* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, November 14, 2009

ဝိပဿနာရှုနည်း လိုရင်းအကျဉ်းချုပ်

Thursday, November 12, 2009

ဝိပဿနာရှုဖို့ မအားဘူးလို့ ပြောကြတဲ့ အသံကြားဘူးကြမှာပါ။ တကယ်တော့ ၀ိပဿနာအလုပ်ဆိုတာ အားမှ.. (ဒါမှမဟုတ်) ရိပ်သာဌာနကို သွားလုပ်မှ ရတဲ့ အလုပ်မဟုတ်ပါဘူး။ တရားရိပ်သာ.. တရားစခမ်းသွားတယ်ဆိုတာ ဘုရားရှင်လက်ထက်ကလို ဘုရားရှင်ထံ တရားရှုနည်း သွားတောင်းတဲ့ သဘောပါ၊ တရားရှုနည်း.. တရားမှတ်နည်း သိပြီးဆိုရင် မိမိတို့ရဲ့ ခန္ဓာဟာ တကယ့်အစစ်အမှန် တရားရှုရမည့် ရိပ်သာဌာနကြီးပါ။ တရားရှုမှတ်တယ်ဆိုတာ ဘုရားရှင်လက်ထက်က ဟင်းချက်ရင်း... ခြေဆေးရင်း.. စသည့် အလုပ်ခွင်ထဲမှာပဲ တရားထူး ရသွားတဲ့ ပုဂ္ဂိုလ်များလိုပဲ မိမိတို့လုပ်ငန်းခွင်းထဲမှာ လုပ်လို့ရအောင် ဗုဒ္ဓမြတ်စွာက နည်းလမ်းပေးခဲ့တာပါ။ ဘုရားရှင်လက်ထက်က တရားထူးရကြတယ်ဆိုတာ ပါရမီရင့်ကျက်လို့ ရတာ။ ဒို့က ပါရမီမရင့်ကျက်လို့ဆိုပြီး ပါရမီလွဲချစရာအကြောင်းတော့ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး မိုးကုတ် ဆရာတော်ဘုရားကြီး အလိုအရဆိုရင်တော့ “ခင်ဗျားတို့ ပါရမီကို လွဲချမနေနဲ့, ပါရမီရင့်ကျက်လို့ ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့ လူ့ဘ၀ရနေတာ”လို့ မိန့်ကြားဘူးပါတယ်။ တကယ်တော့ အလုပ်တခုကို လုပ်ဖြစ်ဖို့က အဓိက ပဓာနပါ။

ဝိပဿနာအလုပ်ဆိုတာ မည်သည့်နေရာမဆို ဥပမာ.... ရပ်နေစဉ် ...စားနေစဉ်...အိပ်နေစဉ်.. လမ်းလျောက်နေစဉ်... လုပ်ငန်းလုပ်နေစဉ်...ယုတ်စွအဆုံး အပေါ့အပါးသွားတဲ့ နေရာကအစ ၀ိပဿနာ အလုပ်လုပ်ရတဲ့ နည်းတွေ ဗုဒ္ဓမြတ်စွာက သင်ပေးခဲ့တာပါ။ ၀ိပဿနာဆိုတာ တကယ်တော့ နေ့စဉ်.. နေစဉ် (စားနေစဉ်.. သွားနေစဉ်..စသည့်အလုပ်ထဲမှာ) အသိ သတိ ၀ိရီယထည့်ပေးလိုက်တဲ့ သဘောကို ၀ိပဿနာ (ရုပ်တရား၊ နာမ်တရားတို့ သတိပညာတရားထည့်ကာ အထူးရှုမှတ်ခြင်း)လို့ခေါ်တာပါ။ အဓိကကတော့ သတိဦးစားပေးထည့်ပေးလိုက်တာပါ။ တဆင့်ချင်းပြီး တဆင့် ဒီလို ဆက်လက် ကျင့်ကြံရင်း ဉာဏ်အဆင့်ဟာ မြင့်သွားမှာပါ။
ဒီနေရာမှာ အဓိကမူတစ်ခု ပြောပြရမည်ဆိုလျှင် အာနာပါနလို့ခေါ်တဲ့.. မိမိတို့ရဲ့ ထွက်လေ ၀င်လေလေး မှတ်တဲ့ သဘောကို နမူအနေနဲ့ သိထားသင့်ပါတယ်။ ဒီနမူနာအတိုင်း ကျန်တာတွေ မှတ်တာကလည်း အတူတူပါဘဲ။ အဲဒီတော့ ကိုယ်ခန္ဓာကိုယ် (သို့) ကိုယ့်အလုပ်ထဲမှာ ငါ, ငါ့ဥစ္စာ, အတ္တစွဲ မပါဘဲ အမြဲထာဝရ တရားရှုမှတ်ဖို့ အထင်ရှားဆုံးနေရာဖြစ်တဲ့ မိမိတို့ရဲ့ နှားခေါင်းဖျား၊ နှာသီးများ၌ စိတ်ကို သတိတရားနဲ့ စောင့်ထားပြီး ထွက်လေ, ၀င်လေ, (ဖောဋ္ဌဗ္ဗာရုံ)လို့ ခေါ်တဲ့ အတွေ့အထိသဘော ၀ါယော(လေ)ဓာတ်က ထိထိသွားတဲ့ အဖြစ်+အပျက်ကို သိအောင် ရှုမှတ်နေရမှာပါ။ လေလေးထိထိသွားတဲ့ တွေ့ထိမှုသဘော (ဖောဋ္ဌဗ္ဗာရု)ထဲမှာလည်း ငါမပါ၊ ထိပြီးတော့ ပျက်သွားတဲ့တာပဲ၊ အထိခံရတဲ့ ကိုယ်(ကာယ)ရုပ်ထဲမှာလည်း ငါမပါဘူး၊ ထိပြီးတော့ ပျက်သွားတာပဲ။ ထိတာကို သိသိနေတဲ့ ထိ,သိ စိတ်ဆိုတာလည်း ငါမဟုတ်၊ ငါမပါဘူး၊ ထိ, သိပြီး ပျက်သွားတာပဲ။
((ဒီနေရာမှာ “ငါ”ဆိုတာ တရားသဘောအရ “ငါ” (အတ္တ) မရှိတဲ့ သဘောပါ။ အပြော “ငါ”၊ ခေါ်ဝေါ်ပြောဆိုမှု (သမ္မုတိ)အနေနဲ့ကတော့ ခေါ်ဝေါ်ပြောဆိုမှု “ငါ”ဆိုတာ ရှိပါတယ်။ ၄င်း “ငါ” ပယ်ရမယ် (ဒါမှမဟုတ်) အပြော “ငါ” မရှိဘူးလို့ ဘုရားရှင်ကလည်း မဟောခဲ့ပါဘူး၊ သမ္မုတိ“ငါ”ဆိုတာ ရှိပါတယ်။ အမှန်စင်စစ် (ပရမတ္ထ) သဘောအရ မိမိတို့ရဲ့ ရုပ်-နာမ်ခန္ဓာထဲမှာ “ငါ”ဆိုတဲ့ “အတ္တ”မရှိဘူးလို့ ပြောလိုတာပါ။))
အဲဒီလို ရုပ်တရား နာမ်တရားတို့ ဖြစ်ပျက်မှုကို ရုပ်နာမ်သက်သက် ငါ, ငါ့ဥစ္စာ, ငါ့ဟာဆိုတဲ့ အစွဲဥပါဒါန် မမှီ, မစွဲ, မပါဘဲ သတိ, ပညာ, သမာဓိတရားတို့ဖြင့် သန့်ရှင်းစင်ကြယ်စွာ ဂဃနဏ ပြတ်ပြတ်သားသားနဲ့ ရှုမှတ်ပွားများနေရင် ၀ိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့်တက်ကာ ဒိဋ္ဌိ (အယူမှားမှု)၊ ၀ိစိကိစ္ဆာ (ဘုရား၊ တရား၊ သံဃာစသည် အပေါ်မှာယုံမှားမှု)ကင်းလျက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်ကာ အပါယ်တံခါးပိတ်လျက် အမြတ်ဆုံးချမ်းသာအစစ်ကို ရရှိခံစားရမှာပါ။
နိဗ္ဗာန်ကို ဒီဘ၀မှာ မရသည်ထားဦးတော့... မိမိတို့တတွေ နေ့စဉ်အလုပ်ထဲမှာ အထက်ပါနည်းအတိုင်း သတိလေးထည့်ပြီး လုပ်မယ်ဆိုရင် စိတ်ကြည်လင်မယ်၊ ကိုယ်လုပ်တဲ့ လုပ်ငန်း အစဉ်ပြေချောမွေ့မယ်၊ အန္တရာယ်ကင်းမယ် စတဲ့ အကျိုးတွေ ခံစားရမှာပါ။ သတိမပါတဲ့ သူရဲ့ အလုပ်ဟာ အမှားများတယ်၊ အန္တရာယ်များတယ်ဆိုတာကတော့ လူတိုင်း သိပြီးသား ဖြစ်ကြပါတယ်။ အဲဒီတော့ မိမိတို့တစ်တွေ နေ့စဉ်အလုပ်မှာ သတိပညာထည့်ကာ အဆင့်မြင့်တဲ့ ၀ိပဿနာအဆီအနှစ်ကို နေ့စဉ်အလုပ်ကနေ ထုတ်ယူနိုင်ကြပါစေ...


ကျမ်းကိုး---
သုတ်မဟာဝါ-မဟာသတိပဋ္ဌာနသုတ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP