မီးသင့်မျက်လုံး
ငါ့မျက်လုံးသည်
အပြုံးဟန်ထား ၊ လောဘများဖြင့်
ငုံထားမတတ် ကြည့်ဖူးသည် ။
ငါ့မျက်လုံးသည်
အမုန်းမာန်ပွါး ၊ ဒေါသများဖြင့်
ဝါးစားမတတ် ကြည့်ဖူးသည် ။
ငါ့မျက်လုံးသည်
သစ်တုံးအလား ၊ မောဟများဖြင့်
ဝေဝါးမတတ် ကြည့်ဖူးသည် ။
ငါစွဲ,သူစွဲ ၊ ထင်တလွဲဖြင့်
ဉာဏ်မွဲသောခါ ၊ မြင်မြင်ရာကို
မလိုဒေါသ ၊ လိုလောဘနှင့်
မောဟဖိဖုံး ၊ ကြည့်ကြည့်တုန်းတွင်
မျက်လုံးမီးလောင် ခဲ့လေသည် ။
(စက္ခုဒွါရ၌ လောဘမီး ၊ ဒေါသမီး ၊ မောဟမီးတို့
တောက်လောင်ပုံကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
ယခင်က ဆိုဒ်တစ်ခု၌လည်း ဤကဗျာကို တင်ခဲ့ဖူးပါ၏။)

0 comments:
Post a Comment