ပုဏ္ဏိကာထေရီ အပိုင်း(၁၊ ၂၊ ၃)
ဆီးနှင်း မိုးပေါက်လည်း မိုးလောက်ပြင်းထန်သော ဆောင်းလယ်ကာလ၏ တစ်နံနက်ပေတည်း။ လေပြေ ကလေးကလည်း တသွေးသွေးနှင့် ချမ်းအေးသူတို့ကို ပို၍ ခိုက်ခိုက်တုန်အောင် ကျီစယ်နေလေသည်။ သစ်ပင်များသည် နှင်းရည်ရွှဲသော ရွက်လက် ကိုင်းခက်များနှင့် ညွတ်ကွေးနေချေသည်။ နေခြည်သည် နှင်းထုကို မဖောက်နိုင်သဖြင့် မရောက်လာလေသလား။ နေခြည်မလာသေး၍ပင် နှင်းထု ဤမျှ သိပ်သည်း နေလေသလား မသိပေ။
သာဝတ္ထိ တစ်မြို့လုံးမှာလည်း ချမ်းစီးလွန်းသော ဆောင်းနံနက် အောက်ဝယ် ကွေးနေဟန် တူပေသည်။ ထင်း ရွက်ရောင်းသူများ၊ ထင်းလှည်းများ၊ လမ်းလျှောက်ဈေးသည် အနည်းငယ်နှင့် အိပ်ရာထဲတွင် ကွေး မနေ နိုင်သူများသာ ပြေးလွှားလှုပ်ရှား နေကြသည်။ မသွား မဖြစ်၍ အိပ်ရာထဲမှ ထလာကြရပေမင့် သူတို့မှာ လည်း ပါးစပ်မှ အငွေ့တထောင်းထောင်းနှင့် ချမ်းတုန်နေကြလေသည်။
ဇေတဝန်ကျောင်း ဒါယကာ သူဌေးကြီး အနာထပိဏ်၏ ခြံကြီးဝင်းကြီးထဲတွင်လည်း နှင်းမှုန်များသည် ဝေနေ၏။ လေလာလျှင် နှင်းမှုန်များ ပြေးလွှားနေကြသည်။ စောစောစီးစီး မထလျှင် မဖြစ်သော တာဝန်ရှိ သည့် ကျေးကျွန် များသာလျှင် လှုပ်ရှား နိုးကြားကြပေသည်။ အမှိုက်လှဲရန် တာဝန်ကျသူများသည် အမှိုက် ကို စုပုံကာ မီးရှို့ကြ၏။ ဤမီးဖိုဘေးဝယ် ကလေးမြေးငယ်များ ဝန်းရံနေကြသည်။ လယ်ယာ လုပ်ငန်းခွင်သို့ သွားရန် တာဝန်ကျသူများ၏ နွားငေါက်သံ၊ နွားမောင်းသံ၊ ဆန်ဖွပ်သံ၊ မောင်းထောင်းသံ၊ ရက်ကန်းခတ်သံ၊ ဝါကြိတ်သံ၊ နွားစာစဉ်းသံများသည် ကြေးစည်သံနှင့် ယှဉ်ပြိုင်ကာ လွင့်ပျံ့နေလေ၏။
မိန်းကလေးမှာ ဆဲဆိုမည်စိုး၍သာ ချမ်းစီးသော ရေဆိပ်သို့ ဆင်းလာရ၏။ အစေခံမှူး၏ ကြိမ်ကို ကြောက်၍ သာ ရေခပ်ရန် ထွက်လာရ၏။ အမှန်အားဖြင့် မလာချင်ပေ။ တစ်ကိုယ်လုံးသာမက ရင်ထဲ အသည်းထဲကပါ ချမ်းတုန်သော ဤအချိန်ဝယ် သူသည် နွေးထွေးရာ နေရာကို ရှာလိုပေသည်။
မိမိကိုယ်တိုင်က ဤနှယ် နွေးထွေးရာကို တောင့်တလျက် အခြားသူများလည်း မိမိနည်းတူပင် ရှိလိမ့်မည် ထင်နေခဲ့သော မိန်းကလေးသည် ရေဆိပ်သို့ ရောက်သောအခါ မယုံနိုင်စရာ အံ့သြဖွယ် မြင်ကွင်းကို တွေ့ရလေ၏။ မိန်းကလေး မြင်ရသော အရာမှာ ပုဏ္ဏားတစ်ယောက် ဖြစ်သည်။
နှင်းမှုန်များ ဝေ့ဝဲအုပ်ဆိုင်းလျက် အငွေ့ တထောင်းထောင်း ထနေသော မြစ်ရေထဲတွင် ရေချိုးနေခြင်းကား မဟုတ်။ အုန်းဆီ အမဲဆီများ ကျောက်ခဲတမျှ မာကျောအောင် ခဲသော ဤအချိန်တွင် ရေသည် အလွန် အေးစက်နေ၏။ လေ တဖြူးဖြူးလည်း တိုက်နေ၏။ ထိုအထဲတွင် ရေချိုးရသဖြင့် ပုဏ္ဏားမှာ မေးချင်ခိုက် ဒူးချင်းရိုက်လျက် တဆတ်ဆတ် တုန်နေသည်။
"ပုဏ္ဏားကြီး ဘာဖြစ်လို့ ရေချိုးတာလဲဟင်၊ ကျွန်မမှာတော့ အစေခံမှူးက ဆဲမှာ၊ ရိုက်မှာ၊ ကြောက်လို့ ဒီရေဆိပ်ကို ဆင်းပြီး ရေခပ်ရတယ်။ ပုဏ္ဏားကြီးကကော ဘယ်သူ့ကို ကြောက်လို့ ဒီရေဆိပ်မှာ ဆင်းပြီး ရေချိုးရတာလဲ။ ဘယ်သူက ဆဲမယ် ပြောလို့များ ခိုက်ခိုက်တုန်တဲ့ ဒုက္ခကို ခံနေရတာလဲရှင်” မိန်းကလေး၏ မအောင့်နိုင် မအင်းနိုင် ကောက်ကာ ငင်ကာ မေးလိုက်သံကို ကြားရလျှင် ပုဏ္ဏားမှာ မျက်လုံးပြူး၍ ကြည့်မိ၏။ “ဟဲ့ မိန်းကလေး၊ နင် မသိဘူးလားဟဲ့။ မဟုတ်တာ လုပ်မိရင် ရေချိုး ရေစိမ်ပြီး ရရှိတဲ့ ကောင်းမှု ကိုသိုလ်နဲ့ အဲ့ဒီ မကောင်းမှုကို ပိတ်ပင်ရတယ်ဟ။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ဟယ်။ မဟုတ်တာ လုပ်မိရင် ရေချိုးရတယ်၊ ရေစိမ်ရတယ်။ ရေစိမ်တဲ့ ရေချိုးတဲ့ အတွက် ကုသိုလ် အများကြီးရတယ်” မိဖရိုးရာ အစဉ်အလာအားဖြင့် ရေချိုး ရေစိမ်ခဲ့သော ပုဏ္ဏားသည် ရေချိုး ရေစိမ်ခြင်း၏ အကျိုးကို ရှင်းပြ၏။
သောတ္ထိယ ပုဏ္ဏားကြီးကသာ ရေခပ်သော မိန်းကလေးကို တလေးတစားဖြင့် ကျေးဇူးတင်နေသော်လည်း ထိုမိန်းကလေး နည်းတူ ရေခပ်ဆင်းလာကြသော အခြား အစေခံများမှာမူ တစ်မျိုးမြင်နေကြသည်။
“ဒီကောင်မလေး ပုဏ္ဏားကြီးကို မနူးနပ်နဲ့ ပေါက်ကရတွေ သွားပြောနေတယ်။ ဒုက္ခပဲ၊ ပုဏ္ဏားကြီး လာတိုင်ရင် တို့ခေါင်းပေါ် မကျအောင် အခုကတည်းက ‘ခေါင်း’ ကို တိုင်ထားမှပဲ” ထို့ကြောင့် သူတို့သည် အစေခံမှူးကို သွားရောက် တိုင်တမ်းထားကြ၏။ အစေခံမှူးမှာလည်း မျက်လုံးပြူးရပေပြီ။ ဗြာဟ္မဏနှင့် အစေအပါးမှာ အဆင့်အတန်း ကွာလွန်းသဖြင့် သောတ္ထိယ ပုဏ္ဏားသည် အစေခံမှူးထံ လာမည် မဟုတ်၊ အနာထပိဏ် သူဌေးကြီးထံ သွား၍ တိုင်တမ်းလိမ့်မည်။ ထိုအခါတွင် မိမိတာဝန် မရှိစေရန် ယခုကပင် သွားရောက် တိုင်တမ်းထားလေမှ ဟု သဘောရသဖြင့် သူဌေးကြီးထံ သွားရောက် သတင်းပို့၏။
“သူဌေးကြီး ခင်ဗျား၊ ကျွန်တော် ကြီးမှူးရတဲ့ အစုထဲက မိန်းကလေး တစ်ယောက်ဟာ ရေခပ်ခိုင်းလိုက်တာ ကောင်းကောင်း မခပ်ဘဲ ရေချိုးနေတဲ့ သောတ္ထိယ ပုဏ္ဏားကြီးကို မလေးမခန့် သွားပြောသတဲ့ ခင်ဗျား။ မျက်ကွယ်မှာ ဖြစ်တာမို့ ကျွန်တော်လဲ မတားဆီးနိုင်ပါဘူး။ အဲဒါ သူဌေးကြီး သိအောင်….”
“ဘယ်သူလဲကွယ့်”
“ပုဏ္ဏိကာပါ ခင်ဗျာ”
“အင်း အင်း၊ ဘာတွေ သွားပြောသတဲ့လဲ”
“ကျုပ်တို့မှာ ရိုက်မှာ ဆဲမှာ ကြောက်လို့ ချမ်းချမ်းစီးစီးနဲ့ မြစ်ဆိပ်ကို လာရတာ၊ တော့်မှာကော ဘယ်သူ့ကို ကြောက်လို့ ခိုက်ခိုက်တုန် အချမ်းခံပြီး ရေချိုးနေရတာလဲ၊ သွားမေးပါသတဲ့ ခင်ဗျား”
“ဟုတ်လား၊ အေး ပြောပါဦး”
သူဌေးကြီးမှာ ဗုဒ္ဓမြတ်စွာ၏ ကျောင်းဒါယကာသာ မဟုတ်သေး၊ သောတာပန်လည်း ဖြစ်သောကြောင့် ပုဏ္ဏိကာ မေးပုံကို သဘောကျသွား၏။ ထို့ကြောင့် ထပ်မံ သိရလို သိရငြား သိချင် ကြားချင်သောကြောင့် မေးခြင်း ဖြစ်၏။
“ပုဏ္ဏားကြီးက မကောင်းမှုတွေ ရေထဲမျောသွားအောင် ရေချိုးတယ်၊ ရေစိမ်တယ် ဖြေတော့ ပုဏ္ဏိကာက ဒီလိုဆိုရင် ရေသတ္တဝါတွေ နတ်ပြည် ရောက်ကုန်မှာပဲနော်လို့ မရိုမသေ ပြောပါသတဲ့”
“ဒီကောင်မလေး ရေ ဆက်မခပ်စေနဲ့၊ ငါ့ဆီ လွှတ်လိုက်”
အစေအပါးမှူးသည် သူဌေးကြီးရှေ့မှ ခပ်ကုပ်ကုပ်ကလေး ထွက်လာပြီး၊ ပုဏ္ဏိကာ ပြန်အလာကို စောင့်နေ၏။ အခြားသော အိမ်ဖော်များမှာလည်း အစေအပါးမှူး၏ မျက်နှာထားကို မြင်ကာမျှဖြင့် ‘ပုဏ္ဏကာတော့ ဒုက္ခပဲ’ ဟု တွေးနေကြ၏။
“ညည်းတော့ သေဖို့သာ ပြင်ပေတော့”
“ငါတို့ရဲ့ ခေါင်းက သူဌေးကြီးကို သွားတိုင်ထားလို့ ညည်းကို သူဌေးကြီး ခေါ်နေပြီ၊ ကျောကို သားရေပြားနဲ့ အုပ်ထားပေတော့”
ရေခပ်ပြန်လာသော ပုဏ္ဏိကာအား ရေခပ်သွားသူများက သတင်းသတိပေးကြ၏။ ပုဏ္ဏိကာမူ “အို…. ဟုတ်တာ လုပ်တဲ့လူဟာ ဘာကိုမှ မကြောက်ဘူး” ဟု ပြန်နှုတ်လှန်ထိုးကာ ဝင်းထဲသို့ ပြန်ရောက်လာခဲ့သည်။
“ဟဲ့ သပေါက်မ”
အစေအပါးမှူး၏ အသံက မာန်လှ၏။ ထန်လှ၏။ ပုဏ္ဏိကာအား ညက်ညက်ကြေအောင် ဝါးပစ်ချင်နေ၏။ အသံခက်ထန်သလို မျက်နှာထားမှာလည်း ဒေါသ ဖုံးနေ၏။
“နင့်ကို သူဌေးကြီး ခေါ်နေတယ်၊ ရေအိုးကို ထားခဲ့၊ အခု မြန်မြန်လာ”
“ဘာဖြစ်လို့လဲ ဟင်”
“သေသွားချင်သလား၊ စကားမများနဲ့၊ လိုက်မှာ လိုက်ခဲ့”
ပုဏ္ဏိကာအား မြေပြင်တွင် ဒရွတ်တိုက် မဆွဲရုံမျှသာ အတင်းဆွဲခေါ်သွား၏။ သူဌေးကြီး စောင့်နေသော အဆောင်တံခါးဝ အရောက်တွင် ကြမ်းတမ်းစွာ တွန်းလွှတ် လိုက်ကာ “ပုဏ္ဏိကာဆိုတာ သူပါပဲ သူဌေးမင်း” ဟု သတင်းပေး၏။
“အေး အေး ထားခဲ့”
ပုဏ္ဏိကာမှာ အစေအပါးမှူးကိုပင် သေမတတ် ကြောက်ရရာ သူဌေးကြီးကိုကား ပြောစရာ မရှိတော့ချေ။ ရိုသေစွာဖြင့် ခေါင်းငုံ့ကာ ကြုံ့ကြုံ့ထိုင်၏။ သို့သော် ခါးဝတ်လုံချည်မှာ တိုနံ့လွန်းသဖြင့် ဒူးကို မဖုံးမိ။ ဤ မဖုံးမိသော လုံချည်စကိုပင် အတင်းဆွဲချကာ ဒူးကိုဖုံးရန် ကြိုးစားနေလေသည်။
“ရေချိုးနေတဲ့ သောတ္ထိယ ပုဏ္ဏားကြီးကို မိန်းကလေးက မရိုမသေ သွားပြောတယ် ဆိုပါလားကွယ့်”
သူဌေးကြီး၏ အသံတွင်ကား ခက်ထန်မှု ကင်း၏။ ဒေါသလည်း မရှိ။
“ကျွန်မ၊ ကျွန်မ မရိုမသေ မပြောမိပါဘူး အရှင်”
“မရိုမသေ မဟုတ်ရင် ဘယ်လို စကားတွေ ပြောမိသလဲ၊ ကြောက်စရာ မလိုဘူး၊ အမှန်အတိုင်း ပြောဆို လုပ်ကိုင်ရာမှာ ဘာမှ ကြောက်စရာ မလိုဘူး၊ ပြောစမ်း”
“ကျွန်မတို့မှာ ကြောက်လို့ ရေဆိပ်ကို လာရတယ်၊ ပုဏ္ဏားကြီးကကော ဘယ်သူ့ကို ကြောက်လို့ ချမ်းချမ်းစီးစီးနဲ့ ရေဆိပ်လာပြီး ရေချိုးရတာလဲ မေးတော့ မကောင်းမှုတွေ ရေမျှောတာလို့ ဖြေပါတယ်။ ဒါကြောင့် ဒီလိုဆိုရင် ရေထဲမှာ အမြဲနေတဲ့ ရေသတ္တဝါတွေ နတ်ပြည် ရောက်ကုန်တော့မှာပဲ၊ သူတစ်ပါး အသက်ကို သတ်တဲ့ မုဆိုး တံငါနဲ့ လူသတ်သမားတွေလဲ ရေဆင်းချိုးလိုက်ရင် အ,ကုသိုလ် ကင်းတော့မှာပဲလို့ ပြောမိပါတယ် အရှင်”
“မှန်လိုက်လေကွယ်၊ ကဲ ကဲ ဆက်ပြောပါဦး”
“ရေထဲ ဆင်းစိမ်လို့ မကောင်းမှုကံဟာ ရေထဲပါသွားရိုးမှန်ရင် ကောင်းမှုကံတွေလဲ ရေထဲပါကုန်မှာပေါ့၊ မကောင်းမှုကံကြောင့် ဆင်းရဲ မဖြစ်ချင်ရင် မကောင်းတာ မလုပ်နဲ့၊ ကောင်းတာလုပ်ပေါ့”
“တော်ပါပေတယ် မိန်းကလေး၊ မှန်ပါပေတယ်”
အနာထပိဏ် သူဌေးသည် ပုဏ္ဏိကာအား လှိုက်လှဲစွာ ချီးမွမ်း၍ ဆက်လက်နားထောင်သည်။ သောတ္ထိယ ပုဏ္ဏား ပြန်ပြောသမျှ မိမိပြောခဲ့သမျှနှင့် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပုဏ္ဏိကာက ပြန်ပြောင်း တင်ပြသည်။
“လိမ္မာပါပေတယ်၊ ပညာရှိပါပေတယ် သမီး။ မိန်းကလေးဟာ ကနေ့က စပြီး ကျွန် မဟုတ်တော့ဘူး။ ထင်းခွေ၊ ရေခပ်၊ ဆန်ဖွပ်၊ မောင်းထောင်း၊ နွားချေးကျုံး၊ မြင်းချေးကျုံး၊ အိုကွယ် ဘာမှ မလုပ်နဲ့တော့”
သူဌေးသည် ဒူးမျှပင် မဖုံးနိုင်သော ပုဏ္ဏိကာ အတွက် ဝတ်ကောင်း စားလှများ ထုတ်ပေးသည်။
“ပုဏ္ဏိကာဟာ ကျွန်မဟုတ်ဘူး၊ ငါ့သမီး ဖြစ်သွားပြီ။ ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီး ရတနာသုံးပါးကို သဘောကျ ဆည်းကပ်ပေတော့။ သီတင်းသီလကို အတားအဆီးမရှိ ကျင့်သုံးပေတော့”
ထိုသတင်းကို ကြားရသော အစေအပါးများမှာ ပုဏ္ဏိကာနှင့် ထပ်တူထပ်မျှ ဝမ်းမြောက်ကြရလေသည်။
ပုဏ္ဏိကာ ကျွန်အဖြစ်မှ လွတ်မြောက်သလို သောတ္ထိယ ပုဏ္ဏားမှာလည်း အယူမှား၏ ကျေးကျွန်အဖြစ်မှ လွတ်မြောက်ခဲ့ပေ၏။ သူသည် ပုဏ္ဏိကာထံမှ အလင်းရောင်ကို မြင်ရပြီးနောက် သတိသံဝေဂ ရကာ သာသနာတော်၌ ရဟန်းပြုပြီး ကမ္မဌာန်း တရားကို အားထုတ်သည့် အတွက် ရဟန္တာ ဖြစ်လာပေသည်။
“ငါဟာ ရှေးတုန်းက ဗြာဟ္မဏ မျိုးဖြစ်ခဲ့ပေမယ့် ယခုမှ မြင့်မြတ်တဲ့ ဗြာဟ္မဏ အစစ်ဖြစ်ပေတော့တယ်။ ရေချိုး ပုဏ္ဏား ဖြစ်ခဲ့ပေမယ့် မဂ်တရား ဖိုလ်တရား ရေစင်နဲ့ ချိုးလို့ အခုမှပဲ တကယ် သန့်ရှင်း စင်ကြယ်တော့တယ်”
သောတ္ထိယ ရဟန္တာအား ဤနှယ် ဝမ်းမြောက် ဝမ်းသာ ဆိုမြည်ရအောင် အမှန်လမ်းသို့ ပို့ပေးခဲ့သော ပုဏ္ဏိကာမှာလည်း စင်စစ်အားဖြင့် ပြာဖုံးလွှမ်း ခံနေရသော မီးခဲ တစ်ခဲမျှသာ ဖြစ်ပေ၏။

ပုဏ္ဏိကာသည် ဘဝပေါင်းများစွာက ဆည်းပူးခဲ့သော ကောင်းမြတ်သည့် ပညာ၊ ကောင်းမြတ်သည့် ပါရမီ ကုသိုလ် အင်အား များစွာ ရှိပြီးသူ ဖြစ်ပေသည်။
ထို့ကြောင့် ပုဏ္ဏိကာ အလောင်း ဘိက္ခုနီသည် လူပရိသတ်တို့အား ကောင်းစွာ တရားဟောနိုင်သည်။ တရားဟော ကောင်းသည်ဟုလည်း ထင်ရှားကာ ကိုးကွယ်ကြည်ညိုသူ ပေါများလေသည်။ ယင်းသို့ စာပေ ပရိယတ္တိ ဂုဏ်ရှိ၍ ပိဋကတ်ကျမ်းတို့၌ အလွန် တတ်ကျွမ်း အစွမ်းသတ္တိ အလွန်ရှိသဖြင့် ဗဟုသုတ ပညာ ဂုဏ် ပြည့်စုံသည့်အတွက် အခြံအရံ ပေါများလာသည်။ ထင်ရှားကျော်စောလာသည်။
ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ ဟူသော မြတ်စွာဘုရား ခြောက်ဆူတို့၏ သာသနာတော်တွင်းဝယ်၊ ပုဏ္ဏိကာသည် ခြောက်ဘဝလုံးလုံး ဘိက္ခုနီ လုပ်ခဲ့ဖူးသည်။ ထိုဘိက္ခုနီ ဘဝများ တွင် သီလဖြင့် ပြည့်စုံသည်။ ဣနြေ္ဒကို ထိန်းသိမ်း စောင့်ရှောက်သည်။ ပဋကတ်သုံးပုံကို ကျေညက် နိုင်နင်း သည်။ ဗဟုသုတ အကြားအသိ ကြွယ်ဝသည်။ မသိလျှင် သိအောင် ဆွေးနွေးမေးမြန်းသည်။ တရား တော်ကို နာကြားသည်။
ပုထုဇဉ်မျှသာ ဖြစ်သော ထိုဘိက္ခုနီသည် ယင်းတို့၌ သာယာ၍ မောက်ကြွားဝင့်ဝါစိတ် ဝင်လာသည်။ ငါနှင့်ငါ သာ နှိုင်းစရာဟု ဘဝင်မြင့်လာသည်။ မာနတက်လာသည်။ တစ်ပြိုင်နက်ပင် သီတင်းသုံးဖော် ရဟန်း မိန်းမ များကို အထင်သေးလာသည်။ ရိုသေထိုက်သူကို မရိုမသေ မထီလေးစား ပြုလာသည်။ ငယ်ရွယ်သူနှင့် တန်းတူများကို မတူမတန် သဘောထားလာသည်။
ယခု နောက်ဆုံးဘဝသို့ ကျရောက်သောအခါ ထိုဘိက္ခုနီသည် တရားဟောပြောခြင်း စသော ကောင်းမှု ကုသိုလ်များကြောင့် လူအဖြစ်ကိုကား ရပါ၏။ သို့သော် ပညာဂုဏ် မောက်ကာ ရဟန်းမိန်းမများအား မလေး မခန့် ပြုမိသော အကုသိုလ်ကံကြောင့် အိုးခွက် ဆေးကြော ထိန်းသိမ်းရသော အစေအပါး၏သမီး ဖြစ်လာ ရပေ၏။
ထို အစေအပါး သမီး မိန်းကလေးကို မမွေးမီ အခြား အစေအပါးများမှ ကလေးများ မွေးဖွားခဲ့ရာ ကိုးဆယ့်ကိုး ယောက် ရှိ၏။ ထိုမိန်းကလေးကား ရာပြည့် မိန်းကလေး ဖြစ်သဖြင့် “ပုဏ္ဏိကာ” ဟု အမည်ပေး၏။ ပုဏ္ဏိကာ ကို ရာပြည့် အထိမ်းအမှတ် အဖြစ် အစေအပါး ဘဝမှ တော်လှန်စေသော်လည်း အစေအပါး အဖြစ်မှ မလွတ် မြောက်ပေ။ သောတ္ထိယ ပုဏ္ဏားကို တရားပြသောအခါကျမှသာ အမှန် လွတ်မြောက်လေ၏။
သို့ရာတွင် ပုဏ္ဏိကာသည် သူဌေးသမီးအဖြစ် ကောင်းမွန်စွာ နေရခြင်းတွင် သာယာခုံမင်၍ မနေပေ။ အကုသိုလ်ကံများ မှေးမှိန်လာချိန်တွင် ဘဝများစွာက ဆည်းပူးသိုလှောင် ထားခဲ့သော ပါရမီ အင်အားများ လည်း လှုပ်ရှားလာသဖြင့် အနာထပိဏ် သူဌေးကြီးထံတွင် ခွင့်တောင်းကာ ရဟန်းပြုလေ၏။
ပုဏ္ဏိကာ ဘိက္ခုနီသည် ရဟန်းပြုပြီး မကြာမြင့်မီပင် ရဟန္တာ ဖြစ်တော်မူတော့သည်။ အဘိညာဉ် ခြောက်ပါး ပဋိသမ္ဘိဒါ လေးပါးဖြင့် ပြည့်စုံတော်မူသည်။ တန်ခိုးလည်း ကြီး၏။ တရားဟောပြောမှုလည်း ကောင်း၏။ ထို့ကြောင့် ပုဏ္ဏိကာထေရီ ဟူ၍ ထင်ရှားတော်မူ၏။

0 comments:
Post a Comment