အဇ္ဈတ္တသန္တာန်ကို ဗဟိဒ္ဓပြင်မှာ ထင်ဟပ်ကြည့်ခြင်း
ဒီနေ့ မြန်မာမလေးတွေ ပုံစံပြောင်းသွားပြီ၊ မြန်မာအမျိုးသားလေးတွေ စတိုင်တွေ ရောထွေးကုန်ပြီ၊ အင်း အတွင်းစိတ်သန္တာန်ကိုတော့ ဘယ်သူသိနိုင်ပ၊ ပြောင်းသွားပြီလား၊ မပြောင်း သေးဘူးလား၊ ဘယ်လိုများသိနိုင်ပ၊ စဉ်းစားရခက်ကြီးပေါ့…
အဖေလည်း မကယ်နိုင်၊ အမေလည်း မပြင်နိုင်၊ အဘိုးအဘွားတွေလည်း ထိန်းမတတ်၊ ညီကိုမောင်နှမ သားချင်းတွေလည်း ကာကွယ်မပေးနိုင်၊ ယဉ်ကျေးမှုတွေ ယိမ်းယိုင်ကုန်ပေါ့။
မြန်မာ့ယဉ်ကျေးမှုအစ ဟိရီနဲ့သြတ္တပ္ပကလို့ ဆိုရပါမယ်၊ မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓသာသနာ ထွန်းကားတဲ့နိုင်ငံပါ၊ လူနေမှုစနစ်ကို ဗုဒ္ဓအဆုံးမတွေနဲ့တည်ဆောက်ထားခဲ့တာပါ၊ ဟိုး…. ရှေး အဝေးကြီးကိုတော့ မမြင်နိုင်လို့ မသိကြတော့ဘူးပေါ့၊ သို့သော် ပုဂံခေတ် (၁၁ ရာစု)မှာတော့ မြန်မာ့ သမိုင်းကို ကောင်းကောင်း မှတ်တမ်းထိုး၊ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်၊ ဆိုတော့ မြန်မာ့ယဉ်ကျေးမှု ဟာ အဲဒီက စတယ်လို့ပြောရမယ်ပေါ့၊ အဲဒီက စတယ်ဆိုရင်ဖြင့် အနော်ရထာနဲ့ ရှင်အရဟံတို့က ဦးစီးခဲ့တယ် အုပ်မြစ်ချခဲ့တယ် ပြောရမှာပါ။
ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတော်ကြီးကို အနော်ရထာက ရှင်အရဟံရဲ့ဦးဆောင်မှုနဲ့ တည်ထောင် ပေးခဲ့တာပါ၊ အဲဒီနေ့က စပြီး ဒီနေ့တိုင်အောင် မြန်မာပြည်ဟာ ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားခဲ့တဲ့ နိုင်ငံတော်ကြီးပေါ့၊ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဓမ္မတွေကို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ နှုတ်ပယ်ခြင်း အလျဉ်းမပြုခဲ့ဘဲ လိုက်နာခဲ့ကြတာ ယနေ့တိုင်အောင်ပေါ့။
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ပုံဓမ္မသတ်ဆိုတာတွေကလည်း မြတ်ဗုဒ္ဓရဲ့ ဓမ္မတွေကိုပဲ အခြေခံ ခဲ့တာပေါ့၊ သို့သော်… ယနေ့ မြန်မာမလေးတွေ၊ မြန်မာအမျိုးသားလေးတွေ အများစုဟာ ဟိရီလို့ခေါ်တဲ့ အရှက်တရားနဲ့ သြတ္တပ္ပလို့ခေါ်တဲ့ အကြောက်တရားတွေ နည်းနည်းလာကြပြီလို့များ ပြောရင် ပြောသူအလွန်များ ဖြစ်မလားတော့မသိ။
တစ်ခြားတွေကို မပြောသေးဘဲ ၀တ်စားဆင်ယဉ်ထုံးဖွဲ့မှုကို ပြောကြည့်ရအောင်ပါ၊ ဒီနေ့ ကလေးတွေ ဘယ်လိုများ အ၀တ်အထည်တွေကို ၀တ်ဆင်နေကြတယ်၊ ဘယ်လိုပုံစံ ခန္ဓာကိုယ်ကို ပုံဖော်နေကြတယ်ဆိုတာ ကြည့်သူတိုင်း မြင်၊ မကြည့်လည်းဘဲ တွေ့နေကြရမှာပါ၊ ဒါဟာ ဘာကြောင့် ဒီလိုဝတ်ကြ ဆင်ကြ ပြင်ကြတာလည်းလို့ စဉ်းစားတွေးခေါ်ကြည့်မယ်ဆိုရင်ဖြင့် ၀တ်ရဲလို့ ၀တ်ကြတာ၊ ဆင်ရဲလို့ ဆင်နေကြ၊ ပြင်ရဲလို့ပြင်နေကြတယ်လို့ တွေ့ရမှာပါ။
အမျိုးသမီးလေးအများစု၊ အထူးသဖြင့် မြို့နေ လူတန်းစား၊ အထက်တန်းလွှာ၊ အလယ်တန်း လွှာ၊ အောက်တန်းလွှာ အလွှာမျိုးစုံမှာကိုပဲ ၀တ်စားဆင်ယဉ်မှုတွေ ဆိုးရွားနေပါပြီ၊ ဒါဟာ မြန်မာလို့ ကြိမ်ပြောရင်တောင် ယုံဘို့ခက်နေပါပြီ၊ မြန်မာမလေးတွေဟာ အလွန်ပဲ ဣနြေ္ဒကို စောင့်စည်း တတ်ကြတဲ့အမျိုးပါ၊ ဟိုးတုန်းကပေါ့၊ ဒီနေ့ အဲဒီဣနြေ္ဒတွေ သိက္ခာတွေဟာ ဟိုးရာစုနှစ်ဘက်မှာ ကျန်နေခဲ့ပြီလို့ ပြောလို့ရနေပါတယ်။
ခု ဒီနေရာမှာ အဇ္ဈတ္တသန္တာန်လို့ခေါ်တဲ့ လူ့ရဲ့စိတ်ကို ဗဟိဒ္ဓသန္တာန်လို့ခေါ်တဲ့ အပေါ်ယံ၊ အမြင် အာရုံကို ထင်ဟပ်ကြည့်မှာဖြစ်ပါတယ်၊ ဘာလို့များ ခုလို လျပ်ပေါ်လော်လီတဲ့ အ၀တ်မျိုးကို ၀တ်ဆင်ရဲ ကြတာလဲ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ၀တ်စားဆင်ယဉ်ထုံးဖွဲ့မှုကို ပြုလုပ်နေကြတာလဲ၊ ကိုယ့်ယဉ် ကျေးမှုရဲ့ ဟီရိနဲ့သြတ္တပ္ပတရားနှစ်ခုကို ဘာကြောင့် မလိုက်နာကြတော့တာလဲ…. အဲဒီလို အမျိုးမျိုးပုံဖော် ဆင်ခြင်ကြည့်တော့ တစ်မျိုးထဲပဲ တွေ့ပါတယ်၊ အဲဒီလို လုပ်ရဲကြလို့၊ အဲဒီတရားနှစ်ပါးကို အလေးမထားကြတော့လို့လို့ တွေ့ရပါတယ်။
ဘာလို့အဲလိုဖြစ်တာလဲ ထပ်ကြည့်တော့၊ သူတို့ရဲ့ရင်ထဲ အသည်းထဲ နှလုံးသားထဲမှာ မြတ်ဘုရားရဲ့ အဆုံးမတွေ ဝေးဝေးသွားလို့၊ တဖြေးဖြေး ကင်းကင်းလာလို့၊ ဒီလိုပြောလို့ပြောလို့ ရပါတယ်၊ ဆင်ခြေတက်နိုင်ပါတယ်၊ လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယဉ်မှုတစ်ခုတည်းကို ကြည့်ပြီးတော့ အဲဒီတစ်ယောက်ရဲ့ အတွင်းစိတ်ကို မသိနိုင်ပါဘူးလို့၊ ဟုတ်ကဲ့… ဖြစ်နိုင်ပါတယ်၊ တကယ်လည်း ဖြစ်တတ်ပါတယ်၊ သို့သော် ယေဘုယျသဘောတရားနဲ့ ပြောရရင်တော့ အပြင်ပ ဗဟိဒ္ဓဟာ အတွင်းအဇ္ဈတ္တကို မြင်နိုင်တဲ့ တံခါးပေါက်ပါပဲ၊ ဒါကြောင့်လည်း ပြောကြတာပေါ့၊ မျက်လုံးဟာ စိတ်ပြုတင်းတဲ့၊ ဘာပဲပြောပြောပေါ့၊ လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်မို့ ကုမ္ပဏီက ဆင်တဲ့အ၀တ်တွေကို ၀တ်ရပါတယ်လို့ ပြောချင်ရင်ဖြင့် ပြောပေါ၊ လုပ်ငန်းခွင်အပြင်မှာတော့ အိမ်မှာတော့ လမ်းမှာတော့၊ ကျောင်းမှာတော့၊ ဘုရားမှာတော့ မြန်မာဆန်ဆန် ဟိရိ+သြတ္တပ္ပတရား နှစ်ပါးနဲ့အညီ ၀တ်စားဆင်ယဉ် ထုံးဖွဲ့သင့်တယ်ထင်ပါတယ်၊ မြင်ပါတယ်။
အဲဒီလိုတွေက ဘာဖြစ်လို့ဝတ်တာလဲမေးကြည့်၊ ၀တ်ချင်လို့၊ သူများကို အတုခိုးပြီး ၀တ်ကြတာ ပါပဲ၊ လှမလား၊ သူစိတ်ဝင်စားမလား စတဲ့ ရည်ရွယ်ချက်ပေါင်းစုံနဲ့ပေါ့၊ သူများနိုင်ငံတွေမှာ သူများတွေက သူတို့ယဉ်ကျေးမှု သူတို့ရာသီနဲ့အညီဝတ်ကြတာပါ၊ သူတို့ကတော့ ဖော်ချွတ်ဆိုတာတွေ ကိုသိပ်မှ ဂရုမစိုက်ကြတာ၊ သူတို့ဟာသူတို့ သူတို့ယဉ်ကျေးမှုအညီ လှနေကြပါစေ၊ ကိုယ်ကလည်း ကိုယ့်ယဉ်ကျေးမှုနဲ့အညီပဲ လှနေကြရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ၊ တွေးကြည့်ကြပါ။
နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတွေကြည့်၊ သူတို့မင်းသား မင်းသမီးအများစုတွေရဲ့ ဆံပင်နီတာ၊ ဆံပင် ကြောင်ကြောင်ကျားကျား ဖြစ်တာ၊ ဆေးဆိုးထားသလိုဖြစ်နေကြတာ၊ အများစုဟာ သူ့ရေမြေ အလိုက် သူတို့ဟာ သူတို့မွေးတည်း ဖြစ်ပေါ်လာတဲ့ အရောင်တွေပါ၊ ဟို… ကပ္ပလီအမည်းတွေကတော့ တစ်မျိုးပေါ့၊ သူတို့မှာ ပြင်စရာဆိုလို့ ဆံပင်ပဲရှိတော့ ဒီဆံပင်ကိုပဲ အမျိုးမျိုး ပြုပြင်နေကြရတာကိုး၊ အဲဒီလိုတွေ ဖြစ်နေကြတာကို မြန်မာလူငယ်အမျိုးသားလေးတွေ အမျိုးသမီးလေးတွေက လိုက်တုပြီး မဲနက်သန်စွမ်းနေတဲ့ ဆံပင်တွေကို ဆေးရောင် အမျိုးမျိုးဆိုပြီး လှမလားဆိုပြီး ဆင်ယင်ပြုပြင်ကြတာ ဘာရုပ်တွေ ပေါက်နေကြတယ်မသိဘူးလေ။
အဲဒါတွေက မြန်မာ့အလှမှမဟုတ်တာ၊ မိန်းကလေးတွေ သူများနိုင်ငံသူတွေ စကပ်တိုတို ၀တ်သလို လိုက်ဝတ်ကြတယ်၊ သူများနိုင်ငံတွေ မွေးတည်းက အသားကျအောင် ၀တ်လာတော့ ၀တ်တတ်တယ်၊ နေတတ်တယ်၊ ထိုင်တတ်တယ်၊ မြန်မာမလေးတွေက သူများဆီက ခိုးထားတုထား တာဖြစ်လေတော့ မနေတတ်၊ မထိုင်တတ်၊ အထိုင်မတတ်၊ ဒုက္ခမှ တကယ့်ဒုက္ခ-ဆင်းရဲခြင်းပါပဲ။ တွေ့ဘူးတယ်၊ ပြီးခဲ့တဲ့နှစ် ရန်ကုန်က ရိပ်သာမှာ ရှင်ပြုရဟန်းခံ၊ ငါးတန်း ခြောက်တန်း ကျောင်းသားလေးတွေကို ရှင်ပြုဘို့ ခေါင်းတုံးပေးတဲ့အခါမှာ ကလေးတွေရဲ့ဆံပင်တွေက အရောင်စုံပဲ၊ အနီပါတယ်၊ အ၀ါပါတယ်၊ အပြာ အစိမ်း စုံနေတာပဲ၊ ခေါင်းရိပ်လိုက်တော့ ခေါင်းမှာ အကွက်ကြီးတွေ၊ ဓာတုဗေဒနည်းဖော်စပ်ထားတဲ့ မကောင်းတဲ့ဆေးရောင်တွေကြောင့် ကလေးတွေ ဦးရေတွေမှာ အနာတွေနဲ့၊ နောက်ဆို ကလေးတွေ ဥာဏ်ရည်ဥာဏ်သွေးတွေကို ထိခိုက်နိုင်တယ်။ နှစ်ဆယ်ကျော် ရဟန်းလောင်းတွေမှာလည်း တွေ့ရတာပါပဲ။
မိန်းကလေးတွေ စကပ်တွေဝတ်မယ့်အစား၊ ဘောင်းဘီအရှည်ဝတ်တာ ပိုကောင်းမယ် ထင်ပါတယ်၊ လုံခြုံတာပေါ့၊ လည်ပင်းတွေ သိပ်မဟိုက်သင့်ဘူး၊ ခုတော့လည်း ဟိုက်ရုံတင်မဟုတ်ပါဘူး၊ အားလုံးနီးဖော်ကြတာပါပဲ၊ ဘုန်းကြီးကျောင်းလည်း စကပ်နဲ့ အဲဒီလည်ဟိုက်နဲ့လာကြတာပဲ၊ စေတီဘုရားမှာလည်း ဒီလိုပါပဲ၊ မရှောင်ကြတော့ဘူး၊ ဘယ်သူတွေကကော သူတို့ကို ဒီလိုမလုပ်သင့် ဘူး၊ ဒီလိုမသွားသင့်ဘူးလို့များ ဆုံးမကြပါသလဲ၊ မိဘတွေကရော မဆုံးမတော့ဘူးလား၊ အလိုတူ အလိုပါလားပေါ့၊ စဉ်းစားရတယ်၊ ကြုံလို့မိဘတွေ ပြောကြည့်တော့လည်း ခေတ်ကာသားသမီးတွေ ဘုရား၊ ပြောမရ ဆိုမရပါတဲ့၊ ဒီလောက်ပဲပြောကြတယ်၊ မိဘတွေမှာ သားသမီးဆုံးမဘို့ လမ်းညွှန်ဘို့ ဘာပါဝါ၊ သြဇာအာဏာမှ မရှိကြတော့တာလား။
စိတ်ပြုတင်းခေါ်တဲ့ မျက်လုံးတွေကလည်း ယဉ်ကျေးမှု ကင်းနေတာကိုတွေ့ရရဲ့၊ လူကြီးသူမ မသိကြ၊ ဆရာသမား မလေးစားကြ၊ မမြင်ကြ၊ ဆရာ ဆရာမကို မိမိတို့ပိုက်ဆံနဲ့ငှါးထားတဲ့ အခိုင်းစေ တစ်ယောက်လိုမြင်ကြ၊ ဒီလိုမြင်အောင်လည်း မိဘတွေက သင်ပေးသလိုဖြစ်နေကြ၊ ဒီတော့လည်း စိတ်တွင်းမှာ ရိုင်းကုန်ကြပြီပေါ့၊ မကောင်းမှုကို ပြုလုပ်ဘို့ ပြောဘို့ ဆိုဘို့၊ တွေးကြံဘို့ကို ရှက်တတ်တဲ့ ဟိရီတရားဘယ်ရှိတော့မလဲ၊ မကောင်းမှုကို ပြုလုပ်ဘို့ ပြောဘို့ ဆိုဘို့၊ တွေးကြံဘို့ကို ကြောက် တတ်တဲ့ သြတ္တပ္ပတရား ဘယ်ရှိတောမလဲ။ အဲဒါက သူတို့ရဲ့အပေါ်ယံပြုမူနေထိုင်သွားလာမှုကို ကြည့်ပြီး သူတို့ရဲ့ အဇ္ဈတ္တလို့ခေါ်တဲ့ အတွင်းသန္တာန်လှမ်းကြည့်လို့ မြင်မိရတာတွေပေါ့။
ဘယ်သူ့မှာ အဓိက အပြစ်လဲလို့မေးကြည့်ပါဦး၊ ရှေးဦးဆရာ မည်ထိုက်စွ ပုဗ္ဗာစရိယ မိနှင့်ဘ တဲ့၊ သားသမီးတွေရဲ့ အနီးဆုံးပတ်ဝန်းကျင်ဟာ အဖေနဲ့အမေပါပဲ၊ သူတို့ကို ပထဦးစွာ လမ်းညွှန်မှု ပေးခွင့်ရတာဟာ အမိနဲ့အဖပါပဲ၊ အဲဒီမွေးထဲက သိတတ်စထဲက ဆိုဆုံးမမှု၊ သွင်သင်မှု၊ လမ်းညွှန်မှု နည်းခဲ့ရင် နည်းခဲ့သလောက် သားသမီးတွေရဲ့ လိမ်မာရေးခြား နည်းမှာအမှန်ပါပဲ၊ များရင်လည်း များသလောက်၊ ကောင်းသလောက် သားသမီးတွေ လိမ်မာရေးခြား ရှိမှာပါ၊ မိဘဆိုတာက သားသမီးကို ဒီလိုဝတ်၊ ဒီလိုစား၊ ဒီလိုနေ၊ ဒီလိုသွား… စသည်ဖြင့် ဦးဆောင် ညွှန်ကြားပေးရမှာပေါ့၊ မလိုက်နာရင်လည်း လိုက်နာအောင်လုပ်ရမှာပေါ့၊ သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာခေါင်းလို့တောင် မြန်မာစကားပုံတွေရှိနေတာပဲ။
မိဘဟာ သားသမီးတွေကို ပညာသင်ပေးရုံ၊ လိုအပ်တဲ့ ၀တ္ထုငွေကြေး ပြည့်စုံအောင် ပြုလုပ် ဖြည့်ဆည်းပေးရုံနဲ့ မိဘတာဝန် မကျေပွန်ပါဘူး၊ မကောင်းမျစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိန်းမြားချင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာတဲ့၊ ဒါဟာ မြတ်စွာ ဘုရားရှင်ရဲ့အဆုံးအမတော်ပါ။ မကောင်းတာလုပ်ရင် တားပေးရမှာပေါ့၊ ကောင်းတဲ့အလုပ်ကို ညွှန်ပြရမှာပေါ့၊ ပညာတတ်ကြီးတွေ ဖြစ်အောင် ကျောင်းထားပေးရမယ်၊ အရင်းအနှီးအတွက် ထုတ်ပေး ရမယ်၊ နောက်ဆုံး ထိန်းမြားမင်္ဂလာပြုလုပ်ပေးရမယ်၊ ဒါတွေဟာ မိဘတာဝန်တွေပေါ့။
မြန်မာအမျိုးသား အမျိုးသမီးငယ်လေးတွေဟာ တိုင်းတစ်ပါးကို အလွန်အထင်ကြီးတတ်ကြ တယ်၊ တိုင်းတစ်ပါးက လုပ်သမျှတွေ ၀တ်သမျှ ဆင်သမျှတွေကို သိပ်ကောင်းနေပြီ၊ သိပ်လှနေပြီလို့ အထင်ရှိတတ်ကြတယ်၊ မကောင်းတဲ့အတုတွေကို ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်မကိုက်၊ သင့် မသင့်၊ ဆီလျော်မှု ရှိမရှိ၊ မစဉ်းစားတော့ဘူး၊ မဆင်ခြင်ကြတော့ဘူး၊ လျင်မြန်စွာပဲ တစ်ခါတည်း အတုခိုးပြီး လိုက်တု ကြတော့တာပဲ၊ တကယ်က ကိုယ်ပိုင်တီထွင်လိုမှု စိတ်ဓာတ်တွေကင်းမဲ့နေကြတာပါပဲ၊ ကိုယ်ကိုယ်တိုင် မကြိုးစားချင်ကြဘူး၊ သူများကို အတုခိုးဘို့၊ ကောင်းတာတွေကိုတော့လည်း အတုယူဘို့ မစဉ်းစားကြ ဘူး၊ ကိုးရီးယားဇာတ်လမ်းတွဲတွေ ကြည့်ကြပါတယ်၊ အဲဒီထဲက ဘယ်မင်းသမီးက ဘယ်လိုဝတ်ဆင် တာ၊ ဘယ်လိုပုံစံရှိတာ၊ ဆံပင်က ဘာရောင်ဆိုးထားတာ၊ စတဲ့ အဲဒီလို စတိုင်မျိုးတွေ၊ ဘယ်လိုစကပ် လေးဝတ်ထားတာ၊ အဲဒါလေး လှတယ်၊ ငါလည်း လိုက်လုပ်ကြည့်မယ်၊ ဒီလိုပဲ ယောင်္ကျားသား လူငယ်လေးတွေကလည်း မင်းသားက ဆံပင်ဘာရောင်ဆိုးထားတာ၊ ငါလည်း အဲဒီအရောင်ဆိုးမယ်နဲ့၊ ဟိုက မင်းသားအချို့က မူလပင်ကိုယ်ရောင်ကကို အဲဒီလိုဖြစ်နေတာတွေရှိတယ်၊ သူ့အသားနဲ့ သူ့အဆင်နဲ့ သူ့ယဉ်ကျေးမှု သူ့ရာသီနဲ့ကတော့ သူတို့မှာ ဟုတ်တာပေါ့၊ မဟုတ်တာက ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရာသီဥတု၊ အဲဒါတွေကို အတုလိုက်ခိုးကြတယ်။
တကယ်အတုယူစရာကောင်းတဲ့ အလုပ်ကြိုးစားတာတွေ၊ အ၀တ်ချုပ်တဲ့ မိန်းကလေးက ဒီဇိုင်းကို ဘယ်လိုလှအောင် ဘယ်လိုကြိုးစားတီထွင်လို့ ဘယ်လိုအောင်မြင်သွားတာတွေ၊ ဆင်းရဲသား လူငယ်လေးက ကြိုးစားလို့ ကုမ္ပဏီးကြီးတစ်ခုမှာ တကယ့်လူကြီး လူကောင်းဖြစ်သွားတာတွေ၊ အဲဒါမျိုး တွေကို အတုမယူကြဘူး။
တစ်ခါ ကိုယ့်နိုင်ငံရုပ်ရှင် ဗွီဒီယိုဇာတ်ကားတွေကိုကြည့်၊ မင်းသား မင်းသမီးတွေဝတ်သလို လိုက်ဝတ်၊ မင်းသား မင်းသမီးတွေကလည်း သူများနိုင်ငံက ဇာတ်ကားတွေ ဇာတ်လမ်းတွေ ခိုးချ၊ ၀တ်စားဆင်ယဉ်ထုံးဖွဲ့မှုတွေကိုပါ ကူးချ၊ ကိုယ့်လူမျိုးနဲ့ ကိုယ်နဲ့ လိုက်သည် မလိုက်သည် မကြည့်ကြ တော့ဘူး၊ သူများဇာတ်လမ်းတွေက ဦးတည်ချက်တွေ အပြည့်နဲ့၊ ရည်ရွယ်ချက်တွေ မြင့်မြင့်မားမားနဲ့ လုပ်ဆောင်နေကြတယ်၊ ကိုယ်တွေကတော့ မဟုတ်ဘူး၊ ဇာတ်ကားဖြစ် ပြီးရော၊ ဒီနေ့ရိုက် မနက်ဖန် ရောင်းစား ငှါးစားရရင် ပြီးရော ပုံစံမျိုးတွေနဲ့၊ ဇာတ်တစ်ခုလုံး မင်းသားမင်းသမီး အ၀တ်အစား ပြိုင်ဝတ်၊ ပြိုင်စားနေကြတာနဲ့ အချိန်ကုန်၊ အဲဒါတွေကို ကလေးတွေက လိုက်တုပကြ၊ ဘ၀တွေလည်း ပြောင်းချင် သလိုပြောင်း၊ ဖြစ်ချင်သလိုဖြစ်နေကြတာ၊ ဒါလားဟဲ့… ဒို့မြန်မာလို့ ပြောရမလိုပါပဲ။
ခေတ်မှီတယ်တဲ့၊ ဘာတွေခေတ်မှီတာတုန်း၊ ခေတ်မှီတာ မဟုတ်ပါဘူး၊ ခေတ်ကို ဖျက်ဆီးနေ ကြတာပါ၊ မြန်မာ့ဆင်ယဉ်ထုံးဖွဲ့မှုဆိုပြီး တောင်ရှည်ပုဆိုးကြီးဝတ်၊ ထိုင်မသိမ်းတွေဝတ်၊ တိုက်ပုံကြီးတွေ ၀တ်၊ ဆံထုံးကြီး အကြီးကြီးထုံး၊ ဆင်မယဉ်သာ လမ်းကိုလျှောက်၊ အဲလိုမဆိုလိုပါဘူး၊ လုံလုံခြုံခြုံလေးနဲ့ ခေတ်မှီပါလို့ ပြောချင်တာပါ။ မြန်မာဆန်ဆန်လေးနဲ့ ခေတ်မှီဘို့ပြောချင်တာပါ။
ရှိသေးတယ်၊ ပြီးခဲ့တဲ့နွေရာသီက၊ ဘုံဘေတက္ကသိုလ်က ဒါရိုက်တာက ဆရာတော် ဦးဥာဏိဿရရဲ့ အင်တာနေရှင်နယ်ဗုဒ္ဓဘာသာအစည်းအဝေးဖိတ်လို့ လာရောက်ဘို့မှာ အဆက် အသွယ်တွေ ပြတ်နေလို့ဆိုပြီး အီးမေးလ်အင်တာနက်ကနေ သွားပြီးဆက်သွယ်ရတယ်၊ ရန်ကုန်မြို့၊ မြေနီကုန်း၊ ဒဂုံစင်တာပေါ်က အင်တာနက် ကဖေးမှာ သွားရောက်ဆက်သွယ်ရတယ်၊ ကွန်ပြူတာတိုင်း မှာ လူတွေကအပြည့်၊ နိုင်ငံခြားသားက ငါးယောက်လောက်ရှိမယ်၊ ကိုယ်နဲ့ကပ်နေတဲ့ ကွန်ပြူတာက ကောင်လေးနဲ့ကောင်မလေး ဖြစ်ချင်တိုင်းဖြစ်နေလိုက်တာ၊ စိတ်ကိုပျက်ရော၊ နိုင်ငံခြားသားက ဘယ်လို မြင်မလဲ၊ ဒါလားဟ ယဉ်ကျေးလှတဲ့မြန်မာတွေလို့များ မြင်သွားရင်တော့ ကိုယ့်ကလေး ကိုယ်သာ လည်ပင်းညစ်သတ်ချင်စိတ်ပေါက်တော့တယ်။
ဒါတွေ ဘာဖြစ်ကြတာတုန်း၊ သူတို့ရင်ထဲမှာ ဟိရီ+သြတ္တပ္ပတွေ ကင်းနေတယ်လေ၊ ရှက်ဘို့ ကြောက်ဘို့ဝေးနေတယ်၊ အရင်းစစ်တော့ အမြစ်မြေကတဲ့၊ မြင်တဲ့သူတွေကတော့ ပြောမှာပေါ့၊ မြင်မှာပေါ့၊ မိ-မဆုံးမ၊ ဖ-မဆုံးမလေးတွေလို့၊ ဒါကြောင့် ဗဟိဒ္ဓဆိုတဲ့ အပေါ်ယံသွင်ပြင်ဟာ အများအား ဖြင့်ကတော့ အဇ္ဈတ္တဆိုတဲ့ အတွင်းသန္တာန်ကို ဖော်ပြနေပါတယ်၊ ဟုတ်မဟုတ်ကတော့ အားလုံးရဲ့ ဆုံးဖြတ်မှု၊ စဉ်းစားတွေးခေါ်မှုပေါ်မှာပဲ တည်ပါတယ်၊ ဒါကတော့ မိမိရဲ့ အဇ္ဈတ္တလို့ခေါ်တဲ့ အတွင်း သန္တာန်ကို ဗဟိဒ္ဓခေါ်တဲ့ အပြင်ပ အမြင်ကို ကြည့်ပြီးတော့ စဉ်းစားဆင်ခြင်ပြီး ကောက်ချက်ချတာပါ။
အမှန်က များတယ်ဆိုရင်တော့ ဒီစာပိုဒ်လေး ရေးရကျိုးနပ်ပါတယ်၊ မှားတယ်ဆိုရင်လည်း ကိုယ့်ပေါ်မှာပဲ တည်ပါတယ်၊ ရေးသူကိုသာ အပြစ်ယူကြပါတော့။
အဇ္ဈတ္တသန္တာန်ကို ဗဟိဒ္ဓပြင်မှာ ထင်ဟပ်ကြည့်တာပါ…..
19. 12. 2009

0 comments:
Post a Comment