ့အခါ ဘဝရဲ့ အစဦးစိတ် (ပဋိသန္ဓေစိတ်)နဲ့ ဘဝကို ပြန်စရတယ်။

ဘဝရဲ့ အစဦးစိတ် ဖြစ်ပြီးတဲ့နောက်မှာ အဲဒီစိတ်နဲ့ သဘာဝတူတဲ့ ဝိပါက်စိတ်အစဉ်တွေ ဆက်ပြီး ဖြစ်ရတယ်။ ဒါမှ အသက်ဆက်လက် ရှင်သန်နေမယ်။

ဝိပါက်စိတ်အစဉ်ဆိုတာ ကံအရှိန်ရှိနေသေးသမျှ ကာလပတ်လုံး ရုပ်သက် နာမ်သက် အဆက်မပြတ်ရအောင် ဆောင်ရွက်ပေးတဲ့ စိတ်အစဉ် ဖြစ်တယ်။ ဒီ ဝိပါက်စိတ်အစဉ်ကိုပဲ “ဘဝင်စိတ်”လို့ ခေါ်တယ်။

အသက်ရှင်နေတဲ့အချိန် သတ္တဝါတွေမှာ “ဝီထိစိတ်” ဖြစ်ရင်ဖြစ်၊ ဝီထိစိတ် မဖြစ်ရင် “ဘဝင်စိတ်”အစဉ်ပဲ အမြဲမပြတ် ဖြစ်နေတယ်။
ဘဝင်စိတ်ဖြစ်နေတဲ့အချိန်မှာ သတ္တဝါတစ်ဦးဟာ ဘာကိုမှ အထူးအထွေ သိမနေဘူး။
အိပ်ပျော်နေချိန်မှာ ဖြစ်နေတဲ့စိတ်ဟာ ဘဝင်စိတ် ဖြစ်တယ်။
အဲဒီစိတ်ဟာ ဘဝဟောင်းက သေခါနီးမှာ ဖြစ်ခဲ့တဲ့ ဇောစိတ် (မရဏာသန္နဇော)က ယူတဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဆိုတဲ့ အာရုံတွေထဲက တစ်ခုခုကို အာရုံပြုနေတယ်။

ဝီထိစိတ်

နေ့စဉ်ဘဝမှာ မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထု၊ နှလုံးသွင်းမှု၊ အာရုံပြုမှု အစရှိတဲ့ အကြောင်းတရားတွေနဲ့ ပေါင်းဆုံမိတဲ့အခါ ဆိုင်ရာ ဆိုင်ရာ အာရုံတွေအတွက် စိတ်အမျိုးမျိုး ဖြစ်ပေါ်လာတယ်။
အစီအစဉ်အလိုက် တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေတဲ့ အဲဒီစိတ်တွေကို “ဝီထိစိတ်”လို့ ခေါ်တယ်။
ဝီထိစိတ်တွေဟာ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်တွေနဲ့ ပတ်သက်ပြီး သူ့အစီအစဉ်နဲ့သူ ဖြစ်နေတယ်။

သေခါနီးမှာ ဖြစ်တဲ့စိတ် (စုတိစိတ်)၊ ဘဝတစ်ခုရဲ့ အစဦးစိတ် (ပဋိသန္ဓေစိတ်)၊ အသက်ဆက်လက်ရှင်သန်နေစေဖို့ အထောက်အကူပြုပေးနေရတဲ့စိတ် (ဘဝင်စိတ်)တွေဟာ စိတ်အမျိုးအစား တစ်ခုတည်း ဖြစ်တယ်။
အဲဒီစိတ်တွေကို “ဝီထိစိတ်”လို့ မခေါ်ရဘူး။
ဘာကြောင့်လဲဆိုတော့ အဲဒီစိတ်တွေဟာ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ် စတဲ့ အရာဝတ္ထုတွေနဲ့ မပတ်သက်လို့ပဲ။

ဒွါရ - အာရုံ - သိစိတ်

ထင်ပေါ်လာတဲ့ အာရုံတစ်ခုကို အကြောင်းပြုပြီး ဖြစ်သင့်တဲ့ စိတ်တွေ တစ်သုတ်ပြီး တစ်သုတ် ဖြစ်ပေါ်လာတာကို “ဝီထိကျတယ်” (ဝီထိစိတ် ဖြစ်တယ်)လို့ ဆိုတယ်။

ဝီထိစိတ်တစ်ခု ဖြစ်ဖို့အတွက် အကြည်ဓာတ် (ပသာဒရုပ်, ဒွါရ)နဲ့ အာရုံပြုခံရတဲ့ အရာတွေ ရှိရမယ်။
သတ္တဝါတွေမှာ မျက်စိ, နား စတဲ့ ဒွါရခြောက်မျိုး ရှိပြီး အဲဒီ ဒွါရနဲ့ အာရုံပြုရတဲ့ အဆင်းရုပ်၊ အသံ စတဲ့ ပြင်ပအာရုံခြောက်မျိုးလည်း ရှိတယ်။ ဒွါရနဲ့ အာရုံတွေ အသီးအသီး တွေ့ဆုံကြတဲ့အခါ ဆိုင်ရာ ဆိုင်ရာ အသိစိတ်တွေ ဖြစ်ပေါ်လာတယ်။

၁။ မျက်စိ (စက္ခုဒွါရ)၊
၂။ နား (သောတဒွါရ)၊
၃။ နှာခေါင်း (ဃာနဒွါရ)
၎။ လျှာ (ဇိဝှါဒွါရ)၊
၅။ ကိုယ် (ကာယဒွါရ)၊
၆။ စိတ် (မနောဒွါရ) ဆိုတဲ့ အကြည်ဓာတ် (ပသာဒရုပ်)တွေနဲ့ သူတို့ရဲ့ ဆိုင်ရာ အာရုံတွေဖြစ်တဲ့ -

၁။ အဆင်း (ရူပါရုံ)၊
၂။ အသံ (သဒ္ဒါရုံ)၊
၃။ အနံ့ (ဂန္ဓာရုံ)၊
၎။ အဆီသြဇာ (ရသာရုံ)၊
၅။ အတွေ့ (ဖောဋ္ဌဗ္ဗာရုံ)၊
၆။ ကြံသိမှု (ဓမ္မာရုံ)တို့ တွေ့ဆုံကြတဲ့အခါ ထိတွေ့ကြတဲ့အခါ -

၁။ မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်)၊
၂။ ကြားသိစိတ် (သောတဝိညာဉ်စိတ်)၊
၃။ နံသိစိတ် (ဃာနဝိညာဉ်စိတ်)၊
၎။ အရသာသိစိတ် (ဇိဝှါဝိညာဉ်စိတ်)
၅။ ထိသိစိတ် (ကာယဝိညာဉ်စိတ်)
၆။ ကြံသိစိတ် (မနောဝိညာဉ်စိတ်)ဆိုတဲ့ အသိစိတ်တွေ အမျိုးမျိုးဖြစ်ပြီး သတ္တဝါတွေဟာ အာရုံအမျိုးမျိုးကို ခံစားကြတယ်။

ဝီထိစိတ်အမျိုးမျိုး

ဒွါရ၊ အာရုံနဲ့ နှလုံးသွင်းမှုအပေါ် မူတည်ပြီး သက်ဆိုင်ရာ “ဝီထိစိတ်” အမျိုးမျိုး ဖြစ်ရတာမို့ ဖြစ်ရာဒွါရအပေါ် အခြေခံပြီး ဝီထိစိတ်တွေကို အမည်အမျိုးမျိုး ပေးနိုင်တယ်။

၁။ မျက်စိမှာ ရုပ်အဆင်းအာရုံ ထင်လာတဲ့အခါ အဲဒီ ရုပ်အဆင်းကို အာရုံပြုတဲ့ စိတ်အစဉ်ဟာ မျက်စိနဲ့ဆိုင်တဲ့ စိတ်အစဉ် (စက္ခုဒွါရဝီထိစိတ်) ဖြစ်တယ်။ စက္ခုဒွါရဝီထိမှာ ပါတဲ့ စိတ်သေးစိတ်မွှားအင်္ဂါရပ်တွေကတော့ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ တို့ ဖြစ်တယ်။

၂။ နားမှာ အသံဝင်လာတဲ့အခါ နားနဲ့ဆိုင်တဲ့ စိတ်အစဉ် (သောတဒွါရဝီထိစိတ်) ဖြစ်တယ်။ သောတဒွါရဝီထိမှာ ပါတဲ့ စိတ်သေးစိတ်မွှားအင်္ဂါရပ်တွေကတော့ ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဉ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ တို့ ဖြစ်တယ်။

၃။ နှာခေါင်းမှာ အနံ့ဝင်လာတဲ့အခါ နှာခေါင်းနဲ့ဆိုင်တဲ့ စိတ်အစဉ် (ဃာနဒွါရဝီထိ) ဖြစ်တယ်။ ဃာနဒွါရဝီထိမှာ ပါတဲ့ စိတ်သေးစိတ်မွှားအင်္ဂါရပ်တွေကတော့ ပဉ္စဒွါရာဝဇ္ဇန်း, ဃာနဝိညာဉ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ တို့ ဖြစ်တယ်။

၎။ လျှာမှာ အရသာနဲ့ တွေ့ထိတဲ့အခါ လျှာနဲ့ဆိုင်တဲ့ စိတ်အစဉ် (ဇိဝှါဒွါရဝီထိ) ဖြစ်တယ်။ ဇိဝှါဒွါရဝီထိမှာ ပါတဲ့ စိတ်သေးစိတ်မွှားအင်္ဂါရပ်တွေကတော့ ပဉ္စဒွါရာဝဇ္ဇန်း, ဇိဝှါဝိညာဉ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ တို့ ဖြစ်တယ်။

၅။ ကိုယ်မှာ တွေ့ထိစရာနဲ့ကြုံတဲ့အခါ ကိုယ်နဲ့ဆိုင်တဲ့ စိတ်အစဉ် (ကာယဒွါရဝီထိစိတ်) ဖြစ်တယ်။ ကာယဒွါရဝီထိမှာ ပါတဲ့ စိတ်သေးစိတ်မွှားအင်္ဂါရပ်တွေကတော့ ပဉ္စဒွါရာဝဇ္ဇန်း, ကာယဝိညာဉ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ တို့ ဖြစ်တယ်။

၆။ စိတ်နဲ့ တစ်ခုခုကို ကြံစည်တဲ့အခါ စိတ်နဲ့ဆိုင်တဲ့ စိတ်အစဉ် (မနောဒွါရဝီထိစိတ်) ဖြစ်တယ်။ မနောဒွါရဝီထိမှာ ပါတဲ့ စိတ်သေးစိတ်မွှားအင်္ဂါရပ်တွေကတော့ မနောဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ တို့ ဖြစ်တယ်။

ဖော်ပြခဲ့တဲ့ ဝီထိစိတ်တွေကို လေ့လာကြည့်ရင် ဝီထိစိတ်တစ်ခုနဲ့ တစ်ခုကို ထူးခြားစေတာကတော့ ဝိညာဉ်စိတ်တွေပဲ ဖြစ်တယ်။
ဒါကြောင့် ဒွါရနဲ့ အာရုံတို့ တွေ့ဆုံလို့ ဝီထိစိတ်ဖြစ်တာကို ရှင်းပြတဲ့အခါ မျက်စိနဲ့ အဆင်း တွေ့ဆုံလို့ ဖြစ်ပေါ်တဲ့ ဝီထိစိတ်ကို ရှင်းပြရင် ကျန်တဲ့ နား, နှာခေါင်း, လျှာ, ကိုယ်တွေမှာ ဖြစ်တဲ့ ဝီထိစိတ်တွေကိုလည်း နားလည်ပြီးသား ဖြစ်သွားမယ်။

မြင်တဲ့အခါ စိတ်အစဉ် ဖြစ်ပုံ

အရာဝတ္ထုတစ်ခုခုကို မြင်တဲ့အခါ စိတ်အစဉ် (ဝီထိစိတ်) ဖြစ်ပုံကို အောက်မှာ ဖော်ပြထားတဲ့အတိုင်း တွေ့ရမယ်။

ထင်ရှားတဲ့ အာရုံကို မြင်တဲ့အခါ မျက်စိ (စက္ခုဒွါရ)မှာ ဖြစ်တဲ့ မြင်သိစိတ်ဖြစ်ပုံ အစီအစဉ် (အတိမဟန္တာဝီထိပုံစံ)

အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဇောစိတ် (၇)ခါ ---› တဒါရုံ (၂)ခါ” ---› ဘဝင် ---› ဘဝင် …..

“ --------- ” အတွင်းမှာ ရှိတဲ့ စိတ်တွေပဲ ဝီထိစိတ်တွေ ဖြစ်ပြီး လတ်တလော ချက်ချင်း ထင်လာတဲ့ အဆင်းရုပ်ကို အာရုံပြုတယ်။
အပြင်ဘက်က စိတ်တွေကတော့ ဘဝင်စိတ်တွေပဲ ဖြစ်တယ်။
ဝီထိစိတ်အစဉ်ထဲက အင်္ဂါရပ်တွေကို တစ်ခုစီ လေ့လာကြည့်ရင် -

အတီတဘဝင်

မျက်စိအကြည်ဓာတ်မှာ ရုပ်ပုံထင်လာတဲ့အခါ ရုပ်ပုံလွှာမထင်မီအချိန်က ဖြစ်ခဲ့တဲ့ ငြိမ်သက်နေတဲ့ စိတ်ကို “အတီတဘဝင်စိတ်”လို့ ခေါ်တယ်။

မျက်စိအကြည်ဓာတ်မှာ ရုပ်ပုံထင်လာတာကြောင့် ငြိမ်နေတဲ့ ဘဝင်စိတ်ဟာ လှုပ်ရှားသွားတယ်။ အဲဒီ ဘဝင်စိတ်ဟာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဆိုတဲ့ အာရုံတွေထဲက တစ်ခုခုကို အာရုံပြုနေဆဲမှာ ထင်လာတဲ့ အာရုံအသစ်ကြောင့် ပြုနေဆဲဖြစ်တဲ့ အာရုံကို စွဲစွဲမြဲမြဲလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်သေးဘဲ ပင်ကိုယ်သဘောက ဖောက်ပြန်ပြီး (၂)ကြိမ် လှုပ်ရှားသွားတယ်။ ဒီလို လှုပ်ရှားသွားတဲ့ ဘဝင်စိတ်ကို “ဘဝင်္ဂစလန”လို့ ခေါ်တယ်။

ဘဝင် ဘာ့ကြောင့်လှုပ်

မျက်စိအကြည်ဓာတ် (စက္ခုပသာဒ)မှာ ရုပ်အဆင်း (ရူပါရုံ) ထင်ခါနီး ဘာကြောင့် (ဟဒယဝတ္ထုရုပ်ကို မှီပြီး ဖြစ်တဲ့) ဘဝင်စိတ်က လှုပ်ရသလဲ ဆိုရင် -

မျက်စိအကြည်ဓာတ်ဟာ မျက်လုံးအိမ်အတွင်း ရှိပြီး ဟဒယဝတ္ထုက ရင်ချိုင့်အတွင်းမှာ ရှိတယ်။ အဲဒီလို ဖြစ်တည်တဲ့ နေရာချင်း အလှမ်းဝေးပေမယ့် မျက်စိအကြည်ဓာတ်မှာ အဆင်းရုပ်ပုံ ထင်လာတဲ့အခါ မနောဒွါရဆိုတဲ့ ဘဝင်စိတ်မှာလည်း အဆင်းရုပ်ပုံ တပြိုင်တည်း ထင်လာတယ်။

ဥပမာ - ငှက်တစ်ကောင် သစ်ပင်ပေါ် နားတဲ့အခါ သစ်ပင်ဖျားကို ငှက်ထိလိုက်တာနဲ့ အောက်မြေပြင်မှာလည်း ငှက်ရဲ့အရိပ် ထင်သွားသလို ဖြစ်တယ်။

နောက်ဥပမာတစ်ခုက စည်ရဲ့ မျက်နှာပြင်တစ်ဘက်ကို ပုတ်ခတ်လိုက်တဲ့အခါ အစဉ်ဆက်ပြီး သားရေကြိုးလွန်းတွေ လှုပ်သွားလို့ တခြား စည်မျက်နှာပြင်တစ်ဘက်မှာ နားနေတဲ့ ယင်ကောင်ဟာ ပျံသွားသလိုပဲ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာတဲ့အခါ မျက်စိအကြည်ဓာတ်ရဲ့ မှီရာ မဟာဘုတ်ရုပ်ကနေ ဘုတ်ချင်းဆက်ကာ အစဉ်အတိုင်း ထိခိုက် လှုပ်ရှားပြီး ဟဒယဝတ္ထုနဲ့ ဆက်စပ်နေတဲ့ မဟာဘုတ်ရုပ်အထိ ဆိုက်ရောက်လာတယ်။ ဒီနောက် မဟာဘုတ်ရုပ်ကို မှီတဲ့ ဟဒယဝတ္ထုရုပ်က လှုပ်လို့ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်ရတဲ့ ဘဝင်စိတ်လည်း လှုပ်သွားတယ်။

နောက်ဥပမာတစ်ခုက စည်မျက်နှာပြင်တစ်ခုအပေါ်မှာ သကာခဲနှစ်ခု တင်ထားတယ်။ သကာခဲတစ်ခုပေါ်မှာ ယင်ကောင်နားနေတဲ့အခိုက် တခြားသကာခဲကို လက်နဲ့ပုတ်လိုက်ရင် ယင်ကောင်ဟာ လှုပ်ရှား ပျံသွားတယ်။ အကြောင်းကတော့ သကာခဲနှစ်ခုစလုံး စည်မျက်နှာပြင်တစ်ခုတည်းမှာ ရှိနေပြီး ပုတ်ခတ်မှုအရှိန်က ယင်ကောင်နားတဲ့ သကာခဲကိုလည်း သက်ရောက်သွားလို့ပဲ။

ဒီလိုပဲ သက်ဆိုင်ရာ အကြည်ဓာတ်ရုပ်တွေနဲ့ ဘဝင်စိတ်ရဲ့မှီရာ ဟဒယဝတ္ထုရုပ်တို့ တည်နေရာဟာ အရပ်ချင်း မနီးကပ်ပေမယ့် ဓာတ်သဘာဝအနေနဲ့ တစ်စပ်တည်း ဖြစ်နေကြလို့ မျက်စိအကြည်ဓာတ် စတဲ့ ရုပ်တွေမှာ အာရုံထင်လာတဲ့အခါ ဟဒယဝတ္ထုရုပ်ကို မှီပြီး ဖြစ်တဲ့ ဘဝင်စိတ်လည်း လှုပ်သွားတယ်။

အာရုံအသစ် မထင်ခင် ဖြစ်နေနှင့်တဲ့ ဘဝင်စိတ်အစဉ်ဟာ အာရုံအသစ် ဝင်လာတာနဲ့တပြိုင်နက် အစဉ်ရပ်ပြီး ချက်ချင်း ပြတ်မသွားနိုင်ဘူး။
ဒါကြောင့် ဘဝင်နှစ်ကြိမ်အထိ လှုပ်ပြီးမှ ပြတ်သွားတယ်။ ဥပမာ - ပြေးနေတဲ့သူဟာ ရုတ်တရက် ရပ်လိုတဲ့အခါ ချက်ချင်း မရပ်နိုင်သေးဘဲ အရှိန်နဲ့ နှစ်လှမ်း သုံးလှမ်း လွန်သွားသလိုပဲ။

ဘဝင်္ဂုပစ္ဆေဒ

နှစ်ကြိမ်လှုပ်တဲ့ ဘဝင်ထဲက ဒုတိယအကြိမ် လှုပ်တဲ့ ဘဝင်စိတ်ဟာ “ဘဝင်”လို့ အမည်ရတဲ့ စိတ်အစဉ်ကို ပြတ်စဲစေတယ်။ ဒါကြောင့် ဒုတိယအကြိမ်လှုပ်တဲ့ ဘဝင်စိတ်ကို “ဘဝင်္ဂုပစ္ဆေဒ”လို့ ခေါ်ရတယ်။
ဘဝင်စိတ် ဒုတိယအကြိမ်လှုပ်ပြီးတဲ့နောက် ဘဝင်အစဉ်ကို ဖြတ်တောက်ပြီး ထင်လာတဲ့ အာရုံအသစ်ကို ဆင်ခြင်သလိုဖြစ်တဲ့စိတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်) ဖြစ်တယ်။
ဘဝင်စိတ်အစဉ်ကို ဖြတ်တဲ့တရားဟာ အာဝဇ္ဇန်းစိတ်ဖြစ်လို့ အာဝဇ္ဇန်းစိတ်ကိုပဲ ဘဝင်္ဂုပစ္ဆေဒလို့ ယူဆကြတာလည်း ရှိသေးတယ်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရဲ့ နောက်မှာ -
ရုပ်အဆင်းကို မြင်တဲ့ မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်)၊
ရုပ်အဆင်းကို လက်ခံတဲ့စိတ် (သမ္ပဋိစ္ဆိုင်းစိတ်)၊
ရုပ်အဆင်းကို ဘာပါလိမ့်လို့ စုံစမ်းတဲ့စိတ် (သန္တီရဏစိတ်)
ရုပ်အဆင်းကို ရုပ်အဆင်းအမှန်လို့ ဆုံးဖြတ်တဲ့စိတ် (ဝုဋ္ဌောစိတ်)၊
အာရုံရဲ့အရသာကို ခံစားတဲ့စိတ် (ဇောစိတ်)၊
ခံစားပြီးတဲ့ အာရုံကို ထပ်ပြီး ယူတဲ့စိတ် (တဒါရုံစိတ်)တို့ အစဉ်အတိုင်း ဆက်ကာ ဆက်ကာ ဖြစ်ပြီးတဲ့နောက် ဘဝင်စိတ် ဆက်ဖြစ်တယ်။

အာဝဇ္ဇန်း

ဆင်ခြင်တာကို “အာဝဇ္ဇန်း”လို့ ခေါ်တယ်။
အာရုံအသစ်တစ်ခု ဝင်ရောက်လာတဲ့အခါ ဘာပါလိမ့်လို့ ဆင်ခြင်တာဟာ အာဝဇ္ဇန်းစိတ်ရဲ့ လုပ်ဆောင်ချက် ဖြစ်တယ်။
ဝီထိစိတ်မဖြစ်မီ ဘဝင်စိတ်တွေ မပြတ်ဖြစ်နေကြတယ်။ အဲဒီအခိုက် အာရုံအသစ်တစ်ခု ဝင်ရောက်လာတဲ့အခါ ဘဝင်စိတ်အစဉ်ကို ရပ်တန့််စေတာဟာလည်း အာဝဇ္ဇန်းရဲ့ လုပ်ဆောင်ချက်ပဲ။

မျက်စိ, နား အစရှိတဲ့ ဒွါရာငါးခုမှာ ဖြစ်တဲ့ ဆင်ခြင်မှုကို “ပဉ္စဒွါရာဝဇ္ဇန်းစိတ်”၊ စိတ်မှာဖြစ်တဲ့ ဆင်ခြင်မှုကို “မနောဒွါရာဝဇ္ဇန်းစိတ်”လို့ မှတ်သားရမယ်။

သမ္ပဋိစ္ဆိုင်း

အာရုံတစ်ခု ဝင်ရောက်လာတဲ့အခါ ဘာပါလိမ့်လို့ ဆင်ခြင်ပြီး စက္ခုဝိညာဉ်စသည်က ယူထားတဲ့ အာရုံကိုပဲ လွှတ်မပစ်လိုက်သေးဘဲ လက်သင့်ခံထားသလို ဖြစ်တာဟာ သမ္ပဋိစ္ဆိုင်းရဲ့ ဆောင်ရွက်မှု ဖြစ်တယ်။

၁။ မကောင်းမှုရဲ့ အကျိုးဆက်ဖြစ်ပြီး အလယ်အလတ်ခံစားမှုရှိတဲ့ သမ္ပဋိစ္ဆိုင်းစိတ်။
၂။ ကောင်းမှုရဲ့ အကျိုးဆက်ဖြစ်ပြီး အလယ်အလတ်ခံစားမှုရှိတဲ့ သမ္ပဋိစ္ဆိုင်းစိတ်လို့ သမ္ပဋိစ္ဆိုင်းစိတ် နှစ်မျိုး ရှိတယ်။

သန္တီရဏ

သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံတဲ့ အာရုံကို ကောင်းသလား, မကောင်းဘူးလား, ဘာပါလိမ့်လို့ စုံစမ်း ချိန်ဆတာဟာ “သန္တီရဏစိတ်”ရဲ့ လုပ်ဆောင်မှု ဖြစ်တယ်။

၁။ ကောင်းမှုရဲ့ အကျိုးဆက်ဖြစ်ပြီး နှစ်သက်ဝမ်းသာတဲ့ ခံစားမှုသဘောရှိတဲ့ သန္တီရဏစိတ်၊
၂။ ကောင်းမှုရဲ့ အကျိုးဆက်ဖြစ်ပြီး အလယ်အလတ်ခံစားမှုသဘောရှိတဲ့ သန္တီရဏစိတ်၊
၃။ မကောင်းမှုရဲ့ အကျိုးဆက်ဖြစ်ပြီး အလယ်အလတ်ခံစားမှုသဘောရှိတဲ့ သန္တီရဏစိတ်လို့ သန္တီရဏစိတ် (၃)မျိုး ရှိတယ်။

ဝုဋ္ဌော

သန္တီရဏစိတ်က စုံစမ်းပြီးတဲ့နောက် အာရုံတစ်ခုကို ကောင်းတယ်, မကောင်းဘူးလို့ ဆုံးဖြတ်တာဟာ ဝုဋ္ဌောစိတ်ရဲ့ လုပ်ဆောင်ချက် ဖြစ်တယ်။

စက္ခုစတဲ့ ဒွါရငါးခုမှာ ဖြစ်တဲ့ ဝီထိစိတ်တွေမှာတော့ ဝုဋ္ဌောစိတ်ကို “မနောဒွါရာဝဇ္ဇန်း”လို့ မှတ်ယူရမယ်။

ရှေးဘဝတွေတုန်းက ပြုခဲ့တဲ့ ကောင်းမှုကြောင့် ခုဘဝမှာ ကောင်းတဲ့အဆင်း, ကောင်းတဲ့အသံ, အနံ့, အရသာ, အတွေ့အထိ အာရုံတွေကို တွေ့ကြုံခံစားကြရတယ်။
ဒီလို ကောင်းတဲ့ အာရုံတွေနဲ့ တွေ့ကြတဲ့အခါ ကောင်းတဲ့အာရုံမှာ ဖြစ်နေတဲ့ စိတ်အစဉ်ထဲက ဇောစိတ်မှတပါး အခြား မြင်သိစိတ်(စက္ခုဝိညာဉ်စိတ်) စတဲ့ ဝီထိစိတ်တွေဟာ ကာမဝိပါက်စိတ်နဲ့ အဟိတ်ကုသလဝိပါက်စိတ်တွေ ဖြစ်တယ်။

ရှေးဘဝတုန်းက ပြုခဲ့တဲ့ မကောင်းမှုကြောင့် ခုဘဝမှာ မကောင်းတဲ့ အာရုံနဲ့ တွေ့တဲ့အခါ ဇောစိတ်မှတပါး မြင်သိစိတ်စတဲ့ ဝီထိစိတ်တွေဟာ အဟိတ်အကုသလဝိပါက်စိတ်တွေ ဖြစ်တယ်။

အလယ်အလတ်ဖြစ်တဲ့ (မကောင်း, မဆိုး) အာရုံ, ကောင်းတဲ့ အာရုံတွေကို တွေ့တဲ့အခါ အဲဒီအာရုံတွေကို ခံစားတဲ့ ဝီထိစိတ် (စိတ်အစဉ်)ထဲက သန္တီရဏစိတ်နဲ့ တဒါရုံစိတ်တွေဟာ အလယ်အလတ်ခံစားမှု (ဥပေက္ခာဝေဒနာ)နဲ့အတူ ဖြစ်တယ်။
အလွန်ကောင်းတဲ့ အာရုံနဲ့တွေ့တဲ့အခါ အဲဒီစိတ်တွေဟာ နှစ်သက်မှု (သောမနဿဝေဒနာ)နဲ့အတူ ဖြစ်တယ်။

ဘယ်အာရုံ အကောင်းဆုံးလဲ

အာရုံတစ်ခုကို ကောင်းတယ်, မကောင်းဘူးလို့ ဆုံးဖြတ်ရာမှာ ဘယ်ဟာက ကောင်းတယ်, ဘယ်ဟာက မကောင်းဘူးလို့ အတိအကျ ဆုံးဖြတ်လို့ မရနိုင်ဘူး။
ဘာကြောင့်လဲဆိုတော့ အာရုံကို တွေ့ထိခံစားတဲ့ ပုဂ္ဂိုလ်, အကျိုးပေးစိတ်, ဒွါရ, အချိန်ကာလ, အဆင်း, အနံ့ အစရှိတဲ့ အရာတွေအပေါ် မူတည်ပြီးတော့ ကောင်းတယ်, မကောင်းဘူးဆိုတာ ကွဲပြားနိုင်လို့ပဲ။

ဆင်းရဲသားတစ်ယောက်အတွက် ကောင်းတယ်လို့ မှတ်ယူထားတဲ့ အရာဝတ္ထုတစ်ခုကို ချမ်းသာတဲ့သူအတွက် ကောင်းတဲ့အရာဝတ္ထု ဖြစ်ချင်မှ ဖြစ်မယ်။ ဒါကြောင့် အရာဝတ္ထုတစ်ခုကို ကောင်းတယ်, မကောင်းဘူးဆိုတာကို အလယ်အလတ်တန်းစား ပုဂ္ဂိုလ်တွေရဲ့ အနေအထားကနေ ကြည့်မှ မှန်ကန်မှု ပိုမို နီးစပ်နိုင်တယ်။

ရှေးရှေးဘဝတုန်းက ပြုလုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဝိပါက်စိတ်ရဲ့ ကွားခြားချက်အရ တစ်ခါတရံ ကောင်းတဲ့အာရုံနဲ့ တွေ့ပေမယ့် မကောင်းတဲ့အနေနဲ့ ခံစားတတ်တယ်။ မကောင်းတာကို တွေ့ပေမယ့် ကောင်းတဲ့အနေနဲပ ခံစားတတ်ပြန်တယ်။

ကာယဒွါရနဲ့ တွေ့ထိတဲ့အခါ မစင်စတဲ့ အညစ်အကြေးတွေမှာ ပျော့အိတဲ့ အတွေ့အထိကောင်း ရှိမယ်။ ဒါပေမယ့် မျက်စိ (စက္ခုဒွါရ)၊ နှာခေါင်း (ဃာနဒွါရ)တွေမှာတော့ အဲဒီအရာတွေဟာ မကောင်းတဲ့ဟာတွေ ဖြစ်တယ်။
ဒါကြောင့် ဖြစ်ရာဒွါရအလိုက်လည်း အရာဝတ္ထုတစ်ခုဟာ ကောင်းတယ် မကောင်းဘူးဆိုတာ ကွဲပြားနိုင်တယ်။

မီးဟာ ချက်ပြုတ်တဲ့အခါ၊ အပူကို လိုအပ်လို့ သုံးတဲ့အခါတွေမှာ ကောင်းတဲ့အရာဖြစ်ပြီး အဆောက်အဦစသည်ကို လောက်ကျွမ်းတဲ့အခါ မကောင်းတဲ့အရာ ဖြစ်သွားတယ်။ ဒါကြောင့် အချိန်ကာလအလိုက်လည်း အရာဝတ္ထုတစ်ခုဟာ ကောင်းတယ် မကောင်းဘူးဆိုတာ ကွဲပြားနိုင်တယ်။

ပန်း, စားစရာစတဲ့ အရာတွေမှာ အဆင်းလှပေမယ့် အနံ့မကောင်းတဲ့ ပန်း၊ အနံ့ကောင်းပေမယ့် အဆင်းမလှတဲ့ ပန်း၊ အရသာကောင်းပေမယ့် အနံ့ဆိုးတဲ့ အစားအစာ၊ အနံ့ကောင်းပေမယ့် အရသာဆိုးတဲ့ အစားအစာလို့ အမျိုးမျိုး ကွဲပြားတာ ရှိသေးတယ်။

ဒါကြောင့် ကောင်းတယ် မကောင်းဘူးဆိုတာ သတ်မှတ်ရ အတော်ခက်တယ်။

ဇောစိတ်

အရှိန်ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာတဲ့စိတ်ကို “ဇောစိတ်”လို့ ခေါ်တယ်။
ဇောစိတ်ဟာ အာရုံရဲ့ အရသာကို ခံစားတယ်။
ကာမတရားဖြစ်တဲ့ ရုပ်အဆင်း၊ အသံစတဲ့ အာရုံကို ကာမဇောကပဲ အာရုံပြုနိုင်တယ်။

ဇောစိတ်ဟာ မိမိဆိုင်ရာ အကြောင်းအားလျော်စွာ ဖြစ်လေ့ရှိတယ်။ အာရုံတစ်ခုအပေါ်မှာ အသင့်အတင့် နှလုံးသွင်းရင် ကောင်းတဲ့ ဇောစိတ် (ကုသိုလ်ဇော) တစ်ခုခု ဖြစ်ပြီး၊ မသင့်မတင့် နှလုံးသွင်းရင် မကောင်းတဲ့ ဇောစိတ် (အကုသိုလ်ဇော) တစ်ခုခု ဖြစ်တယ်။
စိတ်အညစ်အကြေး (ကိလေသာ) မရှိတဲ့ ရဟန္တာတွေမှာတော့ ကြိယာဇောစိတ်တစ်ခုခု ဖြစ်လေ့ရှိတယ်။

ဖြစ်ခွင့်ရတဲ့ ဇောစိတ်ဟာ စိတ်တစ်မျိုးတည်း ဖြစ်ပေမယ့် အများအားဖြင့် (၇)ကြိမ် ထပ်ထပ်ပြီး ဖြစ်လေ့ရှိတယ်။
သေတဲ့အခါ၊ သစ်ပင်ပေါ်က ကျတဲ့အခါ၊ ရေနစ်တဲ့အခါ၊ အိပ်မပျော်တပျော် ဖြစ်တဲ့အခါ၊ တွေဝေမိန်းမောနေတဲ့အခါတွေမှာတော့ ဇောစိတ်ဟာ (၅)ကြိမ်ပဲ ဖြစ်တယ်။

ဇောရဲ့ လုပ်ငန်းကို ဆောင်ရွက်ပေးတဲ့ စိတ်

ဝီထိစိတ်ထဲမှာ ပါတဲ့ ဇောစိတ်ဟာ အမျိုးအစားအနေနဲ့ (၅၅)မျိုး ရှိတယ်။
အဲဒါတွေကတော့ -

၁။ အကုသိုလ်စိတ် (၁၂)ခု၊
၂။ မဟာကုသိုလ်စိတ် (၈)ခု၊
၃။ ရူပကုသိုလ်စိတ် (၅)ခု၊
၎။ အရူပကုသိုလ်စိတ် (၄)ခု၊
၅။ မဂ်စိတ် (၄)ခု၊
၆။ ဖိုလ်စိတ် (၄)ခု၊
၇။ ဟသိတုပ္ပါဒ်စိတ် (၁)ခု၊
၈။ မဟာကြိယာစိတ် (၈)ခု၊
၉။ ရူပကြိယာစိတ် (၅)ခု၊
၁၀။ အရူပကြိယာစိတ် (၄)ခု တို့ ဖြစ်တယ်။

ဝိပါက်အမှန် ဇောအပြန်

ပုဂ္ဂိုလ်သတ္တဝါတစ်ယောက်မျာ သာမန် ကောင်းတဲ့အာရုံတစ်ခုခုနဲ့ တွေ့ကြုံတဲ့အခါ အလယ်အလတ် ခံစားမှုနဲ့အတူ ဖြစ်တဲ့ ကောင်းမှုရဲ့ အကျိုးဆက် သန္တီရဏစိတ်၊ တဒါရုံစိတ်တွေ ဖြစ်တယ်။

အလွန်ကောင်းတဲ့အာရုံနဲ့ တွေ့ကြုံတဲ့အခါ နှစ်သက်စွာ ခံစားမှုနဲ့အတူဖြစ်တဲ့ ကောင်းမှုရဲ့အကျိုးဆက် သန္တီရဏစိတ်၊ တဒါရုံစိတ်တွေ ဖြစ်တယ်။

မကောင်းတဲ့ အာရုံနဲ့ တွေ့ကြုံတဲ့အခါ အလတ်အလတ် ခံစားမှုနဲ့အတူဖြစ်တဲ့ မကောင်းမှုရဲ့ အကျိုးဆက် သန္တီရဏစိတ်၊ တဒါရုံစိတ်တွေ ဖြစ်တယ်။

ဒီလို တွေ့ဆုံတဲ့ အာရုံနဲ့ ကိုက်ညီစွာ အကျိုးဝိပါက်စိတ်တွေမှာ သောမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ မှန်မှန်ကန်ကန် အတူယှဉ်တွဲဖြစ်တာကို “ဝိပါက်အမှန်”လို့ ဆိုလိုတယ်။

တစ်ခါတရံ ဇောစိတ်တွေမှာ တွေ့ကြုံရတဲ့ အာရုံနဲ့ ခံစားမှုတွေဟာ ကိုက်ညီမှု မရှိတတ်ဘူး။
စိတ်ဖောက်ပြန်လို့ပဲဖြစ်ဖြစ်၊ အမှတ်မှားလို့ပဲဖြစ်ဖြစ်၊ အယူအဆမှားလို့ပဲဖြစ်ဖြစ်၊ အာရုံတစ်ခုကို ခုံမင်နှစ်သက်ဖို့ အကြောင်းကံပါလာလို့ပဲဖြစ်ဖြစ် တစ်ခါတရံ ကောင်းတဲ့အာရုံကို တွေ့ရပေမယ့် နှစ်သက်မှုမရှိတဲ့ ဇောစိတ်ဖြစ်ပြီး အမျက်ထွက်တယ်။ မကောင်းတဲ့ အာရုံကို တွေ့ပေမယ့် နှစ်သက်မှု၊ အလယ်အလတ်ခံစားမှုရှိတဲ့ ဇောစိတ်တွေဖြစ်ပြီး ဝမ်းသာမှု၊ ထူးခြားမှုမရှိသလို ခံစားရတတ်တယ်။

ဒီလို ကောင်းတဲ့ဇောစိတ် မကောင်းတဲ့ဇောစိတ်တွေဟာ တွေ့ကြုံရတဲ့ အာရုံရဲ့ သဘောအမှန်ကို မလိုက်ဘဲ ခံစားမှု (ဝေဒနာ)ဖြစ်ပုံ မမှန်ကန်လို့ “ဇောအပြန်”လို့ ဆိုရတယ်။

ဝိပါက်အမှန် ဇောအမှန်

ရဟန္တာတွေရဲ့ သန္တာန်မှာတော့ သာမန်ပုဂ္ဂိုလ်တွေမှာလို ကုသိုလ်ဇောစိတ်၊ အကုသိုလ်ဇောစိတ်တေါ မဖြစ်တော့ဘဲ ကြိယာဇောစိတ်တွေပဲ ဖြစ်တယ်။
အလွန်ကောင်းတဲ့ အာရုံနဲ့ တွေ့ဆုံတဲ့အခါ နှစ်သက်မှုနဲ့အတူဖြစ်တဲ့ ကြိယာဇောစိတ် ဖြစ်ပြီး၊ နှစ်သက်မှုနဲ့အတူဖြစ်တဲ့ တဒါရုံစိတ် ဆက်ပြီး ဖြစ်တယ်။
သာမန်ကောင်းတဲ့ အာရုံနဲ့ တွေ့ကြုံတဲ့အခါ အလယ်အလတ် ခံစားမှုနဲ့အတူဖြစ်တဲ့ ကြိယာဇောစိတ်ဖြစ်ပြီး၊ အလယ်အလတ် ခံစားမှုနဲ့အတူဖြစ်တဲ့ တဒါရုံစိတ် ဆက်ပြီး ဖြစ်တယ်။
ဒီလို ကြိယာဇောစိတ်တွေဟာ ဆုံတွေ့တဲ့ အာရုံနဲ့အညီ ခံစားမှုသဘော (ဝေဒနာ)ဖြစ်တာ မှန်လို့ “ဝိပါက်အမှန်၊ ဇောအမှန်”လို့ ပြောနိုင်တယ်။

ကြိယာဇောစိတ်ဖြစ်တဲ့အခါ ကြုံတွေ့တဲ့ အာရုံနဲ့အညီ ခံစားမှု (ဝေဒနာ)ကိုက်ညီတာဟာ ရဟန္တာတွေအနေနဲ့ စိတ်ကို အထူးမပြုပြင်ဘဲ ထားတဲ့အခါမှာပဲ ဖြစ်တယ်။
ရဟန္တာတွေဟာ မိမိစိတ်ကို အစိုးရလို့ အာရုံရဲ့သဘောကို မလိုက်ဘဲ စိတ်ကို ပြုပြင်နိုင်တယ်။
မကောင်းတဲ့ အာရုံကို တွေ့ပေမယ့် နှစ်သက်မှုနဲ့အတူ ဖြစ်တဲ့ ကြိယာဇောစိတ် ဖြစ်နိုင်သလို အလွန်ကောင်းတဲ့အာရုံကို တွေ့ပေမယ့်လည်း အလယ်အလတ် ခံစားမှုနဲ့အတူဖြစ်တဲ့ ကြိယာဇော ဖြစ်နိုင်တယ်။

ဥပမာ - အရှင်မောဂ္ဂလာန်ဟာ ဂိဇ္ဈကုဋ်တောင်မှာ ရှိတဲ့ ပြိတ္တာကို မြင်လို့ ပြုံးတဲ့အခါ ပြိတ္တာဟာ မကောင်းတဲ့ အာရုံဖြစ်ပေမယ့် ပြုံးတဲ့အခါ နှစ်သက်မှုနဲ့အတူဖြစ်တဲ့ ကြိယာဇောစိတ် ဖြစ်တယ်။
ပရမတ္ထသရူပဘေဒနီကျမ်းပြုဆရာအလိုအရ ပြိတ္တာစတဲ့ မကောင်းတဲ့အာရုံကို မြင်လို့ ပြုံးတာမှာ မြင်တဲ့အခါ အာရုံတစ်မျိုးဖြစ်ပြီး၊ ပြုံးတဲ့အခါ အာရုံတစ်မျိုး ဖြစ်တယ်လို့ မှတ်ရမယ်။ မကောင်းတဲ့ အာရုံကို မြင်နေစဉ်မျာ အဲဒီအာရုံနဲ့အညီ အလယ်အလတ်ခံစားမှုရှိတဲ့ ကြိယာဇောစိတ် ပါဝင်တဲ့ စက္ခုဒွါရဝီထိစိတ် ဖြစ်တယ်။ အဲဒီအခါမှာ မပြုံးသေးဘဲ မြင်ပြီးတဲ့နောက် အဲဒီလိုဘဝမှာ ဖြစ်ရမယ့်အကြောင်း မကောင်းတဲ့တရားတွေ မိမိမှာ မရှိတော့တာကို တွေ့ရလို့ မိမိရဲ့ ပြည့်စုံတဲ့ဂုဏ်ကို အာရုံပြုပြီး နှစ်သက်ကြည်နူးတဲ့ ကြိယာဇောစိတ်ပါတဲ့ မနောဒွါရဝီထိစိတ်တွေ ဖြစ်ပေါ်တယ်။ ဒါကြောင့် ပြုံးတယ်။ ဒါပေမယ့် စိတ်ဟာ အလွန် လျင်မြန်လွန်းလို့ မကောင်းတဲ့ အာရုံကို မြင်နေဆဲမှာပဲ ပြုံးတယ် ထင်ရတယ်လို့ ဆိုတယ်။

နှစ်သက်စရာ မကောင်းတဲ့ပုဂ္ဂိုလ်ကို မြင်တဲ့အခါ အဲဒီပုဂ္ဂိုလ်ကိုပဲ နှစ်သက်စရာမဖြစ်အောင် ဆင်ခြင်နိုင်တယ်။
အဲဒီအခါမှာ ဝီထိစိတ်အမျိုးမျိုး ဖြစ်နိုင်တယ်။
မြင်ခါစမှာ မြင်ရတဲ့ အာရုံနဲ့အညီ အလယ်အလတ်ခံစားမှုနဲ့အတူ ဖြစ်တဲ့ ကြိယာဇောစိတ် ဖြစ်နိုင်တယ်။
ဒီနောက် အဲဒီပုဂ္ဂိုလ်ကို မြတ်နိုးစရာဖြစ်အောင် မေတ္တာကမ္မဋ္ဌာန်းနဲ့ ကြံဆောင်ကြည့်တဲ့အခါ နှစ်သက်စရာ အလွန်နှစ်သက်စရာ ပုဂ္ဂိုလ်အဖြစ် စိတ်ထဲ ထင်လာနိုင်တယ်။
နှစ်သက်စရာလို့ ထင်ရင် အလယ်အလတ်ခံစားမှုနဲ့အတူ ဖြစ်တဲ့ ကြိယာဇောစိတ် ပါတဲ့ ဝီထိဖြစ်နိုင်တယ်။
အလွန်နှစ်သက်စရာလို့ ထင်ရင် ဝမ်းမြောက်မှုနဲ့အတူဖြစ်တဲ့ ကြိယာဇောစိတ်ပါတဲ့ ဝီထိစိတ် ဖြစ်နိုင်တယ်။

အာရုံပြုသူရဲ့စိတ်က ဆန်းကြယ်ရင် ဆန်းကြယ်သလောက် ပုဂ္ဂိုလ် သတ္တဝါ၊ အရာဝတ္ထု တစ်ခုခုအပေါ်မှာ မကောင်းဘူး ကောင်းတယ် အလွန်ကောင်းတယ်ဆိုတဲ့ အနေအထားတွေ ကွဲပြားသွားနိုင်တယ်။

ဥပမာ - အလွန်လှပတဲ့ အမျိုးသမီးကို စက်ဆုပ်ဖွယ်အနေနဲ့ ဆင်ခြင်ကြည့်ရင် မကောင်းတဲ့ အာရုံအဖြစ် စိတ်ထဲ ထင်လာနိုင်တယ်။
အလွန်အရုပ်ဆိုးတဲ့သားကို မိခင်မေတ္တာစိတ်နဲ့ ကြည့်တဲ့အခါ မြတ်နိုးစရာအဖြစ် စိတ်ထဲ ထင်လာနိုင်တယ်။
ဒီလို သာမန်လူတစ်ယောက်အနေနဲ့ အာရုံတစ်ခုအပေါ် အမျိုးမျိုး ပြောင်းလဲပြီး မြင်နိုင်ရင် စိတ်ကို လိုသလို ပြုပြင်ပြောင်းလဲရနိုင်တဲ့ ရဟန္တာတွေအဖို့ ပိုပြီး အာရုံတစ်ခုကို အမျိုးမျိုး မြင်နိုင်မယ်ဆိုတာ သံသယရှိစရာ မလိုဘူးလို့ ယူဆတာလည်း ရှိသေးတယ်။ 0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP