* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 20, 2009

ဘုရားစေတီပုထိုးတို့တွင် တွေ့မြင်ရသော ဘီလူးရုပ်နှင့် ရုပ်တုများ

ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးတို့တွင် ဘီလူးရုပ်များကို တွေ့မြင်နိုင်ပါသည်။ အချို့သော စေတီပုထိုးတို့တွင်၎င်း၊ ပန်းဝန်းကျင်ရှိ ကျောက်ပန်း ကျောက်ခက်စသည်တို့တွင်၎င်း ဘီလူးရုပ်တုများကို တွေ့ရပါသည်။ ယင်းဘီလူးရုပ်တုများ၏ နှုတ်ခံတွင်းမှ ပန်းခက်၊ ပန်းဆိုင်းများ တွဲလဲထွက်ကျနေပါသည်။ သို့ဖြစ်၍ ယင်းရုပ်တုများကို ဘီးလူးပန်းကိုက်၊ ဘီလူးပန်းဆွဲဟု ခေါ်တွင်ပါသည်။ စေတီပုထိုးတို့၏ ပရိဝုဏ်တွင်လည်း ဘီလူးရုပ်တုများကို တွေ့မြင်ရပါသည်။

ဘီလူးနှင့် သက်ဆိုင်သည်တို့ကို ရှင်းလင်းပြောပြလိုပါသည်။
ဘီလူးမှာ နှစ်မျိုးနှစ်စား ရှိပေသည်။
(၁) ပထမတမျိုးမှာ ရိုးရိုးဘီလူးဖြစ်၍ လူ့ပြည်၊ တောတောင်တို့တွင် ကျင်လည်ကျက်စားကာ နေရသည့် လူသားစား ဘီလူးမျိုး ဖြစ်၏။ ယင်းတို့မှာ အပါယ်ဘုံဘ၀၌ ပဋိသန္ဓေနေသူများဖြစ်ကာ တန်ခိုးလည်းမကြီး၊ မဂ်ဖိုလ်လည်း မရနိုင်ပါ။ ယင်းတို့ကို သာမန်တောဘီလူးဟု ခေါ်တွင်ပါသည်။

ဥပမာဆောင်ရလျှင်-သောတ္ထိသေန သမ္ဘူလဇာတ်တော်ပါ တာနောယက္ခဘီလူးမှာ ဤအမျိုးအစား ဖြစ်သည်။
ပဉ္စာဝုဓ ဇာတကတွင် ပါရှိသော စေးကပ်သည့်အမွေးများရှိသော ဘီလူးမှာလည်း ဤအမျိုးအစားပင် ဖြစ်ပေသည်။
ဥမင်္ဂဇာတကပါ ကလေးကို စားလို၍ လုပြေးသော ဘီလူးမသည်လည်း ထို့အတူပင် ဖြစ်၏။

(၂) ဒုတိယအမျိုးအစားမှာ-နတ်ဘီလူး ဖြစ်ပါသည်။ ဤအမျိုးအစားမှာ တန်ခိုးဣဒ္ဓိပါဒ် ရှိ၏။ သာတာဂီရိ၊ ဟေမ၀တ စသည်တို့မှာ စတုမဟာရာဇ် မျိုးနွယ်များ ဖြစ်ကြ၍ တန်ခိုးလည်း ရှိကာ မဂ်ဖိုလ်ကိုလည်း ရနိုင်ပါသည်။ ဗုဒ္ဓမြတ်စွာ၏ အောင်ခြင်းရှစ်ပါးတွင် ပါရှိသော အာဠာဝက ဘီလူးမှာလည်း ဘုရားရှင်အား အံတုဖက်ပြိုင်သော်လည်း ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို ခံယူရသည့် နတ်ဘီလူးပင် ဖြစ်ပါသည်။

ယင်းနတ်ဘီလူးများမှာ မိမိကိုယ်ပိုင် စံနန်းတော်များ၊ ဗိမာန်များနှင့် နေနိုင်ကြပါသည်။ ၀ိဓူရဇာတ်တော်လာ ပုဏ္ဏကဘီလူးမှာလည်း ဤအမျိုးအစားပင် ဖြစ်ပေသည်။

ပရိတ်ကြီး ၁၁-သုတ်တွင် ပါရှိသော အာဋာနာဋိယသုတ်၌ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ-ဟု တွေ့နိုင်ပါသည်။ ယက္ခာ-ရက္ခိုသ်တို့၏ အဓိပ္ပါယ်မှာ ဘီလူးဖြစ်၏။ သန္တိ ယက္ခာ မဟိဒ္ဓိကာ-ဟု ပါရှိသဖြင့် တန်ခိုးဣဒ္ဓိပါဒ် ရှိကြသော နတ်ဘီလူးများဟု သိရှိရပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ-သာသနာတွင် ဘီလူးသည် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်ကြောင်းမှာ ထင်ရှားလှပေသည်။

ဘုရားစေတီ ပုထိုးတို့တွင် တွေ့ရှိရသော ဘီလူးရုပ်တုများမှာ ဒုတိယအမျိုးအစားဖြစ်သော နတ်ဘီလူးများဟု ယှူဆနိုင်ပါသည်။
အညံ့စားဖြစ်သော တောဘီလူးများကို များသောအားဖြင့် ဆေးရေးပန်ချီတို့တွင် တွေ့မြင်နိုင်ပါသည်။
ဘီလူးမရုပ်တုကို အနည်းငယ်သာ တွေ့ရပါသည်။ ကျွန်မ တွေ့ဖူးသော ဘီလူးမရုပ်တုမှာ ကျိုက်လတ်မြို့ရှိ စန္ဒမုနိဘုရား အ၀င်ဝတွင် ရှိပါသည်။ ဤဘီလူးမရုပ်တု၏ ဦးခေါင်းထက်၌ ကျောက်ပျဉ်ကို ရွက်ထားသည်ကို တွေ့ရသည်။ အောက်ခြေ၌ စန္ဒမုခီဘီလူးမဟု စာတန်းပါရှိသည်။

ရွှေတိဂုံဘုရား ပရိဝုဏ်တွင်လည်း ဘီလူးမရုပ်တု တခု ရှိကြောင်း သိရှိရပါသည်။ အခြားဘီလူးမ ရုပ်တုတခုမှာ ရွှေကူကြီးဘုရားအနီးရှိ စောမွန်လှစေတီ၌ တွေ့ရှိနိုင်ပါသည်။ ရွှေကူကြီးဘုရားကို အနော်ရထာမင်း တည်ထားခဲ့ခြင်း ဖြစ်၏။ ထိုဘီလူးမရုပ်တုမှာ ဘီလူးမ မယ်ကုဝဏ်ရုပ်တုဟု သိရှိရပါသည်။ ဘီလူးမ၏ ခေါင်းထက်၌ ကျောက်ဗန်းကို ရွက်ထားသည်ကို တွေ့မြင်နိုင်ပါသည်။ ဤကဲ့သို့ ဘီလူးမရုပ်တု အနည်းငယ်မျှသာ တွေ့ရှိရပါသည်။

မြန်မာ့ယဉ်ကျေးမှုတွင် ဘီလူးတို့သည် တခန်းတကဏ္ဍမှ ပါဝင်ကြောင်းမှာ ထင်ရှားလှပေသည်။ မြန်မာ့အနုပညာလောက၌ ဘီလူးခန်း ပါဝင်နေသည်ကို သိရှိနိုင်ပါသည်။ ဘုရား စေတီပုထိုးတို့တွင် ဘီလူးရုပ်တုများကို တွေ့မြင်နိုင်ကြ၍ ပန်းချီဆေးရေးတို့တွင်လည်း ဘီလူးရုပ်တုများ ပါရှိပါသည်။

ထို့ပြင် မြန်မာ့သဘင်လောကတွင် အမြင့်သဘင်ဟု ခေါ်တွင်သည့် ရုပ်သေးသဘင်၌လည်း ဘီလူးပါဝင်သည်ကို သိရှိရပါသည်။ တိုင်းပြည်တည်ထောင်ရာ၌ ၀န်အက (မှူးမတ်အက)၊ အပျိုးတော်အက၊ ဇော်အက စသည်တို့ကို ရုပ်သေးသဘင်၌ ကပြရာတွင် ဘီလူးအကလည်း ပါရှိကြောင်းမှာ အထင်အရှားပင်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုတွင် ဘီလူးများသည် အရေးပါ အရာရောက်ကာ တခန်းတကဏ္ဍမှ ပါဝင်နေသည်ကို သိရှိနိုင်ပေသည်။

(တက္ကသိုလ် ခေမာ-ကျိုက်လတ်)
( မြတ်မင်္ဂလာ ၂၀၀၂-ခု ဒီဇင်္ဘာလ)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP