လျှို့ဝှက် သောက (၁၊ ၂)

မနက်ဖြန်ဆိုတဲ့ ကျွန်ုပ်ခုတလော ပါဠိတော်စာပေတွေနဲ့ အင်္ဂလိပ်စာအုပ်ကြီးတွေနဲ့ အလုပ်ရှုပ်နေသည်ပေါ့။ အိပ်ယာဘေးမှာ စာအုပ်ကြီးတွေ ပုံကာအိပ် စာအုပ်ကြီးတွေကို လှန်လောဖတ်ရတဲ့ အရသာကို ခံစားရင်း အေးမြတဲ့ စနိုးဖွေးတွေးကြားကွေးနေတဲ့ ကျွန်ုပ်သည် တက္ကသိုလ်တစ်ခုမှာ စာတမ်းတင်ဖို့ ကုန်ကြမ်းများ ရှာဖွေဖြစ်သည်။ ရှာဖွေရသည့် ပါဠိတော်စာအုပ်များထဲက ဘ၀နဲ့ထပ်တူကျသည့် စာသားလေးတစ်ခုကို လျှို့ဝှက် သောက ခေါင်းစဉ်ဖြင့် တင်ပြပါရစေ။
"မတကာလေ တ၀ ရောဒန္တဿ ပဂ္ဃရိတအဿူနိ စတုန္နံ မဟာသမုဒ္ဒါနံ ဥဒကတော အတိရေက တရာနိ"
သင် မြတ်နိုး တွယ်တာသော သက်ရှိ သက်မဲ့များ ပျက်စီးသွားတဲ့ အခါ သင့်မျက်ဝန်းအစုံမှ စီးဆင်းကျခဲ့သော မျက်ရည်တွေသည် သမုဒ္ဒရာလေးစင်းရှိ ရေများထက် ပိုလို့ပင် များကုန်၏။ (ဓမ္မပဒ)
အမတ်ကြီး၏ အိမ်တွင် ပါတီပွဲလေး တစ်ခုကျင်းပသည်။ လှပချောမောသော အကမဒီလေးသည် အမတ်ကြီး ငေးမော ယူရလောက်အောင် ကပြနေသည်။ အမတ်ကြီး၏ မျက်ဝန်းအစုံတွင် ကဟန် ဆိုဟန် ပြုံးဟန်များ လှသထက်လှ လာသည်။ ထိုအခိုက် ....
ဝုန်း...ဘုတ်... အကမဒီလေး အရုပ်ကြိုးပြတ် လဲကျသွားသည်။ ထို့နောက် အရှင်..သခင်...မင်းသမီးလေး အသက် မရှိတော့ကြောင်းပါ...
ဘုရင့်အမတ်ကြီးတယောက် မသိမသာ လက်ကိုင်ပ၀ါလေးဖြင့် တောက်ကနဲ့ ရုတ်တရက်ကျလာသည့် မျက်ရည် ပေါက်ကို မျက်လုံးမှိတ်ကာ သုတ်လိုက်သည်။ ညင်သာစွာ မှိတ်လိုက်သော မျက်လုံးအစုံအတွင်း စိတ်အာရုံသည် သွယ်လျလက်ချောင်းများ၏ ကွေးဟန်, ယိမ်းနွဲ့ဟန်ချီသော ကိုယ်ခန္ဓာ၏ လှုပ်ရှားဟန်, ဝှေကနဲ့ ထောင့်ကပ်ကာ ကြည့်လိုက်သော ချစ်စဖွယ် မျက်လုံး, စုံစီစုံညီသော သူမ၏ အမူယာအားလုံးကို တရိပ်ရိပ်ပုံ ဖေါ်နေသည်။
မသိမသာ ရှိုက်ငင်လိုက်သော သက်ပြင်းကို ရှည်လျားစွာ ချလိုက်သည်။ "ဤမျှလောက် ချစ်စဖွယ်ဤအလှမ ဒီလေး အဘယ့်ကြောင့် ကခုန်နေရင်း အရုပ်ကြိုးပြတ် ဖြစ်ရတာလဲ" အမတ်ကြီးတွေးတောရင်း နှမြောတသ ယူကြုံးမရဖြစ်နေသည်။ ယခင်က အမတ်ကြီးနှင့် သူမ တကြိမ် တခါမျှ မတွေ့ဘူး မဆုံဘူး။ ဒီည ဒီချိန်တို တောင်း သော ကာလအတွင်းမှာ သူမ၏ အက သူမ၏ အလှပေါ်မှာ မြင်မြင်ချင်း တွယ်တာမိခဲ့ခြင်း မျှဖြစ်သည်။ စက္ခု ပသာဒနှင့် ရူပါရုံတို့ ပေါင်းဆုံမိချိန် စက္ခုဒွါရိကစိတ်တို့သည် လောဘဇောကို ဖြစ်စေခဲ့ပြီ။
အရုပ်ကြိုးပြတ် ပုံလဲနေသော သူ့မခန္ဓာကိုယ်ကို ကြည့်ရင်း အမတ်ကြီး သောကတွေ ပင်လယ်ဝေခဲ့ပြီ။ သူမကို တခဏချင်းတွေ့ တခဏတွင်း သူမကို တွယ်တာမိ တခဏတွင်း သူမကြောင့် သောကတွေ ဖြစ်ရပြီ။ အမတ်ကြီး သောက်ထားသမျှသော အရက်နှင့် ဘီယာတို့သည် သောကကို မလွမ်းမိုးနိုင်ချေ။ ချွေးတဒီဒီး စီးကျကာ အသက် ရှုရသည်မှာ မွန်းကြပ်လာတော့သည်။
မိမိအခန်းသို့ ပင်ပန်းကြီးစွာ ပြန်လာကာ ကုတင်ပေါ် လဲချလိုက်သည်။ ည ၃-နာရီကျော်နေပြီ။ အမတ်ကြီး၏ စိတ်အစဉ်သည် သူမအတွက် ယူကျုံးမရဖြစ်နေသဖြင့် အိပ်စက်ဖို့ ကြိုးစားသော်လည်း မရ။ အိပ်ယာပေါ် လူးလွန့်ကာ သူမပုံရိပ်တွေသာ စဉ်းစားနေမိသည်။ ဘာလို့များ ငါတွယ်တာတဲ့ ချစ်တဲ့သူမှ သေဆုံးသွားရ သလဲ ဒါဟာ တရားသလား တရားသလား လောကကြီးရယ်...မျက်ရည်စတွေ ဒလဟော ခေါင်းအုံးပေါ်သို့ စီးကျလေပြီ။
သောကအရှိန် မပြေသော အမတ်ကြီး၏ စိတ်နှင့်ခန္ဓာသည် ပင်ပန်းနွမ်းနွယ်စွာ မနက်မိုးလင်းခဲ့ရသည်။ သူမ ကြောင့် ခံစားရတဲ့ ငါ့သောကတွေ ပြေပျောက်ဖို့ ငါဘယ်လို ကုစားရမလဲ ဖြေဖျောက်ရမလဲ အမတ်ကြီး စဉ်းစား ရတော့သည်။ ရှည်းလျားသော အတွေးများကြားမှာ အမတ်ကြီး အဖြေတစ်ခုရသည်။ မြတ်စွာဘုရားဆီ သွား ရောက် မှဖြစ်မည်။ မြတ်ဗုဒ္ဓနဲ့ မနေ့ မနက်စောစောပိုင်းက ငါမြို့ထဲသွားစဉ် လမ်းမှာတွေ့ခဲ့တာပဲ။ မြတ်ဗုဒ္ဓ ငါ့ကို မှတ်မိမှာပါ။ မြတ်ဗုဒ္ဓသည်သာ ငါ့ခံစားရတဲ့ သောကအပူတွေကို ငြိမ်းအေးစေနိုင်မယ်...
သောကအပူအရုပ်နှင့် အမတ်ကြီး မြတ်ဗုဒ္ဓရှိရာ ဇေတ၀န်ကျောင်းသို့သွားရောက်ကာ မနေ့ညက ဖြစ်သမျှ အကြောင်းအကုန်အစင် မြတ်ဗုဒ္ဓအား လျှောက်ထားပြီး သူမအပေါ် ခဏတွင်းမြင်မိ၍ တွယ်တာမိသော သံယောဇဉ်ကြောင့် သူမ မရှိတော့သော အချိန်မှာ ခံစားရသော သောက၊ တညလုံး စီးကျလာသော မျက်ရည်တွေကို မည်သို့ မည်ပုံ ရပ်တန့်စေမလဲ နည်းလမ်း ပေးတော်မူပါဘုရားဟု လျှောက်တင်ချိန်တွင်..
မြတ်ဗုဒ္ဓက ...အို ..သန္တတိ အမတ်ကြီး.....
"မတကာလေ တ၀ ရောဒန္တဿ ပဂ္ဃရိတအဿူနိ စတုန္နံ မဟာသမုဒ္ဒါနံ ဥဒကတော အတိရေကတရာနိ"
မြတ်နိုး တွယ်တာသော သက်ရှိ သက်မဲ့များ ပျက်စီးသွားတဲ့ အခါ သင့်မျက်ဝန်းအစုံမှ စီးဆင်းကျခဲ့သော မျက်ရည်တွေဟာသမုဒ္ဒရာလေးစင်းရှိ ရေများထက် ပိုလို့ပင် များကုန်၏ ဟု မိန့်တော်မူလေသည်။
"ငါမြတ်နိုးတဲ့ မင်းသမီးလေး ပျက်ဆီးသွားလို့ စီးကျလာတဲ့ ငါ့မျက်ရေများသည် သမုဒ္ဒရာလေးဆင်းရှိ ရေတွေထက် များတယ်ဆိုပါလား" သန္တတိအမတ်ကြီး အတွေးစများဖြင့် မြတ်စွာဘုရား၏ ရှေ့တွင် ငူငိုင် ခေါင်းစိုက်၍ ထိုင်နေမိတော့သည်။ မွေး သေ နှစ်ခုဖြင့် စွန့်ပစ်ခဲ့သော မြေမြုပ်ခဲ့သော မီးလောင်တိုက်သွင်း ခဲ့သော ခန္ဓာပေါင်းများစွာ ဘ၀ပေါင်းများစွာတိုင်းမှာ မသေခင် ငါမြတ်နိုးသော သက်ရှိ သက်မဲများ ပျက်ဆီးသွားတိုင်း ငါငိုခဲ့တာ ဘယ်နည်း မလဲ...မှန်တာပေါ့ ဟုတ်တာပေါ့။ ဘ၀တိုင်း ကျခဲ့သော ငါ့ မျက်ရည်တွေ စုစည်းလိုက်ရင် သမုဒ္ဒရာလေးစင်းထက် များမယ်ဆိုတာ သေချာသည်ပေါ့။
မြတ်ဗုဒ္ဓပြောသလိုပဲ ဖြစ်မှာ ဖြစ်မှာ...ရှေးရှေးက စွန့်ပစ်ခဲ့သော ဘ၀တွေများလည်းမှာ မျက်ရည်ကျခဲ့ရပြီ၊ ခုလည်း မျက်ရည်တွေ ယိုစီးဆဲ၊ နောက်ထပ် မွေးခြင်း ထပ်ဖြစ်ဦးမယ်ဆိုရင်လည်း .......လည်း... ငါမျက်ရည်ထပ်တလဲ လဲ ကျရဦးမယ်။ သန္တတိအမတ်ကြီးသည် နောက်ထပ်မွေးဖွားခြင်း ပဋိသန္ဓေကို ယူရမှာကြောက်လာသည်။ နောက်တကြိမ် ဖွေးဖွားရမည်ကို တွေးစိတ်ဖြင့် စိုးရွံ့မိလာသည်။
ပဋိသန္ဓေဒုက္ခကို ရှင်းရှင်း မြင်လာလေပြီ။ နောက်ထပ် နောက်ထပ်ဆိုသည့် စကားလုံး၏ နောက်ကွယ်မှာ တွေးလိုက်တိုင်း ကြက်သီး မွေးညှင်းများ ထလာသည်။
မွေးဖွားလာသော သတ္တ၀ါတိုင်း မျက်ရည်ကျဖူးသည်။ နောင်လည်း မျက်ရည်စို့ဦးမည်။ ယခုလည်း ရှိုက်သံများနဲ့ အတူ မျက်ရည်စများ ဖယ်ရှားနေဆဲပဲမဟုတ်လား။ သတ္တ၀ါသည် တွယ်တာတတ်သည်။ သံယောဇဉ် ဖြစ်တတ် သည်။ တတြ တတြာဘိနန္ဒိနီ- မိမိရောက်တဲ့ နေရာတိုင်း၊ မိမိနဲ့ စပ်နွယ်သော သက်ရှိ သက်မဲ့ပေါ်မှာ ခင်တွယ် ကြတယ်ဟု မြတ်ဗုဒ္ဓ မိန့်ဖူးသည်။
အခုတော့ ငါဟာ နာရီအပိုင်းအဆ လေးအတွင်းမှာ အကမဒီလေးပေါ်မှာ မြင်မြင်ချင်း ခင်တွယ်မိတဲ့အတွက် သူမ သေသွားတဲ့ အခါ အခုလို သောကတွေဖြစ် ပရိဒေ၀တွေ ဖြစ်ခဲ့ရတာပါလား။ သောက-၀မ်းနည်းခြင်း ကြောင့်၊ ပရိဒေ၀- မျက်ရည်ကျရတာပါလား။ ဒီသောကဟာ ငါ့ရင်တွင်းမှာ တံငြောင့်သဖွယ် စူးဝင်နေပြီ။
သန္ဆတိအမတ်ကြီး အချိန်ကြာကြာ အတွေးသံသရာလည်နေလေသည်။ အတွေးနယ်က မဆုံးသေး...အမတ်ကြီး ဆက်တွေးမိသည်။ မင်းသမီးလေးရဲ့အပြုံး၊ ထောင့်ကပ်ကာ စောင်းကြည့်လိုက်သော သူ့မျက်အဆံလေးက ငါ့နှလုံးသားထဲကို အချစ်မြားတွေ တစ်စင်းပြီးတစ်စင်း ပစ်ထည့်နေပါလားလို့ တွေးမိသမျှ တကယ်တော့ သောက ဆူးငြောင့်တွေ ပစ်လွင့်လိုက်တာပါလားလို့ နားလည်လာတော့သည်။
အင်း...အင်း ငါခံစားနေရတဲ့ မင်းသမီးလေး ပေးတဲ့ သောကရဲ့လျှို့ဝှက်ချက်က ဘာလဲ???? အမတ်ကြီးသည် ဖြေးညှင်းစွာ ဦးခေါင်းရမ်းလျက် မြတ်ဗုဒ္ဓအား မေးလျှောက်ထားဖို့ အားယူစဉ်........
မြတ်ဗုဒ္ဓသည် ....ချစ်သား သန္တတိ....................သင်ချစ်သား ခံစားနေရတဲ့ သောက၏ အကြောင်း လျှို့ဝှက်ချက်သည် .............. (မျှော် .......လျှို့ဝှက် သောက (၃) သို့)

0 comments:
Post a Comment