မင်္ဂလာရှိအောင် ပေးခြင်းဆောင်
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအနေဖြင့် အောက်တိုဘာလအတွက် (၁၉)ကြိမ်မြောက်အဖြစ် လှူဒါန်းခဲ့သော နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁)တောင်သာမြို့နယ်၊ မကြီးချိုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် အလှူငွေ(၇)သိန်း ကျပ်ကို မနုနုယဉ် (၉/တသန(နိုင်)၀၈၆၀၅၆၊ ရွှေရည်လင်းပွဲရုံ၊ ပျဉ်းမနား၊ ဘောဂသီရိကားကွင်း၊ နေပြည်တော်၊ မြို့မဈေးပွဲရုံတန်း နေပြည်တော် ၊ သပြေကုန်းဈေးပွဲရုံတန်း နေပြည်တော်။ ဖုန်းနံပါတ် - ၀၆၇-၂၂၅၃၅) ထံသို့ ရိုးမဘဏ် (ပျဉ်းမနား)မှ လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် ထိုမူလတန်းကျောင်း ဆောက်လုပ်ဆဲဖြစ်ပါသည်။ မှတ်တမ်းဓါတ်ပုံများကို ကျောင်းဆောက်လုပ်ပြီးချိန်တွင် သီးသန့်ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။
(၂)မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မြင်သာထေရ၀ါဒပရိယတ္တိစာသင်တိုက်နှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်း၊ အတွက် အလှူငွေ(၄)သိန်းကျပ်ကို မခင်နှင်းအောင် (မှတ်ပုံတင်- ၁၀/ဘလန(နိုင်)၀၅၁၄၃၇ အမှတ်(၃) သီတာလမ်း၊ ဘိုးရာဇာရပ်ကွက်၊ ဘီးလင်းမြို့ ( မွန်ပြည်နယ် ) ဖုန်း / ၀၅၇ - ၆၄၃၀၂)ထံသို့ ဘီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ လှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းမှုတွင် မှတ်တမ်းဓါတ်ပုံများမှာ နေရာဝေးကာလွန်း၍ အင်တာနက်မှ ပြန်လည်ပေးပို့ပေးရန် အခက်ခဲများရှိသည့်အတွက် လက်ရှိတွင် ဖော်ပြနိုင်ခြင်းမရှိသည်ကို ခွင့်လွှတ်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခွင့်အားလျော်စွာ ထိုမှတ်တမ်းဓါတ်ပုံများကို ပြန်လည်ဖော်ပြပေးမည်ဖြစ်ပါသည်။
(၃)ကနီမြို့တွင် ဆောက်လုပ်လျှက်ရှိသော ဘုရားရှင် ကန္ဓကုဋီကျောင်းဆောင်တော်အတွက် ကိုညီညီရှိန်၏ ဇနီးထံကို အလှူငွေ(၃)သိန်းကျပ်အား မသန္တာဦး (ဗကညီညီရှိန်၏ဇနီး)၊ (အမှတ်-၄၅၊ ၆-လွှာ၊ ကျောက်မြောင်း ကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ တာမွေမြို့နယ်၊ ဖုန်း-095088398)ထံသို့ ဗိုလ်ကြီး ထွန်းထွန်းလှိုင်မှ သွားရောက် လှူဒါန်းခဲ့ပါသည်။ မသန္တာဦးမှ ကနီမြို့ ကျောင်းတော် ဆောက်လုပ်မှုအတွက် သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော် ကျောင်းအလှူ မှတ်တမ်းဓါတ်ပုံများမှာ ပြန်လည်ပေးပို့ခြင်း မရှိသေးသည့်အတွက် သီးခံစောင့်ဆိုင်းပါရန် ထပ်ဆင့်မေတ္တာရပ်ခံ အပ်ပါသည်။
(၄)နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မန်တလိတ်ကျေးရွာတွင် စပါး ပြန်လည်စိုပျိုးရန် မျိုးစေ့အတွက် လိုအပ်သောငွေကို လှူဒါန်းခဲ့ပါသည်။ ထိုအတွက် အလှူငွေကို ပထမဦးစွာ အန်တီ ဒေါ်ခင်မေလွင်(ရန်ကုန်)ထံသို့ ပို့ပေးခဲ့ပါသည်။ ထိုအလှူအတွက် ကူညီဆောင်ရွက်ပေးမည့် မအေးအေးခိုင်-ဖုန်း ၀၉၅၁၉၅၃၀၈မှ အန်တီဒေါ်ခင်မေလွင်ထံသို့ လှူဒါန်းငွေ(၄)သိန်းကို လာရောက်ယူ၍ မန်တလိတ်ကျေးရွာတွင် ကူညီ၍ လှူဒါန်းပေးခဲ့ပါသည်။ ထိုသို့လှူဒါန်းမှုအတွက် မှတ်တမ်းဓါတ်ပုံများမှာ ကျွန်တော်တို့ထံသို့ မရောက်ရှိသေးသည့်အတွက် ပြန်လည်ဖော်ပြနိုင်ခြင်း မရှိသေးသောကြောင့် နားလည် နိုင်ပါရန် တင်ပြအပ်ပါသည်။
(အလှူဒါနအစုစုအတွက် ကူညီဆောင်ရွက်ပေးကြသော ဓမ္မမိတ်ဆွေအပေါင်းအား ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များမှ အထူးကျေးဇူးတင်ရှိပါကြောင်း ဤနေရာမှ ပြောကြားအပ်ပါသည်။) ထိုကဲ့သို့ (၁၉)ကြိမ်မြောက် အလှူတော်အတွက် ၀မ်းမြောက်ဝမ်းသာစွာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အတွက် အောက်ပါဆောင်းပါး ဖြင့် ဓမ္မဒါနပြုအပ်ပါသည်။
လောကတွင် လူသားတိုင်း ကြီးပွားတိုးတက်ချမ်းသာချင် ကြသည်ဆိုသည်မှာ လောက သဘာဝတရားပင်ဖြစ်ပေသည်။ ကြီးပွားချမ်းသာဖို့အတွက်ပင် နေ့စဉ်နေ့တိုင်း လူသားတို့သည် ကြိုးစားရုန်းကန် လှုပ်ရှားနေရပေသည်။ ချမ်းသာသုခသည် စစ်မှန်သောအကြောင်းတရားကသာ ပေးစွမ်းနိုင်ပေသည်။ လူသားတိုင်းသည် စီးပွားဥစ္စာတိုးတက်ပြီး ချမ်းသာချင်ကြပေသည်။ လူသားတိုင်းသည် စီးပွားဥစ္စာပေါများသော်လည်း မတင်းတိမ်ပေ။ အသက်ရှည်စွာဖြင့် ကျန်းကျန်းမာမာနေချင်သည်။ ရာထူး၊ ဂုဏ်ကျော်ကြားမှုများကိုလည်း အဆုံးမရှိစွာ လိုအင်ဆန္ဒရှိပြန်ပေသည်။ နောက်ဆုံးအနေဖြင့် တမလွန်ဘ၀တွင်ပါ ကောင်းရာသုဂတိပါ ရောက်ချင်ပြန်ပေသည်။ လူသားတို့၏ မျှော်လင့်ချက်ကား မကုန်နိုင်ပေ။ ထိုသို့သော ချမ်းသာတရားများသည် ဓမ္မလမ်းကြောင်းမှ သွေဖီ၍ မည်သည့်ချမ်းသာသုခုမှ စစ်စစ်မှန်မှန်မရနိုင်ပေ။ မှန်ကန်သောဓမ္မလမ်းကြောင်းပေါ်မှ လျှောက်မှသာ မှန်ကန်သော ချမ်းသာသုခကိုရနိုင်ပေမည်။
မြတ်စွာဘုရားရှင်သည် လောကလူသားများအတွက် လောကမှာကြီးပွားကြောင်း ချမ်းသာကြောင်းတရား အနေဖြင့် မင်္ဂလာတရား(၃၈)ပါးကို၊ ဟောကြားတော်မူပေသည်။ မြတ်စွာဘုရားရှင် မပွင့်ထွန်းမှီ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေအားလုံး မင်္ဂလာတရားရဲ့အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုခဲ့တာဆိုရင် တစ်ဆယ်နှစ်နှစ် ကာလပတ်လုံးကြာမြင့်ခဲ့တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း မင်္ဂလသုတ်တရားတော်ကို ရင်းနှီးစွာ ကြားနာဘူးပေသည်။ မိမိတို့၏ပတ်ဝန်းကျင်တွင်လည်း လူသားတိုင်း မင်္ဂလာပါဆိုတဲ့စကားလေးကို အမြဲတစေ ပြောဆိုနေသည်များကိုလည်း ကြားဘူးကြပေမည်။ လောကီမင်္ဂလာ တရားများသည် ဘုရားရှင်ဟောကြားသော မင်္ဂလာ တရားတော်နှင့် ကိုက်ညီပါ၏လော။
မင်္ဂလာဆိုသည်မှာ မကောင်းမူအကုသိုလ်မှန်သမျှဖယ်ရှားပစ်လိုက်ပြီး ကောင်းမူ့ကုသိုလ်တရားတွေ တိုးပွားအောင်ဆောက်ရွက်ခြင်းသည် မင်္ဂလာဖြစ်ပေသည်။ ကောင်းတဲ့စရိုက်တွေထင်ရှားလာတဲ့သောအခါ ကြီးပွားတိုးတက်ရာဖြစ်တဲ့အတွက် မင်္ဂလာတရားတော်နှင့်ညီပေသည်။ ဒီအချက်အလက်တွေနဲ့ပြည့်စုံမှသာ မင်္ဂလာတရားရဲ့ အနစ်သာရသည် ပြည့်စုံမှာဖြစ်ပါသည်။ ထို့ကြောင့် မကောင်းမူအကုသိုလ်တရားများ ပယ်ရှောင်ရှားပြီး ကောင်းမူတရားတွေပြည့်စုံအောင်ဖြည့်ကျင့်နေရပေမည်။ မဂ်လာတရားအနေဖြင့် (၃၈)ပါးရှိပေသည်။ မဂ်လာတရားများသည် နှုတ်တွင် ရွတ်ဆိုနေရုံဖြင့် မပြီးပြည့်စုံပေ။ မိမိတို့၏နေ့စဉ်လုပ်ဆောင်နေသော ကံသုံးပါးလုံးဖြင့် ဖြည့်ကျင့်နေမည်ဆိုလျှင် ကြီးပွားတိုးတက်ရာ ချမ်းသာခြင်းဖြစ်ပေလိမ့်မည်။
အလှူရေစက် လက်နှင့်မကွာဆိုသော စကားများသည် မိမိတို့မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ၏ ဒါနတရားနှင့် ဆက်စပ်၍ အထူးပင်တိုက်တွန်းစရာမလိုအောင် သဒ္ဓါတရားပေါကြွယ်ဝလှသည်မှာ သိသာထင်ရှား လှပေသည်။ တစ်မူးရလို့၊ တစ်ပဲလှူ ဒိုရှမ်းတောင်သူ တူနိုင်ရိုးလား၊ ချစ်စဖွယ်ရိုးသား တောင်ပေါ်သားတို့သည်လည်း အလှုဒါနှင့်ပက်သက်၍ ဂုဏ်ယူကြပြန်ပေသည်။ နေရာတိုင်းတွင် ကျွေးမွေးလှူဒါန်းသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်လာများကို ကြည့်ခြင်းအားဖြင့်လည်း ဒါနတရားနဲ့ပက်သက်၍ လွန်စွာပင် ကြည်နူးဖို့ကောင်းပေသည်။ ထို့သို့ပြုလုပ်နေသောဒါနတရားသည် မဂ်လာတရားတွင် တစ်ပါးအပါအ၀င်ဖြစ်ပေသည်။
ဒါနပြုခြင်းအားဖြင့် မကောင်းမူတွေဖယ်ရှားပြီး ကောင်းမူတွေဖော်ထုတ်လိုက်ခြင်းဆိုသောအချက် (၂)ချက် ပါဝင်ပေသည်။ ထိုအချက်နှစ်ချက်ပါဝင်နေသောကြောင့် ဒါနပြုခြင်းသည် ကြီးပွားချမ်းသာ တိုးတက်ရာ ဖြစ်ပေသည်။ ဒါနကို ဆန့်ကျင့်ဘက်ပြုရမည်ဆိုလျှင် မကောင်းမူတွေ ကိုဖော်ထုတ်ပြီး ကောင်းမူတွေကို ငုပ်လျှိုးသွားစေမယ်ဆိုရင် ပျက်စီးရာ ပျက်စီးကြောင်းသာဖြစ်ပါလိမ့်မည်။
ဒါနဟူသည် အလွန်ကောင်းမြတ်သော အသိဥာဏ်သာလျှင် ရှေ့သွားရှိသော စေတနာသည် ဒါနဖြစ်ပါသည်။ ဒါနံ- စွန့်ခြင်း၊ ကြဲခြင်း၊ ပေးခြင်း၊ ကမ်းခြင်း၊ လှူဒါန်းခြင်းအမည်ရ မြတ်ဒါနသည် ဥတ္တမံ- ကောင်းမြတ်လှစွာသော၊ မင်္ဂလံ- မင်္ဂလာကြီးတစ်ပါးဖြစ်ပေသည်။ ဘုရားရှင်က မင်္ဂလာသုံးဆယ့်ရှစ်ပါး ဟောကြားရာတွင် စွန့်၊ ကြဲ၊ ပေး၊ ကမ်း၊ လှူဒါန်းမူဒါန အကျင့်တရားကို မြင့်မြတ်သောမင်္ဂလာတစ်ပါးဟု ဟောကြားခဲ့သည်။ ထို့ကြောင့် မင်္ဂလာရှိလိုသူတို့အတွက် စွန့်သင့်တာကို စွန့်ရမည်။ ကြဲသင့်တာကို ကြဲရမည်။ ပေးသင့်တာကို ပေးရမည်။ ကမ်းသင့်တာကို ကမ်းရမည်။ လှူသင့်တာကို လှူရပေမည်။ ဒါနဟူသည် ပစ္စည်းဥစ္စာကြွယ်ဝသည်နှင့် မသက်ဆိုင်ပေ။ စေတနာနှင့် သဒ္ဓါတရားသည်သာ အဓိကဖြစ်ပေသည်။
လောက၌ ပေးသင့်တာကိုပေးပြီး၊ ရသင့်ရထိုက်တာကို ယူလျှင် သဘာဝကျသည်။ တရားမျှတသည်ဟု ဆိုရပေမည်။ လူတိုင်းတွင် အပေးလည်းရှိသည်။ အယူလည်းရှိပေသည်။ လူလူချင်း အပေးအယူနှင့် ပေါင်းသင်း ဆက်ဆံနေထိုင်ကြရပေမည်။ ထို့ပြင် ယူသင့်ယူထိုက်သည်ကိုသာ ယူရမည်။ ဒါသည် အခြေခံအကျဆုံးသော လူကျင့်ဝတ်ဖြစ်သည်ဟုလည်း လောကနီတိအရဆိုနိုင်ပါသည်။
မိမိ၏ဘ၀ကိုယ်တော့ အယူနှင့်တည်ဆောက်ကြရပေမည်။ ပညာယူရမည်။ ရသင့်ရထိုက်သော အခွင့်အရေးကိုယူရမည်။ သို့သော် ဘ၀ဆိုသည်မှာ မိမိ၏တစ်ဘ၀တည်းမဟုတ်ပေ။ မိမိနှင့်အမြဲမကွာဆက်စပ်နေသော ပတ်ဝန်းကျင်ဘ၀တွေလဲ ရှိသေးသည်။ သို့ဖြစ်၍ မိမိ၏ဘ၀တစ်ခုတည်းကို တည်ဆောက်နေရုံဖြင့် မပြီးပြည့်စုံသေးပေ။ ပတ်ဝန်းကျင်ဘ၀တွေကိုလည်း ကူညီတည်ဆောက်ကြရပေမည်။
ပတ်ဝန်းကျင်ဘ၀တွေကို တည်ဆောက်ရာ၌ အယူနှင့်တည်ဆောက်၍မရ၊ အပေးနှင့်သာ တည်ဆောက်ရမည်။ အယူသည် အတ္တဟိတကို တည်ဆောက်ခြင်းဖြစ်၍၊ အပေးသည် ပရဟိတကို တည်ဆောက်ခြင်းဖြစ်ပေသည်။ မိမိတို့သည် ငါဘာကို တည်ဆောက်နေသလဲဟု နေ့စဉ်နေ့တိုင်း စဉ်းစားရပေမည်။ ဘုရားဖြစ်ဖို့ကျင့်စဉ်၌ စရိယာသုံးပါးရှိပေသည်။ ပထမ လောကတ္ထစရိယ လောကကောင်းကျိုး၊ ဒုတိယ ဉာတ္ထစရိယ ဆွေမျိုး၊ လူမျိုး ကောင်းကျိုးကိုကျင့်သည်။ တတိယ ဗုဒ္ဓတ္ထစရိယာ ဘုရားဖြစ်ဖို့အတွက် မိမိကောင်းကျိုးကိုကျင့်သည်။ ဘုရားအလောင်းတော်တို့ကတော့ ကိုယ်ကျိုးကိုနောက်ဆုံးမှာကျင့်ပေသည်။
မြတ်စွာဘုရားရှင်သည် သုမေဓါရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာမြတ်စွာဘုရားရှင်၏ ခြေတော်ရင်း၌ နောင်လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်သောအခါ၌ ငါကဲ့သို့ ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပန်း ဆင်မြန်းပြီး သည့်နောက် ရှေးကပွင့်ခဲ့ဘူးသော ဘုရားအဆူဆူတို့သည် စွန့်ခြင်း၊ ကြဲခြင်း၊ ပေးခြင်း၊ ကမ်းခြင်း၊ လှူဒါန်းခြင်းဟူသော ဒါနအကျင့်ကို ဦးစားပေး ကျင့်သွားကြောင်းမြင်တော်မူလေသည်။ ထို့ကြောင့် ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားက ဘုရားအဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၍ အမြိုက်တရား ဟောကြားလျှက် အများဝေနေ ကျွတ်လွတ်စေ၏ ဟူ၍ ဆုံးမထားပါသည်။ ဘုရားသော်မှ ဒါနကူလို့ ဒါနအကူ အညီနှင့်ဘုရားဖြစ်ရပေသည်။ ထို့ကြောင့်ဒါနသည် မြတ်စွာဘုရားရှင်တိုင်း၏ ပထမစာမျက်နှာတွင် အရေးကြီးသော ကဏ္ဍတစ်ရပ်တွင် ပါဝင်ပေသည်။
ဘုရားအလောင်းတော်သည် သဗ္ဗညုတဥာဏ်တော်အတွက် သွေးတွေဖောက်ပြီး စွန့်လွှတ်လှူဒါန်းခဲ့တာဆိုရင် သမုဒ္ဓရာလေးစင်းက ရေတွေထက်များပေသည်။ အသားတွေ လှီးဖြတ်လှူခဲ့ရတာဆိုရင်လည်း မဟာပထ၀ီ မြေကြီးထက်များပေသည်။ မျက်လုံးတွေ ထုတ်လှူ၊ စွန့်လှူခဲ့ရတာည်း ကောင်းကင်မှ ကြယ်တာယာတွေ ထက်ပင်များပေသည်။ အခြား ခြေ၊ လက်၊ အင်္ဂါတွေစွန်ခဲ့ရသည်မှာလည်း မရေမတွက်နိုင်အောင်ရှိပေသည်။ မြတ်စွာဘုရားရှင်သည် သတ္တ၀ါတွေချမ်းသာသုခအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဖြည့်ခဲ့ပေသည်။ မြတ်စွာဘုရားရှင်၏ သတ္တ၀ါတွေအားလုံးအပေါ်တွင်ထားသော မေတ္တာ၊ ကရုဏာမှာ အနှိုင်းဆမဲ့အောင် ကြီးမားပေသည်။ ထိုသို့ စွန်လွှတ်ခဲ့ခြင်းများသည် သတ္တ၀ါအားလုံး၏ အကျိုးစီးပွား ချမ်းသာ ရဖို့အတွက်ပင်ဖြစ်ပေသည်။ ဘုရားအလောင်းတော်ဘ၀ကပင် ကြည်ညိုဖို့ကောင်းလှပါသည်။
ဘုရားအလောင်းတော် ဝေသန္တရာမင်းသားဘ၀တွင်လည်း မွေးမွေးချင်း အမေဘာများပေးလှူစရာရှိပါလဲဟု မေးလေသည်။ ထိုအခါအမေလုပ်သူသည် အသပြာတစ်ထောင်ထုတ်ကို ရှေ့မှာချပေးလေသည်။ ထိုအခါဘုရား အလောင်းတော် ဝေသန္တရာမင်းသားသည် အနီးရှိအထိန်းတော်ကြီးဆီကို တွန်းထိုးပေးလေသည်။ ဘုရားအလောင်းတော်၏ ပေးကမ်းသောလက်အထုံသည် ထိုကဲ့သို့ပါလာလေသည်။ ယူဖို့ဘယ်သောအခါမှ စဉ်းစားခြင်းမရှိပေ။
ထိုကြောင့် ဘုရားရှင်ဖြစ်လာသောအခါ သုံးဆယ့်ရှစ်ဖြာမဂ်လာတရားတော်တွင် စွန့်ကြဲပေးကမ်းမူ အလှူဒါနသည် ကောင်းမြတ်သော မဂ်လာတစ်ပါးဖြစ်သည်ဟု ဟောကြားတော်မူလေသည်။ အပေးသာင်္မလာဟု ဟောပြီး အယူကိုမင်္ဂလာဟု မဟောပေ။ သို့ဖြစ်၍ မင်္ဂလာရှိဖို့ဆိုလျှင် ပေးသင့်ပေးထိုက်တာကို ပေးကြရပေမည်။ ပေးလျှင် မင်္ဂလာရှိသည်။ မပေးလျှင် မင်္ဂလာမရှိဟု အဓိပ္ပါယ်ရပေသည်။ ထို့ကြောင့် ပေးကမ်းခြင်းအမူကို ပြုကြ ရပေမည်။
အပေးအယူနှစ်မျိုးနှင့်နေထိုင်သော လောကကြီးတွင် ထိုနှစ်ခုမညီမျှမူကြောင့် ပြဿနာတက်ကြရသည်ကများပေသည်။ ငါးပါးသီလသိက္ခာပုဒ်တွင်လည်း အဒိန္နာဒါနာ သူတစ်ပါးမပေးတာကို ယူခြင်းမှ ဝေရာမဏိ ရှောင်ကြဉ်ပါ၏ဟု ဟောကြားဆုံးမထားပါသည်။ ပေးသင့်ပေးထိုက်တာကိုပေး၍ ယူသင့်ယူထိုက်တာကိုယူမှ သဘာဝကျပေသည်။ ပေးသင့်ပေးထိုက်တာကို မပေးပဲနှင့် မယူသင့်မယူထိုက်တာကိုတော့ ယူလျှင် သဘာဝမကျပေ။
မင်္ဂလာဟူသည် သဘာဝကျခြင်းလည်းဖြစ်ပေသည်။ သဘာဝကျလျှင် မင်္ဂလာရှိသည်။ သဘာဝမကျလျှင် မင်္ဂလာမရှိ။ မင်္ဂလာရှိဖို့ဆိုလျှင် သဘာဝကျအောင်လုပ်ရပေမည်။ အပေးနှင့်အယူတွင် အပေးကိုသာ မင်္ဂလာဟုဟောကြားလေသည်။ ထို့ကြောင့် မဂ်လာရှိအောင်နေထိုင်ဖို့အတွက် တစ်ခုခုကိုတော့ပေးရမည်။ ပေးနိုင်ရပေမည်။ ဒုက္ခကိုသာမပေးနှင့် ကျန်တာတွေအားလုံးပေးနိုင်သည်။ လက်၏စောင်မခြင်း၊ နှုတ်၏ ဆောင် မခြင်းဆိုသလို ကိုယ်တတ်နိုင်တာကိုယ်ပေးကြရမည်။ ထို့ကြောင့် ပေးကမ်းခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်ပေသည်။ ထို့ကြောင့် မင်္ဂလာရှိဖို့အတွက်ဆိုရင် မင်္ဂလာတရားတော်အတိုင်း ကျင့်ကြံကြိုးစား အားထုတ်ရ ပေမည်။
ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နစ်ပါး ကျန်းမာချမ်းသာကြပါစေ
ကိုညီ
မှတ်ချက်။ ။ အရှင်သံဝရလင်္ကာရ၏ ဆောင်းပါးများအားမှီငြမ်းပါသည်။

0 comments:
Post a Comment