* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 11, 2010

“မြတ်ဗုဒ္ဓ၏ ဓမ္မအနှစ်ချုပ်ကို ဟောပြတော်မူပါ”

မိမိသည် ပြီးခဲ့တဲ့ သီတင်းကျွတ်လက မိဘနှစ်ပါး ဆရာသမားများ ဆွေမျိုးများ ဓမ္မမိတ်ဆွေများနှင့် တွေ့ရန်အ လို့ငှာ မြန်မာပြည်သို့ ပြန်ကြွသွားခဲ့သည်။ မြန်မာပြည်မရောက်တာ ကြာပြီဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ခေါက် တော့ တော်တော် ကြာကြာနေလိုက်အုံးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော်လည်း ကြာကြာမနေ လိုက်ရပါ၊ စင်္ကာပူမှာ သာသနာပြုနေတဲ့ သူငယ်ချင်းဖြစ်တဲ့ ဆရာတော်ဦးဝိစိတ္တမှ စင်္ကာပူကြွရန် ဖိတ်မန်တက ပြုလာသည့် အတွက် စင်္ကာပူဘက်လှမ်းခဲ့ရပြန်သည်။ စင်္ကာပူမှာနေစဉ် ဆမ်ဘာဝမ်းဘက်က သူငယ်ချင်းများ ဖြစ်ကြတဲ့ ဆရာတော်ဦးဣန္ဒာစရိယ ဦးပဏ္ဍ၀ ဦးသုနန္ဒတို့ရဲ့ကျောင်းဘက်သွားနေလိုက်။ ဆရာတော်ဦးဝိစိတ္တ ကျောင်းနေ လိုက်နဲ့ တစ်လသည်ကား ဘယ်လိုပြည့်လို့ ပြည့်သွားမှန်းမသိလိုက်ပါ။ သူငယ်ချင်းများကလဲ မတွေ့တာကြာ ပြီဖြစ်တဲ့အတွက် သူတို့နဲ့ ကြာကြာနေစေချင်ကြသည်။ သို့ဖြစ်သည့်အတွက် နှစ်လလောက်တော့ နေလိုက်မယ် လို့ ဆုံးဖြတ်ချက်ချထားသည်။ သို့သော် နောက်တစ်ကြိမ် ဗီဇာအလျှောက် စင်္ကာပူအစိုး၏ ငြင်းပယ် ခြင်းကို ခံခဲရသည့်အတွက် အိန္ဒိယကို ပြန်လှမ်းကြွခဲ့ရပြန်သည်။ နောက်ဆုံးတော့ ဒီဘူတာဘဲ ပြန်လည်ဆိုက်ကပ်ရတော့တာပါဘဲ၊ သို့ဖြစ်သဖြင့် စင်္ကာပူမှ မနက်(၇)ခုနှစ်နာရီးထွက်သော လေယာဉ်ဖြင့် မွန်ဘိုင်းသို့ ခရီးဆက်ခဲ့ရပြန်သည်။ မွန်ဘိုင်း (ဘုံဘေ)လေဆိပ်ဆိုက်တော့ မိမိစဉ်းစာမိသည်ကား
“အကယ်၍ imigration ဌာနကို ဖြတ်မယ်ဆိုလျှင် လူကြီးတွေထိုင်တဲ့ နေရာကို သွားတန်းလို့မဖြစ်ဘူး၊ သူတို့က ရစ်ချင်တယ်၊ လူငယ်ထိုင်တဲ့ နေရာမှာဘဲ တန်းမယ်”လို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ကံအားလျှော်စွာဘဲ လူငယ် တစ်ယောက်ကို အဝေးက မြင်လိုက်သည်။ သို့ဖြစ်၍ ထိုလူငယ်ထိုင်တဲ့ နေရာကို သွားတန်းလိုက်သည်။ လူငယ်သည် မိမိကို စစ်ဆေးသင့်တာများကို စစ်ဆေးပြီးနောက် မိမိအကြောင်း ဗုဒ္ဓဘာသာအကြောင်းများကို မေးလာလေသည်။ နောက်ဆုံး သူသည်
“မြတ်ဗုဒ္ဓရဲ့ ဓမ္မကို အကျဉ်းချုပ်ကလေး ရှင်းပြခဲ့ပါအုံးဘုရား”ဟု တောင်းဆိုလာသဖြင့် မိမိသည်
“သဗ္ဗပါပဿ အကရဏံ၊ ကုသလဿူပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။ဆိုတဲ့ ဂါထာဟာ မြတ်ဗုဒ္ဓ၏ တရားတော်တွေကို အနှစ်ချုပ်ထားတဲ့ ဂါထာဖြစ်တယ်။ အဓိပ္ပာယ်ကတော့
(၁) မကောင်းတာကို မပြုလုပ်နဲ့၊
(၂) ကောင်းတာကို ပြုလုပ်ပါ၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထားပါ။ ဒီတရားဟာ မြတ်စွာဘုရားတိုင်းရဲ့ အဆုံးအမပါဘ၊ဲ ဒါဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မ အနှစ် ချုပ်ဘဲဖြစ်တယ် သူငယ်ချင်း ”ဟု ရှင်းပြကာ ထွက်ခွါလာခဲ့ပေသည်။ ထိုဒကာလေးသည်လည်း ပီတိ အပြည့်ဖြင့် ကျန်ခဲ့လေတော့သည်။ ဤနေရာတွင် မေးစရာအကြောင်းရှိလာသည်။ အရှင်ဘုရား (၁)နံပါတ်အရ မကောင်းမှု ဆိုတာ ဘာတွေကို ဆိုလိုတာလဲ ဘုရားဟု ဓမ္မအသိဥာဏ်နည်းသော ပုဂ္ဂိုလ်တစ်ဦးက မေးကောင်း မေးလာနိုင်သည်။ ထိုအမေးကို အနည်းငယ်ရှင်းပြပေအံ့။
မကောင်းမှုဟူသည် အကုသိုလ်တရားများကို ဆိုလိုသည်။ ထိုအကုသိုလ်တရားများသည်ကား
(၁) သူများအသက်ကို သတ်ခြင်း၊
(၂) သူများဥစ္စာကို ခိုးခြင်း၊
(၃) ကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းပြုကျင့်ခြင်း၊ ဤသုံးပါးကို ကာယကံ(ကိုယ်ဖြင့်ပြုလုပ်ခြင်း)သုံးပါးဟုခေါ် သည်။
(၄)မမှန်သော စကားကို ပြောဆိုခြင်း၊
(၅)သူတစ်ပါးကို သွေးကွဲအောင် ကုန်းတိုက်ခြင်း၊
(၆) ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
(၇) မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းနှီးဖြစ်သော စကားကို ပြောဆိုခြင်း၊ ဤလေးပါကို ၀စီကံ(နှုတ်ဖြင့် ပြောဆိုခြင်း) လေးပါးဟုခေါ်သည်။
(၈) သူတစ်ပါးကြီးပွားသည်ကို ငြူစူခြင်း၊ မနာလိုဖြစ်ခြင်း၊
(၉) သူတစ်ပါးကို ပျက်စီးအောင်ပြုလုပ်ခြင်း
(၁၀)အယူမှားခြင်း။ ဤသုံးပါးကိုတော့ မနောကံ(စိတ်ဖြင့် ကြံစည်ခြင်း) သုံးပါးဟုခေါ်သည်။ ပေါင်း ဤတရား (၁၀)ပါးကို အကုသလကမ္မပထတရား(၁၀)ပါးဟု ခေါ်ဆိုပါသည်။ လူသားတိုင်းသည် ထိုတရား ဆယ်ပါးကို မလွဲ မသွေ ရှောင်ကြဉ်ရမည်ဖြစ်ပေသည်။ ယနေ့ ကမ္ဘာကြီးကို ကြည့်မည်ဆိုလျှင် ထိုတရားဆယ်ပါးကို ရှောင်ကြဉ်ရန် လျစ်လျှူရှုနေကြသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တိုက်ခိုက် နေကြသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် လောကကြီးငြိမ်းချမ်းစေရန်အလို့ ငြိမ်းချမ်းရေးတရားများကို ကိုယ်တော်တိုင် ရှာဖွေဖော်ထုတ်ဟောကြားတော်မူခဲ့ပေသည်။ လိုက်နာရှောင်ကြဉ်ရန်သည်ကား မိမိတို့၏ တာဝန်သာ ဖြစ်ပါပေသတည်း။
(ဆက်ရန် ) ပုံပြင်တစ်ပုဒ် ဓမ္မဆောင်းပါး တစ်ပုဒ် အလှည့်ကျ တင်ပြသွား ပေအံ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP