* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, November 14, 2009

ရဟန္တာ စစ်တမ်း

Thursday, November 12, 2009

မေး။ ။ ယခုခေတ်တွင် ရဟန္တာဖြစ်နိုင်ပါသေးသလား၊ ကျမ်းအကိုးအကားဖြင့် ဖြေကြားပေးပါရန်နှင့် ရဟန္တာ ဟုတ်-မဟုတ်၊ ဘယ်လို စမ်းသပ်ရပါမည်နည်း၊ ပညာရှင်များ ဖြေကြားပေးတော်မူကြရန် ဖြစ်ပါသည်။

( သိလိုသူတဦး )

ဖြေ။ ။ ယခုခေတ်တွင် ရဟန္တာ ဖြစ်နိုင်သေးသလားဟူမူ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခါနီး သုဘဒ္ဒပရိဗိုဇ် မေးမြန်းသဖြင့် ဖြေကြားတော်မူအပ်သော-ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။ (ဒီ-၂-၁၂၅) သုဘဒ်ပရိဗိုဇ် ဤရဟန်းအပေါင်းတို့သည်ကား ကောင်းစွာနေထိုင်ကုန်ငြားအံ့ ဤသို့နေထိုင်ကြမူ လောကသည် ရဟန္တာတို့မှ မဆိတ်သုဉ်းသည်ဖြစ်ရာ၏-ဟူသော ပဋိပတ်စွမ်းအင်ပြ နိပ္ပရိယာယ မုချစကားတော်အရ ယခုခေတ်တွင်လည်း ရဟန္တာများ ဖြစ်နိုင်ပေသေးသည်။

( ရဟန္တာ ဟုတ်-မဟုတ် စမ်းသပ်နည်း )
ယခုခေတ်တွင် ရဟန္တာများ ဖြစ်နိုင်သေးသည်ဆိုသော်လည်း ရဟန္တာစစ်-မစစ် စမ်းသပ်ဖို့ စုံစမ်းဖို့အရေးမှာ အလွန်မှ သိမ်မွေ့နက်နဲလှပါသည်။ အဘယ့်ကြောင့်ဆိုသော် ရဟန္တာအစစ်သည် စိန်ရွှေပတ္တမြား အပြည့်ထည့်ထားသော ရတနာအိုးကို ရရှိထားသော ယောက်ျားကဲ့သို့ သူတပါးအား ၀ါကြွားပလွှားရာ ကျမည်စိုး၍ မိမိရရှိထားသော အရဟတ္တဖိုလ် ဓမ္မရတနာကို မပြလို၊ မပြောလိုသောကြောင့်၎င်း၊ လူသာမဏေတို့အား ဈာန်မဂ်ဖိုလ်တရားတို့ကို မပြောကြားရဟု သိက္ခာပုဒ်ပညတ်ထားသောကြောင့်၎င်း ဤမျှသိမ်မွေ့နက်နဲခြင်း ဖြစ်ပါသည်။ ( ဒီ-ဋ္ဌ ၂-၂၇၀၊ ၀ိ-၂-၃၇ )။

ဤတွင် သိနိုင်ခဲပုံဝတ္ထုတပုဒ် ထုတ်ပြပါမည်။ တခါက စိတ္တလတောင်တွင် သီတင်းသုံးနေတော်မူသော ရဟန္တာမထေရ်ကြီးတပါးသည် အလုပ်အကျွေး တောထွက်ရဟန်းကြီးတပါးနှင့် အတူ ဆွမ်းခံထွက်ခိုက် မထေရ်ကြီး၏ သပိတ်သင်္ကန်းကို ယူလျက် နောက်ကလိုက်နေသော တောထွက်ရဟန်းကြီးက-အရိယာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ-ဟု မထေရ်ကြီးကို မေးလေ၏။
မထေရ်ကြီးက တချို့ပုဂ္ဂိုလ်များသည် အရိယာနှင့် အတူနေ အရိယာတို့၏ သပိတ်သင်္ကန်းကို ယူလျက် အရိယာတို့ကို ၀တ်ကြီးဝတ်ငယ် ပြုနေရသော်လည်း အရိယာမှန်း မသိနိုင်လောက်အောင် အရိယာဆိုသည်မှာ အသိခက်လှပေ၏-ဟု မိန့်တော်မူ၏။ သိုပသော် တောထွက်ကိုယ်တော်ကြီးကား မသိရှာ၊ နီးကပ်စွာ နေရသော်လည်း ဉာဏ်ပညာရှိသူမှသာ သိနိုင်ပေမည်။( ဒီ-ဋ္ဌ ၂-၃၆၄၊ မ-ဋ္ဌ ၁-၂၃၊ သံ-ဋ္ဌ ၂-၂၃၂၊ စူဠနိ-ဋ္ဌ ၇၁)

ရဟန္တာစစ်-မစစ် သိဖို့က အရေးကြီးသလား မေးငြားအံ့၊ အရေးကြီးလှပေသည်။ နိန္ဒိယပသံသာယ ဟိ ပသံသိယ နိန္ဒာယ စ သမကောဝ ၀ိပါကော။( သံ-ဋ္ဌ ၁-၁၉၇ ) ဟူသည်နှင့်အညီ ကဲ့ရိုက်ထိုက်သူကို ချီးမွမ်းမိခြင်းနှင့် ချီးမွမ်းထိုက်သူကို ကဲ့ရဲ့မိခြင်းကား အပြစအတူတူပင် ဖြစ်ရကား အလဇ္ဇီရှင်ရဟန်းကို ရဟန္တာမှတ်ပြီး ပူဇော်လှူဒါန်းနေလျှင် သာသနာတော်ကို ကူ၍ ဖျက်ရာရောက်ပေမည်။ ရဟန္တာကို ကဲ့ရဲ့စွပ်စွဲမိလျှင်လည်း အရိယူပ၀ါဒကံကြီး ထိုက်ပေတော့မည်၊ သို့အတွက် ဗုဒ္ဓဘာသာဝင်များ ဉာဏ်နှင့်ယှဉ်၍ စဉ်းစားချဉ်းကပ်ကြမှ တော်ပေမည်။

ရဟန္တာ စစ်-မစစ် စမ်းသပ်စစ်ဆေးပုံကို ဆိုပါတော့မည်။ မိမိကိုယ်ကို ရဟန္တာဟု ၀န်ခံလာသူကို စမ်းသပ်စစ်ဆေးနည်းကို မြတ်ဗုဒ္ဓ အတိအကျ ညွှန်ကြားထားချက်ရှိပါသည်။
တရားထူးရသည်ဟု ၀န်ခံလာသူအား
(၁) ကိံ တေ အဓိကတံ-အဘယ်တရားထူးကို ရသနည်း၊ ဈန်ကိုရသလား၊ မဂ်ကို ရသလား၊ ဤသို့ ရအပ်သော တရားထူးကို၎င်း။
(၂) ကိန္တိ တေ အဓိဂတံ-အနိစ္စ စသော လက္ခဏာသုံးပါးတွင် ဘယ်လက္ခဏာကို ပဓာနပြု၍ ရသနည်း၊
တနည်း။ သမထ ၀ိပဿနာ နှစ်မျိုးတွင် အဘယ်ကိုနှလုံးသွင်း၍ ရသနည်း။
ဤသို့ ရခြင်း၏အကြောင်းကို၎င်း။
(၃) ကဒါ တေ အဓိကတံ-ဘယ်အချိန်မှာ ရသနည်း၊ နံနက်မှာလား၊ နေ့ခင်းအချိန်မှာလား၊
ဤသို့စသည်ဖြင့် အချိန်ကို၎င်း။
(၄) ကတ္ထ တေ အဓိကတံ-ဘယ်အရပ်မြှ ရသနည်း။ သစ်ပင်ရင်းမှာလား၊ မဏ္ဍပ်အတွင်းမှာလား၊
ဤသို့စသည်ဖြင့် အရပ်ကို၎င်း။
(၅) ကတမေ တေ ကိလေသာ ပဟီနာ-ဘယ်ကိလေသာတို့ကို ပယ်ပြီးဖြစ်သနည်း။
ဤသို့ ပယ်အပ်ပြီးသော ကိလေသာတို့ကို၎င်း။
(၆) ကတမေသံ တွံ ဓမ္မာနံ လာဘီ-ပထမမဂ် စသည်တို့တွင် အဘယ်ကိုရသနည်း။ ဤသို့ ရအပ်သော တရားထူးကို၎င်း၊ ခဲံခြား၍မေးရမည်ဟု ဆိုပါသည်။( ၀ိ-၁-၁၁၇၊ ၀ိ-ဋ္ဌ ၂-၈၁-၈၂ )

ဤနေရာ၌ အဋ္ဌကထာဆရာ ဋီကာဆရာတို့ ဆက်လက်ညွှန်ကြားထားးချက်ကို ဆိုပါဦးမည်။ အဋ္ဌကထာ ဋီကာဆရာတို့က အထက်ပါအတိုင်း စစ်စစ်ပေါက်ပေါက် မေးမြန်းရာ အဆင်ပြေပြေ ဖြေနိုင်ရုံမျှဖြင့် မယုံကြည်ထိုက်သေးကြောင်း။ ဗဟုသုတရှိသော ပါဠိ အဋ္ဌကထာ ကျွမ်းကျင်သော ရဟန်းများအနေဖြင့် ကောင်းစွာဖြေဆိုနိုင်ကြောင်း၊ ထိုပကြောင့် ထိုရဟန်းအား မဂ်မရမီ ရှေ့အဖို့၌ သိလစင်ကြယ်မှု၊ ကမ္မဋ္ဌာန်း အားထုတ်မှုအကျင့်များ ရှိ-မရှိ၊ ရှိလျှင်လည်း ရိုးရိုးသားသား လာဘကို မမျှော်ဘဲ စင်စင်ကြယ်ကြယ် ကျင့်ခြင်း ဟုတ်-မဟုတ် စဉ်းစားရမည်ဟု မိန့်ဆိုကြပါသည်။

ဤသို့စဉ်းစားနှိုင်းချိန်၍ သူ၏ဖြေဆိုပုံနှင့် သူ၏ကျင့်ပုံ ညီညွတ်ရုံမျှဖြင့်လည်း ရဟန္တာဟု ပူဇော်သက္ကာရအမှု မပြုထိုက်သေးပါ။ အဘယ်ကြောင့်ဆိုသော် အချို့သော ပုထုဇဉ်ရဟန်းတို့သည် ရဟန္တာနီးပါး အကျင့်ကောင်း ကြသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ရဟန္တာဟု ဧကန်မသတ်မှတ်သေးဘဲ ဥပါယ်တံမျဉ်ဖြင့် စမ်းသပ်သင့်သေးသည်ဟု မိန့်ဆိုကြပါသည်။

ဥပါယ်တံမျဉ်ဖြင့် စမ်းသပ်ပုံကို ၀တ္ထုသာဓကများ ထုတ်ပြ၍ ဆိုပါမည်။
တခါက ဒီဃဘာဏက အဘယဆိုသော မထေရ်ကြီးတပါးသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတပါးကို ပုထုဇဉ်လော ရဟန္တာလောဟု မခွဲခြားမဆုံးဖြတ်နိုင်သည်ဖြစ်၍ သူငယ်တယောက်အား အမှတ်သညာပေးထား၏။ ထိုသူငယ်သည် ကလျာဏီမြစ်ဆိပ်၌ ငုပ်၍ ရေချိုးနေသော ထိုရဟန်း၏ ခြေထောက်ကို ဆွဲလေ၏။ ပိဏ္ဍပတ်ဓုတင်ဆောင် ရဟန်းသည် မိကျောင်းမှတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လေရာ ပုထုဇဉ်မှန်းသိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် ဦးထိပ်၌ မိုးကြိုးကျသော်လည်း ကြောက်တုန်လှုပ်ခြင်း မဖြစ်တော့ပါ။ အသက်ခန္ဓာ၌ တပ်မက်ခြင်း နိကန္တိကို ပယ်ထားပြီးဖြစ်ပါသည်။
( မ-ဋ္ဌ ၄-၆၆။ သာရတ္ထ-ဋီ ၂-၂၈၅ )

သို့သော် အချို့ ကြောက်ရွံ့ခြင်းကင်း ရဲတင်းသော ပုထုဇဉ်များလည်း ရှိတတ်သေးရာ နှစ်သက်ဖွယ် အာရုံများနှင့်လည်း စမ်းသပ်သင့်ပါသေးသည်။
တခါက ၀သဘမင်းသည် မထေရ်တပါးကို စုံစမ်းလိုသဖြင့် နန်းတော်သို့ ပင့်ဆောင်ပြီး မထေရ်၏ရှေ့တွင် ဆီးသီးမှုန့်ဖြင့် ဖျော်ထားသော မုန့်ကို နယ်ပြလေ၏။ ထိုအခိုက် မထေရ်၏ သွားရည်များ ယိုကျလာသဖြင့် ရသတဏှာ မပယ်နိုင်သေးပုံ၊ ရဟန္တာမဖြစ်သေးပုံကို သိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် နတ်သြဇာကိုသော်မှ တပ်မက်ခြင်း မရှိတော့ပါ။ ( မ-ဋ္ဌ ၄-၆၇။ သာရတ္ထ-ဋီ ၂-၂၈၅ )။

အချုပ်အားဖြင့်ဆိုရလျှင် ရဟန္တာဟူသည်မှာ ကိလေသာ ၁၀-ပါးလုံးကင်းကာ လောကဓ့တရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ၊ တွေဝေခြင်း မေ့လျော့ခြင်းမရှိ၊ အိပ်မက်မက်ခြင်းမရှိ၊ သုက်လွှတ်ခြင်းမရှိ၊ မာယာ-သာဌေယျ မရှိ၊ စသည်ဖြင့် ပုထုဇဉ်တို့၏ စရိုက်အကြိုက်တို့နှင့် များစွာ ကွာခြားရကား ရဟန္တာအရှင်တို့၏ ဂုဏ်ကို ပုထုဇဉ်တို့ ကုန်စင်အောင် မသိနိုင်ကြောင်း၊ ရဟန္တာအချင်းချင်းသာ သိနိုင်ကြောင်း။ ( သံ-၁-၁၅၀။ ) ဟောတော်မူထား ပါသည်။

ဤ၌ အနည်းငယ်ဖြည့်စွက်၍ ပြောချင်သည်မှာ ဘုရား ရဟန္တာ အရိယာပုဂ္ဂိုလ်တို့အား မျက်မြင်ဖူးတွေ့၍ ကိုယ်တွေ့ကြည်ညို ဘုန်းရိပ်ခုံလှုံလိုကြသည်မှာ ပုထုဇဉ်သူတော်ကောင်းတို့၏ ကောင်းမြတ်သော သဘာဝပင်ဖြစ်ပါသည်။

သို့သော် အရိယာတို့ကို ဖူးတွေ့ရခြင်းဟူသည် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်း၊ ဉာဏ်မျက်စိဖြင့် ဖူးတွေ့ရခြင်းဟု နှစ်မျိုးရှိပါသည်။ ထိုတွင် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်းကို တိရစ္ဆာန်များပင် (သိသိ-မသိသိ) ဖူးတွေ့နိုင်၍ ဘုရားရှင် မချီးမွမ်းလှပေ။ ထို့ကြောင့်ပင် ဘုရားရှင်အား ဖူး၍မ၀ ကြည်ညိုလှသော ၀က္ကလိမထေရ်အား-၀က္ကလိ ဤကိုယ်ကောင်ပုပ်ကို ဖူးမြင်ရခြင်းဖြင့် သင်အား အဘယ်အကျိုးရှိအံ့နည်း၊ ၀က္ကလိ တရားကို မြင်သောသူသည် ငါဘုရားကို မြင်၏-ဟု မိန့်တော်မူခဲ့သည် မဟုတ်ပါလော။ ( သံ-၂-၉၈ ) ဓမ္မ-ဋ္ဌ ၂-၃၈၀ )

ထို့ကြောင့် ဘုရားရှင် အလိုတော်အားဖြင့် အရိယာပုဂ္ဂိုလ်ကို ပကတိမျက်စိဖြင့် ဖူးတွေ့ရသော်လည်း ဉာဏ်ဖြင့် အရိယာတို့မြင်အပ်သော လက္ခဏာရေးသုံးပါးကို မမြင်သော၊ အရိယာတို့ သိအပ်သောတရားတို့ကို မသိသောသူသည် အရိယာအဖြစ်ကို ပြုတတ်သောတရားကို၎င်း၊ အရိယာ၏အဖြစ်ကို၎င်း၊ မမြင်အပ်သည်၏ အဖြစ်ကြောင့် အရိယာနံ အဒဿာဝီ-အရိယာပုဂ္ဂိုလ်တို့ကို မဖူးမြင်ရသူပင်ဖြစ်၏-ဟု အဋ္ဌကထာဆရာတို့ မိန့်ဆိုကြပါသည်။( အဘိ-ဋ္ဌ-၁-၃၈၅ )။

ကိုယ်တိုင်ကိုယ်ကျ တရားရ၍ အရိယာအစစ်ကို ဖူးတွေ့နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
| | 0 comments Links to this post

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP