* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 2, 2009

*သင့်ရဲ့သေဆုံးချိန်ကို ကြိုသိစေနိုင်မယ့် နည်းလမ်း*

ကိုယ်သေရမယ့် အချိန်ကို ကြိုတင်ပြီး အတိအကျ သိရခြင်းဟာ ကိုယ့်အတွက် လောကီဘက်မှာရော၊ လောကုတ္တရာ ဘက်မှာပါ တန်ဖိုး မဖြတ်နိုင်ပါဘူး။ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ရမယ့် အခက်အခဲ တစ်ခုအတွက် ကြိုတင် ပြင်ဆင်ခွင့်ရမယ်၊ ကြိုတင် ပြင်ဆင်ထားနိုင်မယ် ဆိုရင် အဲဒီ အခက်အခဲကို အလွယ်တကူနဲ့ သက်သက်သာသာ ကျော်လွှားနိုင်မှာပါ။ သေမှာကို ကြိုသိရင် သေဖို့အတွက် ကြိုတင် ပြင်ဆင်နိုင်တာပေါ့။ အကောင်းဆုံး သေခြင်းနဲ့ သေခွင့်ရအောင် လေ့ကျင့်နိုင်တာပေါ့။

“သေခြင်းတရား ဘယ်အချိန်မှာ လာမလဲ၊ ကိုယ့်ဘက်ကတော့ သေဖို့ အဆင်သင့်ပဲ” လို့ ကြွေးကြော်နိုင်ဖို့ အတွက် သေခြင်းတရားကို ကြိုတင် လက်ခံထားဖို့ လိုအပ်ပါတယ်။ သေခြင်းတရားကို ကြိုတင် လက်ခံထားပြီးတာနဲ့ တစ်ပြိုင်နက် သေဖို့ အဆင်သင့် ဖြစ်စေမယ့် အလုပ်တွေကို မမေ့မလျော့ ပြုလုပ် အားထုတ်ရပါမယ်။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်စေမယ့် အလုပ်၊ အသေလွတ်ကြောင်း အလုပ်တွေကို လုပ်ထားနိုင်ရင်တော့ အကောင်းဆုံး ပါပဲ။ အသေလွတ်ကြောင်း အလုပ်ကို ဆုံးခန်းတိုင်ရောက် ကိစ္စပြီးမြောက်အောင် လုပ်ထားနိုင်သူ အတွက်တော့ သေခြင်းတရားဟာ ထိတ်လန့် တုန်လှုပ်စရာ မဟုတ်ပါဘူး။ ပြုံးပျော် ကြည်နူးစရာပါ။

မသိခြင်း ငါးပါးနဲ့ အသက်ရှင်နေရတဲ့ လူသားတွေ အတွက် ကိုယ်သေရမယ့် အချိန်ကို ကြိုတင်ပြီး အတိအကျ သိဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စရပ်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အခက်ခဲဆုံး ကိစ္စကို အလွယ်တကူ သိနိုင်တဲ့ နည်းလမ်း ရှိပါတယ်။ အဲဒါကတော့ အာနာပါန ကမ္မဋ္ဌာန်းပါပဲ။

အာနာပါန သတိပဋ္ဌာန် တရား ပွားများ အားထုတ်လို့ ရဟန်းကိစ္စ ပြီးမြောက်သွားတဲ့ ရဟန္တာ ပုဂ္ဂိုလ် မြတ်များဟာ မိမိတို့ ပရိနိဗ္ဗာန် ပြုရမယ့် အချိန်အခါကို မိနစ်၊ စက္ကန့်မလွဲ အတိအကျ ကြိုတင် သိမြင်နိုင်ကြ ပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းမှ တစ်ပါးသော တခြား ကမ္မဋ္ဌာန်းတွေနဲ့ ပေါက်မြောက်သွားတဲ့ ရဟန္တာ ပုဂ္ဂိုလ်တွေကတော့ ပရိနိဗ္ဗာန် ပြုရမယ့် အချိန်ကို ကြိုသိဖို့ မသေချာပါဘူး။ သိတဲ့ ပုဂ္ဂိုလ်လည်း ရှိသလို မသိတဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်။ မသိတဲ့ ပုဂ္ဂိုလ်က ပိုများပါတယ်။ အာနာပါန ကမ္မဋ္ဌာန်း ပိုင်ရှင်ကတော့ အဲလို မဟုတ်ပါဘူး။ သေချာပေါက် သိကို သိပါတယ်။

ရဟန္တာ ပုဂ္ဂိုလ်ဆိုတာ အသာထားလိုက် ပါဦး။ အာနာပါန သတိပဋ္ဌာန်ကို အထိုက် အလျောက် ပေါက်မြောက်အောင် ပိုင်ပိုင်နိုင်နိုင် အားထုတ်ထားတဲ့ ပုထုဇဉ် ယောဂီ ပုဂ္ဂိုလ်တွေ တောင်မှ ကိုယ်သေရမယ့် အချိန်ကို ကြိုတင်ပြီး အတိအကျ သိနိုင်ကြပါတယ်။ ကြိုတင် သိကြတဲ့ အတွက် ကိုယ့်အလောင်းကိုယ် ကြိုတင် ပြင်ဆင်သွား သူတွေ၊ ကြိုတင် စီမံ ပြောကြားသွား သူတွေ မရေ မတွက်နိုင်အောင် ရှိပါတယ်။ သေခါနီးမှာ ကိုယ့်ဘာသာ ကိုယ် ရေမိုးချိုး၊ အ၀တ်အစား အသစ်လဲ၊ အသုဘမှာ လှူဖို့ မှာကြားပြီး ပြုံးပြုံးလေး သေသွားတဲ့ သူတွေ အများကြီးပါပဲ။

တစ်ခါတုန်းက သီဟိုဠ်ကျွန်း၊ စိတ္တလ တောင်မှာ သီတင်းသုံးတဲ့ မထေရ်ကြီးတစ်ပါး လပြည့် ဥပုသ်နေ့ တစ်ခုမှာ သံဃဥပုသ် ပြုအပြီး ကိုယ့်ကျောင်းမှာကိုယ် သံဃာအများနဲ့ ခြံရံ သီတင်းသုံး နေပါတယ်။ ကောင်းကင်ထက်က လရောက်ကို မော်ကြည့်ရင်း မိမိရဲ့ သက်တမ်း အကြွင်း အပိုင်းအခြားကို ဆင်ခြင် နှလုံးသွင်း နေရာက တပည့်သံဃာများဘက် ပြန်လှည့်ပြီးတော့ ခုလို မိန့်ကြားတော် မူလိုက်ပါတယ်။

“ငါ့ရှင်တို့… သင်တို့ ဘယ်လို ပုံစံမျိုးနဲ့ ပရိနိဗ္ဗာန် ပြုတာကို မြင်ဖူးကြသလဲ”

ဒီလို မေးလိုက်တော့ တပည့်တွေက “နေရာမှာ ထိုင်လျက် ပရိနိဗ္ဗာန် ပြုတာကို မြင်ဖူးပါတယ် ဘုရား..”၊ တစ်ချို့ တပည့်တွေက “ကောင်းကင်မှာ တင်ပျဉ်ခွေလျက် ပရိနိဗ္ဗာန် ပြုတာကို မြင်ဖူးပါတယ် ဘုရား..” စသည်အားဖြင့် ကိုယ် မြင်တွေ့ဖူးတဲ့ ပရိနိဗ္ဗာန် ပြုပုံတွေကို အသီးသီး လျှောက်ထားကြ ပါတယ်။

“စင်္ကြံလျှောက်လျက်နဲ့ ပရိနိဗ္ဗာန် ပြုတာကိုရော မြင်ဖူးကြ သလား” လို့ မေးတော့… လုံးဝ မမြင်ဖူးသေးကြောင်း တပည့် သံဃာ အားလုံးက လျှောက်ထားကြ ပါတယ်။

“ကောင်းပါပြီ ငါ့ရှင်တို့…၊ ဒါဖြင့် သင်တို့ကို စင်္ကြံလျှောက်ရင်း ပရိနိဗ္ဗာန် ပြုတာကို ငါအခု ပြမယ်”… လို့ မိန့်ကြားတော် မူပြီး စင်္ကြံလျှောက်တဲ့လမ်း (စင်္ကြံလမ်း) ရဲ့ တစ်နေရာမှာ မျဉ်းကြောင်း တစ်ခုကို သားလိုက်ပါတယ်။

“ငါ့ရှင်တို့၊ ကြည့်ကြနော်၊ ငါစင်္ကြံလမ်းရဲ့ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ် အရောက် ကြွပြီး ပြန်လှည့် လာမယ်၊ ဟောဒီ မျဉ်းသားထားတဲ့ နေရာ ရောက်ရင် ရောက်ရောက်ချင်း ပရိနိဗ္ဗာန် ပြုမယ်” အဲလို မိန့်ကြားတော် မူပြီး တပည့် သံဃာများရဲ့ ရှေ့မှောက်မှာ စင်္ကြံကြွပြတော် မူပါတယ်။ တပည့် သံဃာများက စင်္ကြံ အစအဆုံး တည်တည် ငြိမ်ငြိမ် ကြွလှမ်းနေတဲ့ မထေရ်ကြီးကို မျက်တောင် မခတ် ကြည့်ရှု ကြည်ညိုနေကြ ပါတယ်။ မထေရ်ကြီး မိန့်တော်မူတဲ့ အတိုင်းပဲ စင်္ကြံ တစ်ဖက်စွန်းကနေ ပြန်လှည့်အလာ၊ မျဉ်းသားထားတဲ့ နေရာမှာ ခြေတော် တစ်ဖက်ပဲ နင်းချရရုံ ရှိသေး၊ မတ်တပ် ရပ်လျက်နဲ့ အဲဒီစင်္ကြံမျဉ်း နေရာမှာပဲ ပရိနိဗ္ဗာန် ပြုတော် မူခဲ့ပါတယ်။

အဲဒီ မထေရ်ကြီး နည်းတူ ပရိနိဗ္ဗာန် ပြုမယ့်အချိန် (သေမယ့် အချိန်)ကို ကြိုသိပြီး စနစ်တကျ ကြိုတင်ပြင်ဆင် ပရိနိဗ္ဗာန် ပြုသွားတဲ့ အရှင်မြတ်တွေ မရေ မတွက်နိုင်အောင် များပြားလှပါတယ်။ သေမယ့် အချိန်ကို ကြိုသိပြီး စနစ်တကျ ပြင်ဆင်သွားနိုင် တာဟာ အာနာပါန ကမ္မဋ္ဌာန်း၊ အာနာပါန သတိပဋ္ဌာန်ရဲ့ အကျိုးကျေးဇူး ပါပဲ။

သေရမယ့် အချိန်ကို ကြိုသိခြင်းဟာ မင်္ဂလာ တစ်ပါးပါ။ ကျန်းမာစွာ အသက်ရှင်ရခြင်းဟာ လာဘ်ကြီးတစ်ပါး ဖြစ်သလို ချမ်းသာစွာ သေဆုံးရခြင်း ဟာလည်း လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ ဘ၀ပြတ်အောင် အားမထုတ် နိုင်သေးသူ အတွက် သေခါနီးမှာ တမလွန် ဘ၀ကူးကောင်းဖို့ အလွန် အရေးကြီးပါတယ်။ သေရမယ့် အချိန်ကို ကြိုသိရင် ဘ၀ကူး ကောင်းဖို့အတွက် စိတ်တိုင်းကျ ကြိုတင် ပြင်ဆင်နိုင် ပါတယ်။

သေရမယ့် အချိန်ကို ကြိုသိချင်တယ် ဆိုရင်တော့ အာနာပါန သတိပဋ္ဌာန် တရားကို လေးလေးစားစား ပွားများ အားထုတ်ကြရုံပါပဲ။ သေချိန်ကို ကြိုသိခြင်းရဲ့ အသေချာဆုံး အကြောင်းဖြစ်တဲ့ အာနာပါန ကမ္မဋ္ဌာန်းကို ၀မ်းမြောက်ဝမ်းသာ အားထုတ်ကြဖို့ တိုက်တွန်းပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော် မူသော “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်မှ…

~~~~~~~~~~~~~~~~~~~~~~~~~~~

ကဲ.. ခုဆိုရင် ဓမ္မမောင်နှမတို့လည်း သေချိန်ကို ကြိုသိစေနိုင်တဲ့ နည်းလမ်းကို သိသွားပြီ ဆိုတော့ အသိကို အသိမှာတင် ရပ်မထားဘဲ လက်ရှိ လျှောက်လှမ်းနေရတဲ့ ဘ၀ထဲမှာပါ အချိန်ရရင် ရလောက် လက်တွေ့ ကျင့်သုံးကြဖို့ တလေးတစား တိုက်တွန်းလိုပါတယ်။ တကယ့်တကယ် သေရတော့မယ် ဆိုရင် ကိုယ် လက်ရှိ လုပ်နေတဲ့၊ အဟုတ်ထင်နေတဲ့ သားရေး၊ သမီးရေး၊ ပညာရေး၊ စီးပွားရေးတွေက ဘာမှမဟုတ်၊ ကိုယ့်နောက်ကို ပါမှာ မဟုတ်ဘဲ ကိုယ် ဘ၀တစ်လျှောက် ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ် ကံတွေကသာ ကိုယ့်နောက် ပါမယ် ဆိုတာလည်း ဓမ္မမောင်နှမတို့ သိပြီးသားပါ။ နောက်တစ်ခုက ဘုရားရှင် ချမှတ် လမ်းညွှန်ခဲ့တဲ့ အဆုံးအမ နည်းလမ်း တစ်ခုဟာ ကျင့်သုံးရင် ကျင့်သုံးသလောက် ကျင့်သုံးသူကို အကျိုးများစေတာ ဆိုတော့… တကယ်ပါ. နေ့စဉ်ရက်ဆက် မိမိတို့ရဲ့ လုပ်ငန်းဆောင်တာ အချိန်ထဲမှာ ဒီ အာနာပါန သတိပဋ္ဌာန် သာမကပဲ မိမိတို့ သိရှိ မှတ်သားဖူးတဲ့ အဆုံးအမလေး တွေကိုပါ တွဲဖက် ကျင့်သုံးကြဖို့ ဒုတိယမ္ပိ တိုက်တွန်းလိုက်ပါတယ်။

ဓမ္မမောင်နှမတို့ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာ ဆန္ဒ ပြည့်ဝကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

11/2/2009, MON:, 12:15:58 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP