* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 20, 2009

နားမလည်ပေမယ့် ဆက်ဖတ်မိတဲ့ကဗျာ သို့မဟုတ် ၀ိမုတ္တိရှုမျှော်ခင်း

ဗာရာဏသီဆောင်းတစ်ညမှာ အအေးဓါတ်ကို မျက်ကွယ်ပြုမိတော့ မနက်လင်းတာနဲ့ တစ်ကိုယ်လုံးနာကျင်လို့ပါပဲ။
မစိုးရိမ်ကိုလည်း ဆက်မလွမ်းနိုင်။ ဒေါင်းမြူးချောင်းတေးလည်း ဆက်မရေးနိုင်ဖြစ်ခဲ့ရသပေါ့။ အမေရေ ကမ္ဘာမြေရဲ့ နာမကျန်းသူတွေထဲ သားလည်း အပါအ၀င်ဖြစ်ခဲ့ပြီ။ ပုထုဇဉ်ရဟန်းတစ်ပါးရဲ့ သံဝေဂမှာ အမေ့ကို တမ်းတခြင်းလည်း အစိတ်အပိုင်းတစ်ရပ်ဖြစ်နိုင်ပေရဲ့။ ဒီလိုနဲ့ မိတ်ဆွေရဟန်းတစ်ပါးရဲ့ အခန်းမှာ ကွေးရင်း၊၊မိတ်ဆွေရဟန်းတော်ရဲ့ သဒ္ဓါတရားစစ်စစ်ဆန်ပြုတ်နွေးနွေးကို လွေးရင်း စာအုပ်အဟောင်းတွေကို ဖတ်မိ၊

ဆရာအောင်သင်းရဲ့ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ထဲက “လောကတွင် စည်းစိမ်အရှိဆုံးမှာ အနည်းငယ်နေမကောင်းခြင်းဖြစ်သည်” ဆိုတဲ့ စကားလေးကို ပြန်အမှတ်ရမိတယ်။ ဘာပဲဖြစ်ဖြစ်
ဇိမ်မကျလှဘူးဗျ။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အမေအိမ်ဆိုရင်တော့ ဇိမ်ကျကောင်းဇိမ်ကျနိုင်ပါတယ်။
ခုတော့ သူစိမ်းတို့ရပ်ဝန်းမှာ နေရတဲ့အခိုက် မိတ်ကောင်းဆွေကောင်းလေးရှိလို့သာ ခုလို စာလေးပေလေးနဲ့ ကွေးနေနိုင်တာပါ။ ဒါပေမယ့် မျက်နှာပူစရာပါ။ ကျေးဇူးတင်ပါတယ် မိတ်ဆွေ။

စာအုပ်အဟောင်းတွေထဲ ပိုးဟတ်တစ်ကောင်လို တိုးဝင်တတ်တာ အကျင့်ပါနေတော့ ၂၀၀၈ ခုနှစ် မတ်လထုတ် သရဖူမဂ္ဂဇင်းတစ်အုပ်ထဲက ကဗျာတစ်ပုဒ်ကို သွားထိမိပါတယ်။ ကဗျာဆိုတာကလည်း သူသိရသလောက် ဖတ်လို့နားမလည်တဲ့ကဗျာ။ ဖတ်လို့နားလည်တဲ့ ကဗျာ။ နားလည်ပေမယ့် ဖတ်လို့ မကောင်းတဲ့ကဗျာ။ ဖတ်လို့ကောင်းပေမယ့် နားမလည်တဲ့ ကဗျာ။(ရိုးရိုးသားသားပြောမိတာပါ၊ ပညာရပ်ဆိုင်ရာဝေါဟာရတွေလည်း နားမလည်ဘူးလေ။)

ဖတ်မိတဲ့ကဗျာခေါင်းစဉ်က “ ၀ိမုတ္တိရှုမျှော်ခင်း” ရေးသူက နိုင်မွန်အောင်သွင်.....။ ကဗျာခေါင်းစဉ်ကတော့ လွတ်မြောက်မှုမြင်ကွင်းကို ရည်ညွှန်းထားတာ ရိပ်မိလိုက်ပါတယ်။
ကဗျာဖတ်ပြီးချိန်မှာတော့ ရေးရေးရိပ်ရိပ် မြင်သာထင်သာရှိလာသလိုပါပဲ။ ဒါပေမယ့် အပြည့်အ၀နားမလည်နိုင်သေးတာ အမှန်ပါ။ နားမလည်ပေမယ့် ဆက်ဖတ်ချင်လို့ ဖတ်မိပြန်ပါတယ်။ အံသြစရာကောင်းတာက ကဗျာရဲ့ အနှစ်သာရက လောကုတ္တရာအတွင်းသားဆီ တရွေ့ရွေ့ပို့နေတာကိုလည်း ဖတ်ရင်းနဲ့ သိသာလာပါတယ်။

ကျေးဇူးပါ မစ္စတာနိုင်မွန်အောင်သွင်၊

ဒီကဗျာမှာ ဆွဲနှုတ်လွတ်မြောက်စေ နဲ့ လွှတ်ပေးဆိုတဲ့ ကြိယာသုံးခုကို စနစ်တကျသုံးစွဲထားတာကိုတော့ သတိပြုမိလိုက်ပါတယ်။


လေးညှို့မှ မြားတို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
ထောင်ချောက်မှ နာကျင်ခြင်းတို့ကို လွတ်မြောက်စေခဲ့ပြီ။
ချည်တိုင်မှ နွားတို့ကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှသောစိတ် ကျွန်တော်ဘ၀မှ
စာနာရိုကျိုးသော နှလုံးဖြင့် တစ်နေ့တာကို ရွေ့လျားခဲ့ပါသည်။



လေးညှို့မှ မြားကို ဆွဲနှုတ်
ထောင်ချောက်မှ နာကျင်ခြင်းကိုလွတ်မြောက်စေ
ချည်တိုင်မှ နွားတို့ကို လွှတ်ပေး...
ပထမအပိုဒ်ထဲကို တိုးဝင်ကြည့်လိုက်တော့ တစ်ခါမှ မလွတ်လပ်ဖူးတဲ့လူတစ်ယောက်လိုပဲ
မြူးသွားပါတော့တယ်။



ရိုးစင်းတဲ့ ပုထုဇဉ်တစ်ယောက်ရဲ့ သာမန်ဘ၀.........။
ကဗျာရေးသူက ပုထုဇဉ်တော့ ပုထုဇဉ်။ ဒါပေမယ့် ဗြဟ္မစိုရ်ကျင့်သုံးနေဆဲ ပုထုဇဉ်အဖြစ် ရွေ့လျားနေခဲ့ပါပြီတဲ့။


ကဗျာဆရာကိုယ်တိုင်လည်း “မလွတ်မြောက်နိုင်သေးသမျှစိတ်” အကျဉ်းထဲက သူလွှတ်ပေးနိုင်တာတွေ လွှတ်ပေးနေခဲ့တာပါ။ သံသရာဝန်တွေပိနေတာမှန်ပေမယ့် လူမှုဘ၀နယ်ပယ်နဲ့ လောကအခင်းအကျင်းမှာတော့ ဗြဟ္မစိုရ်တရားတွေ သိပ်သိပ်သည်းသည်း ထိထိစပ်စပ် နွေးနွေးထွေးထွေး အေးအေးမြမြလိုအပ်နေခဲ့တာကတော့ တကယ့်အမှန်တရားပါ။



ကတိက၀တ်မှ စူးနစ်လှောင်ပိတ်ခြင်းတို့ကို ဆွဲနှုတ်ပစ်ပယ်ခဲ့ပြီ။
မုန်တိုင်းအစမှ လေပြေလေညင်းတို့၏ သိမ်မွေ့မှုတို့ကို လွတ်မြောက်စေခဲ့ပြီ။
မိုးတိမ်တောင်ညိုတို့၏ ပိတ်ဆို့ကာဆီခြင်းတို့မှ နေရောင်တ၀င်းဝင်းတို့ကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှစိတ် ကျွန်တော်ဘ၀မှ
ဒုက္ခတစ်ဝက်ခန္ဓာဖြင့် အလင်းဖျော့ စက်ဝန်းတစ်ရပ်စာကို ရွေ့လျားခဲ့ပါသည်။




ကတိက၀တ်မှ စူးနစ်လှောင်ပိတ်ခြင်းကို ဆွဲနှုတ်..
မုန်တိုင်းအစမှ လေပြေလေညင်းတို့၏ သိမ်မွေ့မှုတို့ကို လွတ်မြောက်စေ..
မိုးတိမ်တောင်ညိုတို့၏့ ပိတ်ဆို့ကာဆီးခြင်းမှ နေရောင်တ၀င်းဝင်းတို့ကို လွှတ်ပေး
လောကီလူမှုနယ်ပယ်တွေကိုပဲ ခပ်ပါးပါးညွှန်းပါရစေတော့။



ကတိတွေအထပ်ထပ်ပေးရတဲ့ နေ့ရက်များ ပေးထားတဲ့ကတိတွေကိုပဲ ထပ်တလဲလဲ ချိုးဖျက်မိနေတဲ့ ဘ၀အစုန်အဆန်....သူတစ်ပါးကို မိဘကို မိသားစုကို မိတ်ဆွေတွေကို ပေးထားတဲ့ကတိတွေ ပေးမိတဲ့ကတိတွေ ပေးလိုက်ရတဲ့ကတိတွေ....ကိုယ့်ကိုယ်ကို ပေးထားတဲ့ကတိတွေက ကိုယ်ကိုယ်တိုင်အတွက်တောင် မလုံခြုံခဲ့ပါလား။



“ခင်ဗျားအရက်ဖြတ်လိုက်ပြီဆိုဗျ”ဆိုတဲ့စကားကို ကြောင်အအရီဝေေ၀နဲ့ ပြန်ကြည့်ခဲ့ရတဲ့ ရှက်ရွံ့နာကျင်ဖွယ်တိုက်ဆိုင်မှုများ...“အဖေကြီး ပြောတော့ ဒီနှစ်ကျောင်းအပ်ပေးမယ်ဆို“လို့ အားကိုးတကြီးမော့ကြည့်နေရှာတဲ့ သမီးလေးရဲ့ မျက်ဝန်းကို မျက်နှာလွှဲလိုက်ရတဲ့ ကတိမတည်နိုင်ရှာတဲ့ ဖခင်တစ်ယောက်ရဲ့ အဇ္ဈတ္တမိုးခါးများ...


“မင်းပြောတော့ ဒီနှစ်ဆိုရင် စာမေးပွဲအောင်ပါပြီဆိုကွ” စာမေးပွဲကျရှုံးလို့ အားငယ်တိုးတိတ်နေတဲ့ သားတစ်ယောက်နဲ့ မျှော်လင့်ချက်ကြီးမားရှာတဲ့ ဖခင်တစ်ယောက်ကြားက ကတိများ....


ကတိတွေ ကတိတွေ



မိသားစုအသိုက်အမြုံသေးသေးလေးကနေ နိုင်ငံအရေးအရာတွေထိ ပေးထားမိတဲ့ ကတိတွေ...မတည်နိုင်ခဲ့တဲ့ကတိတွေ....


ငယ်ငယ်တုန်းကဖတ်ခဲ့ရတဲ့ ဘကြီးအောင်ညာတယ်ဆိုတဲ့ ကတိတွေ.....။ လောကရှုမျှော်ခင်းထဲမှာ ကတိတွေနဲ့လှောင်ပိတ်ခဲ့နေပါရောလား။ ကတိတွေဟာ အနှောင်အဖွဲ့ဆိုပါလား ဆွဲနှုတ်ပစ်..။



ကတိတွေ ကျိုးပဲ့လို့ လူမှုဘ၀ဟာ မုန်တိုင်းဆန်လာလေရဲ့...။ပဋိပက္ခတွေ ငြင်းခုန်ရန်လိုမှုတွေနဲ့ ပြက္ခဒိန်စာမျက်နှာတွေဟာ ပြဿဒါးတွေချည်းမွေးဖွားနေတော့တယ်..အဲဒီမုန်တိုင်းအစထဲက လေပြည်တွေကို လွတ်မြောက်စေကြ....



လူတစ်ဦးချင်းဆီရဲ့ အခွင့်အရေးတွေဟာ နေရောင်တ၀င်းဝင်းတွေပါပဲ။ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုကြ......ကဗျာဆရာရှဲု့ စကားနဲ့ ပြောမယ်ဆိုရင်တော့ ပိတ်ဆို့ခံထားရတဲ့ နေရောင်တ၀င်းဝင်းတွေကို လွှတ်ပေးကြ.....။



ဗြဟ္မစိုရ်တရားလက်ကိုင်ထားတဲ့ ကဗျာဆရာကတော့ အမြင်မတော်တာတွေကို ဆွဲနှုတ်ပစ်ချင်.. လွတ်မြောက်စေချင်..လွှတ်ပေးချင်နေရှာပါတယ်။ ဒါဟာ ကဗျာဆရာရဲ့ ဓမ္မဒိဌာန်ပါပဲ..။



ဗြဟ္မစိုရ်ခွန်အားမရှိပဲ ၀ိပဿနာတကားကားလုပ်နေသူတွေကိုတော့ ကဗျာဆရာရဲ့ ကိုယ်စား အနည်းငယ်သရော်လိုက်ပါတယ်။



ကဗျာဆရာကတော့ စာနာရိုကျိုးသော နှလုံးဖြင့် ဆိုတာနဲ့ ဗြဟ္မစိုရ်ကို လှစ်ပြခဲ့ပါပြီ..။စာနာမှုတွေ ထွန်းကားရင် နာကျင်ကြေကွဲမှုတွေ လွင့်ပါးသွားရမှာပါပဲ..


ဘာပဲဖြစ်ဖြစ် ကဗျာဆရာကတော့ ဒုက္ခတစ်ဝက်ခန္ဓာဖြင့် အလင်းဖျော့ စက်ဝန်းတစ်ရပ်စာကို ရွေ့လျားခဲ့ပါသည်။ လို့ ပြောခဲ့ပါတော့တယ်။ ကဗျာဆရာက တရွေ့ရွေ့ပြောင်းလဲမှုထဲမှာ ကမ္မဌာန်းအာရုံတစ်ခုကို စူးစူးစိုက်စိုက် ရှုမှတ်နေပြီလို့ ယုံကြည်ရတဲ့အခြေအနေပါ။ ဒုက္ခတစ်ဝက်ခန္ဓာတဲ့ အလင်းဖျော့ စက်ဝန်းတစ်ရပ်စာတဲ့......။



ဥပါဒါန်မှ သံသရာတို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
နယ်နိမိတ်ထဲမှ လူမျိုးတစ်ရာ့တစ်ပါးတို့ကို လွတ်မြောက်စေခဲ့ပြီ။
ကာရန်ထဲမှ ကဗျာကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှစိတ် ကျွန်တော်ဘ၀မှ
နွံမပျော်နိုင်ရပါလိုသော စိတ်စေတသိက်ဖြင့် ရွေ့လျားခဲ့ပါသည်။





ကဗျာဆရာဟာ ဥပါဒါန်ကိုစွန့်လွှတ်လိုက်ပါပြီတဲ့၊ အရိယာဆန်လာတာပါ။ (ဒီနေရာမှာအရိယာဆန်လာတာလို့ပဲ သုံးခဲ့ပါတယ်) ဒီအဆင့်မှာ လူကို လူလိုပဲ မြင်ကြရတော့မှာပါ။ အသွေးအရောင် နယ်နိမိတ်တွေ ဂလိုဘယ်ဖြစ်ရတော့မှာပါ ။ ဒဿနအစွဲတွေနဲ့ ဝေေ၀၀ါးဝါး အစ်ဇင်တွေနဲ့ ထွေပြားခဲ့တာတွေ ရပ်ပစ်ကြရတော့မှာပါ။


ကိုယ့်အမျိုးကို ကိုယ်စောင့်ရှောက်ရမှာ သေချာပေမယ့် မျက်ကန်းမျိုးချစ်စိတ်တွေဟာ အလုပ်မဖြစ်တော့တာ သေချာခဲ့ပါပြီ...။.ကူးကြသန်းကြ လက်ဆွဲနှုတ်ဆက်ကြ. အပြုံးတွေ ဝေငှကြ ...


ကဗျာဆရာက ဥပါဒါနပစ္စယာ ဘဝေါ ဆိုတာကြီးကို.....။ လူမျိုးအစွဲတွေ နောက်ဆုံး ကဗျာဆရာတစ်ယောက်ရဲ့ အဆုံးစွန်အတ္တဖြစ်တဲ့ ယုံကြည်ချက်အစွဲအလမ်းဖြစ်တဲ့ ကာရန်တွေကိုတောင် လွှတ်ပေးခဲ့ပြီတဲ့။


နွံမပျော်နိုင်ရပါသော စိတ်စေတသိက်ဆိုပဲ...။ ကိလေသာနွံတွေထဲ မပျော်နိုင်ရပါသောစိတ်စေတသိက်.....အဲဒါ လိုအပ်ချက်အစစ်ပဲ။




အချိန်ထဲမှ နာရီပညတ်တို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
နာရီပညတ်များထဲမှ စောင့်စားရခြင်းဝေဒနာများကို
လွတ်မြောက်စေခဲ့ပြီ။
စောင့်စားရခြင်းဝေဒနာများတို့မှ သက်ပြင်းအစအနများကို
သက်ပြင်းအစအနများမှ ရာသီပြောင်း ခေါင်းလောင်းသံများကို
ရာသီပြောင်းခေါင်းလောင်းသံများမှ နာကျင်စွာ
သတိရနေတတ်ခြင်းတို့ကို
နာကျင်စွာ သတိရနေတတ်ခြင်းများမှ ကြာပွတ်ရာများကို
လွှတ်ပေးခဲ့ပြီ လွှတ်ပေးနိုင်ခဲ့ပါပြီ။

တောမီးလောင်ခဲ့သမျှသော စကြ၀ဠာတို့သည်ပင်
သံသရာရှုမျှော်ခင်း၌ အစက်အပြောက်အဖြစ်နှင့်သာ ရှိ၍
မာကျောချွန်မြလှစွာသော ငါ့အတ္တတို့သည်လည်း
ငါ့ခန္ဓာ၏ အလွန်သို့ ပျော့ပျောင်းသိမ်မွေ့စွာ
လွတ်မြောက်နိုင်ကြပါစေသား။


ဒီကဗျာက စကားလုံးတွေအများကြီး တွေးစရာတွေအများကြီးကို ဖြစ်စေတာတော့ အမှန်ပါ။ ဒါပေမယ့်ရေးရင်းနဲ့ ခေါင်း(ဂေါင်း)တစ်ခြမ်းကိုက်လာလို့ ခဏလောက်တော့ နားပါရစေဦး။ ဘာပဲဖြစ်ဖြစ် ရေးစရာလေးတွေကလည်း ရှိနေတော့ ရေးမိနေဦးမှာပါပဲ။ ခေါင်းကိုက်တယ်ဗျို့..။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP