* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, November 14, 2009

မြွေဆိုးတစ်ကောင်နှင့် လမ်းလျှောက်ခြင်း


ပုဇွန်ဆီရောင်ညနေခင်းသည် သူနှင့်အတူ တွဲလျှောက်နေရာမှ ခပ်ခွာခွာသို့ တိမ်းစောင်းပစ်လိုက်သည်။ ညနေခင်း၏ ရင်ခွင်ထဲမှ နေတစ်စင်း၏ ထွက်သက်ကို ရှိုက်မိ၏။ သြော် တစ်နေကုန်ပြန်ပြီ။ သူကတော့ လျှောက်မြဲလမ်းပေါ်မှာ သူ့ခြေလှမ်းများကို မောင်းနှင်နေမိဆဲပင်။
ခြေလှမ်းထဲမှာ အကောင်းအဆိုးလောကဓံတို့ ငြိယှက်တတ်သည့်အခါ သူကျက်မှတ်ခဲ့ဖူးသော ဂါထာတစ်ပိုဒ်ကို အားယူဆုပ်ကိုင်ထားမိ၏။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ နကမ္ပတိ။

လောကဓံနဲ့ တွေ့ထိငြား
စိတ်ကား မတုန်လှုပ်။

တစ်ခါတစ်ရံမှာတော့ ပုထုဇဉ်ပီသသွားတတ်တာမျိုးလည်း ကြုံရပါသေးသည်။
သူလျှောက်နေသော လမ်းပေါ်မှာ
အမှားများစွာဖြင့် ဟု လက်မှတ်ရေးထိုးလေ့ရှိသော မိတ်ဆွေရဟန်းတစ်ပါးရှိခဲ့ဖူးသည်။ များမကြာမီက သာသနာ့ဘောင်စည်းအတွင်းမှာ မိတ်ဆွေရဟန်း ပါရမီနည်းသွားခဲ့ပြီ ဟူသောသတင်းကြားလိုက်ရ၏။
ရဟန်းဘ၀ဆိုတာကလည်း ပေခံနိုင်ပါမှ အဖတ်တင်နိုင်သည်။

သာသနာ့ထိပ်ခေါင်တင်ဆရာတော်ကြီးတစ်ပါး၏ မှတ်ချက်ပေးစကားလေးက ပြုံးချင်စရာကောင်းသည်။
ဒကာတစ်ဦးက ရင်းနှီးစွာ လျှောက်ထားသည်။ တပည့်ဒကာဒကာမတွေ အကျိုးများအောင် တစ်မဂ်တစ်ဖိုလ်ဆိုက်အောင် ကျင့်တော်မူပါဘုရား တဲ့။ ဆရာတော်ကြီးက တစ်မဂ်တစ်ဖိုလ်ရဖို့နေနေသာသာ လူမထွက်ဖြစ်အောင်ပဲ မနည်းအောင့်နေရသကွ တဲ့။

ယနေ့ခေတ်လို ရောင်စုံယှက်သန်းနေသော ယဉ်ကျေးမှုကြီးထဲ အာရုံမထွေပြားအောင် ဖြတ်သန်းရသည့် ရဟန်းတစ်ပါး၏ ဒိုင်ယာရီစာမျက်နှာတွင် စိတ်ကူးစိတ်သန်းများ နောက်ကျိနေတတ်ပါလေသည်။ နောက်ကျိညစ်နွမ်းမှုဆိုသည်က ကိလေသာဖြစ်သည်။
ကိလေသာဆိုသည်က မြွေးဆိုးတစ်ကောင်ဖြစ်သည်။

ရင်ဘတ်ထဲမှာ ခွေအိပ်နေသောမြွေဆိုးတစ်ကောင်သည် အနုသယကိလေသာဖြစ်သည်။
ငြိယှက်ဖွယ်အာရုံကို ထိရှတိမ်းညွတ်လိုက်သည့်အခါ ပါးပြင်းထောင်လာသော မြွေဆိုးတစ်ကောင်၏ မာန်ဖီသံသည် ဥပက္ကမကိလေသာ။ ကိုယ်ဖြင့် နှုတ်ဖြင့် မိုက်မဲစွာမှားယွင်းကျူးလွန်မိပြီဆိုလျှင်တော့ မြွေဆိုးတစ်ကောင်၏ အဆိပ်ပြင်းသောကိုက်ခဲမှုသည် ၀ီတိက္ကမကိလေသာ။
မြွေဆိုးတစ်ကောင်နှင့်အတူအိပ်စက်နေခဲ့ရတာ ဘယ်လောက်များ အန္တရာယ်များလိုက်ပါသလဲ။


ဆုံးမသွန်သင်ချက်သာသနာက လမ်းညွှန်ပေးထားသည်။
မြွေဆိုးမကိုက်အောင် သီလဆောင်
ပါးပြင်းထောင်မလာအောင်တော့ သမာဓိထူထောင်
ခွေအိပ်နေတာကို ကော်ထုတ်ပစ်ဖို့တော့ ပညာအရောင်တဲ့။
သိက္ခာသုံးပါးကတော့ မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါးမြတ်ပင် ဖြစ်သည်။


သူဆက်လျှောက်နေသည်။
သူ့ရင်ဘတ်ထဲမှာတော့ မြွေဆိုးတစ်ကောင်က အသေအချာ အိပ်နေသည်။
သူက လမ်းဆက်လျှောက်ရင်း ဓါးတစ်လက်အကြောင်းကို စဉ်းစားနေလေသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP