* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 2, 2009

ဒုန်းဒေးမတိုင်မီ


အေးအေးနေတာကြာတော့ စာရေးဆရာ ကိုသစ္စာတစ်ယောက် လောကဓာတ်ကြီးတစ်ခုလုံးကို သူ့လို ခပ်အေးအေးပဲရှိမှာဟု ထင်မိလေသည်။ ဒီတုန်း စာအုပ်သေတ္တာကို ပြန်လှန်ရင်း မဂ္ဂဇင်းဟောင်းတစ်ခုမှာ ဆရာမ မိနှောင်းရေးသော ကဗျာကလေး တစ်ပုဒ်ကို ဖတ်မိပြီးမှ အလန့်တကြားဖြစ်သွားရသည်။



နီရိုး

အနုပညာဝါသနာပါတာတော့ မဖြစ်နိုင်ဘူး
တယောထိုးလိုက ထိုးစေ
ငကြောင်...။

(မိနှောင်း)

ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်နေတုန်း နီရိုးဘုရင်က တယောထိုးနေသတဲ့။ ယခုလည်း မနက်ကပြောသော ပဲပြုတ်သည် ဒေါ်ထားရဲ့ စကားတစ်ခွန်းကြောင့် ကိုသစ္စာ လိပ်ပြာမလုံဖြစ်ခဲ့ရသည်။

"ဆရာ လွှတ်လှက်ပြီး ကဗျာစပ် မနေနဲ့။ ကုသိုလ်ရေးလေး ဘာလေး လုပ်ဦး။ ကမ္ဘာက နေ့ပျက်မလား ညပျက်မလား မသိ။"


"ဗျာ"

ကိုသစ္စာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒီတင် ဒေါ်ထားအကွက်ထဲ သူဝင်သွားတာ သိလိုက်ရသည်။ နောက်ကျသွားလေပြီ။ ဒေါ်ထားက ကမ္ဘာပျက်ပုံကို သူကိုယ်တိုင် အင်္ဂလိပ်ဓာတ်ရှင်ကားထဲ ကြည့်ဖူးသည့်အတိုင်း မရပ်မနား ရှင်းပြလေသည်။ ကွက်စိပ်ဆရာ ကိုစော၏ အပြောလေးတွေနှင့် ဓမ္မကထိကဆရာတော် တစ်ပါး၏ သီချင်းကလေးတွေ ပါ ထည့်ထည့်ပြီး ပြောသွား ဟောသွားသဖြင့် နေအတော်မြင့်သွားသည်။

ဒီကိစ္စကို မသိရသဖြင့် အိမ်မှာ ကိုသစ္စာ၏ ကျားကန်ထားရသော စာပေသြဇာ တော်တော်လေး ကျဆင်းသွားရသည်။

"ရှင်က ဒါတောင်မသိဘူးလား။ ဒီလောက် စာတွေ ဖတ်နေ၊ ရေးနေပြီးတော့။ " ဟု ဇနီးသည်က အငေါ်တူးသည်။

ကိုယ်လည်း နီရိုးလို ဖြစ်နေပြီလား။

"မဟုတ်သေးဘူး မိန်းမရယ် ဘယ်သူပြောတဲ့ စကားလဲ" ဟု ညောင်နာနာလေး ငြင်းမိတော့

"အို..စံဇာဏီဘိုက အစ လူတိုင်းပြောနေကြတာပဲ။ ခိုင်မာသလားတော့ မမေးနဲ့။ အင်တာနက်ထဲမှာကို ပါတာ"

အင်တာနက်ထဲ ပါလာတာဆိုတော့ ကိုသစ္စာလည်း တော်တော်လေး ဖြုန်သွားရသည်။ အားငယ်သလိုလိုတောင် ခံစားရသည်။ "၀ီကီပိဒိယ တစ်ချက်လှန်လိုက်ရင် ဆောင်းပါးတစ်ပုဒ် ဖြစ်ကရော" ဟု သူငယ်ချင်းစာရေးဆရာတစ်ယောက် ပြောတာကို မှတ်သားရဖူးသည်။ အခုကိစ္စမှာ စံဇာဏီဘို ကိုယ်တိုင်က အင်တာနက်ထဲမှာ ဟိုရှာဒီရှာ လျှောက်ရှာပြီး ပြောထားတာဟုလည်း အတွင်းသိ အစင်းသိ လူငယ်ပိုင်းက အခိုင်အမာ အဆိုရှိကြသဖြင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ အတော်လေး တုန်လှုပ် မိလေသည်။

"ငါမရှိတော့ရင် မင်းနဲ့ကလေးတွေနဲ့ ဘယ်လိုနေကြမလဲ မိန်းမရယ်"

"ဒီမယ်ရှင့်။ ရှင်ရူးနေလား။ ကမ္ဘာပျက်ပါတယ်ဆို ဘယ်သူက လွတ်မှာတုန်း။ စာရေးဆရာပီပီ အပိုတွေ စိတ်ကူးယဉ်ပြီး ပြောမနေနဲ့။ နောက်ပြီး ဒီညနေ ရှင့်သူငယ်ချင်းတွေဆီ သွားမယ်စိတ်မကူးနဲ့။ ဘုရားသွားရမယ်။ ကမ္ဘာကြီးက ပျက်ခါနီးနေပြီ။ ရှင်က အပေါင်းအသင်း အကြောင်းပြပြီး အရည်လေး တမြမြနဲ့။ အရင်တုန်းကတော့ ဝေးသေးလို့ မပြောသေးဘူး။ ခုတော့ ကမ္ဘာပျက်ဖို့က သိပ်လိုတော့တာ မဟုတ်ဘူး။ လျှော့ရင်လျှော့ မလျှော့ရင် ရှင်အပါယ်လားမှာ မြင်ယောင်သေးတယ်။ ကျွန်မလို သူတော်ကောင်းမနဲ့ရတာ ရှင်ကံကောင်းတယ်မှတ်။ တစ်နေ့တစ်နေ့ အ၀ိဇ္ဇာနဲ့ မောဟနဲ့။ သြဃလေးဖြာထဲမှာ တ၀ဲလည်လည်။ ၀ိပဿနာကို တစ်ခါမှ လုပ်တယ် မရှိဘူး။ ဘာတဲ့ အာသေ၀နာစဗာလာနံ တဲ့။ ပဏ္ဍိတာနဉ္စသေ၀နာ တဲ့။ ရှင့်ကို ဒီလိုတစ်ခုချင်း လိုက်ပြောပေးနေမှ ရတယ်။ "

ဟု တရပ်စပ်ကြီး ဆုံးမသဖြင့် ကိုသစ္စာတစ်ယောက် ခေါင်းမွှေးကလေးကို ပွတ်ရင်း မျက်နှာငယ်လေးနှင့် ဖြစ်နေရသည်။

"အေးပါကွာ။ ပိုကျိန်းသေအောင် တာဆုံက မိုးလက်ဖက်ရည်ဆိုင်မှာ သွားစုံစမ်းလိုက်ပါ့မယ်။" ဟု မရဲတရဲ အထွန့်တက်မိသည်။

"ဘာရှင့်။ ရှင်တို့ယောကျာ်းတွေများ တစ်ခုခုဖြစ်လာရင် စုံစမ်းရတာနဲ့။ စစ်ဆေးရတာနဲ့။ သဒ္ဓါတရားကို မရှိဘူး။ ဒီမယ် သွားချင်သွား၊ မသွားချင်နေ။ လက်ဖက်ရည်ဖိုးတော့ တစ်ပြားမှ မရဘူး။ ညနေအချိန်မီ ပြန်လာခဲ့။ လေတွေ တအားလွှတ်မနေနဲ့။ လူလေးစားတာ လျော့တယ်" ဟု အကန့်အသတ်နှင့်ပေးသော ခွင့်ပြုချက်ကို ရလေသည်။

လက်ဖက်ရည်ဆိုင်မှာ တက်သစ်စလေးတစ်ယောက်က မိနှောင်း ကဗျာသံတူကြောင်းကွဲလေးတစ်ခုကို လက်တမ်းစပ်ဆိုပြီး ကိုသစ္စာကို ၀င်တွယ်သည်။

သောက်သုံးလည်းမကျ
ကမ္ဘာပျက်ခါနီး
ကဗျာစပ်နေတယ်
ငကြောင်။

ပြီးမှ"ကန်တော့နော် ဆရာ။ ကိုယ့်ဆရာမိုလို့ ကိုယ်စတာ။ ခင်လို့မင်လို့စတာပဲရှိတယ် မဟုတ်လား ဆရာရယ်။ မခင်ဘဲ မမင်ဘဲစတယ်ဆိုတာ ဆရာကြားဖူးလား" ဟု ဆိုလေသည်။

"ဟုတ်သေးဘူးဗျ။ ကျုပ်တော့ ဆရာဘိုကို သိပ်မယုံဘူးဗျာ။ ပြီးခဲ့တဲ့ နာဂစ်တုန်းကကျတော့ သုံးနှစ်လောက်ကြိုပြီး ဘာဟောကိန်းမှ ထုတ်ထားတာမရှိဘဲနဲ့"

ဟု ဆိုမိတော့ လူတိုင်းက သူ့ကို သနားသည့်မျက်လုံးဖြင့် ၀ိုင်းကြည့်ကြလေသည်။

"အခုကိစ္စက စံဇာဏီဘို အပြောတစ်ခုတည်း မဟုတ်ဘူးဗျ။ အင်တာနက်ထဲမှာကို ပါတာ။ အားတော့ နာတယ်။ ပြောရဦးမယ်။ ဒီတစ်ခါတော့ ဆရာ တယ်န,သွားပြီဗျ။ ဒီကိစ္စက သိပ္ပံပညာရှင်တွေနဲ့ ဘလောက်ဂါတွေ ကိုယ်တိုင်လက်ခံထားကြတာ။ ဆရာ့သူငယ်ချင်း အလှတရားဆိုတဲ့ ဘလောက်ဂါ ကတောင် ကမ္ဘာပျက်ခါနီး ဘာတွေလုပ်မယ် ညာတွေလုပ်မယ်ဆိုပြီး ပြောထားသေးတယ်။ နောက်ပြီး ဗြိတိသျှလို ရေးထားတဲ့ ဆောင်းပါးကို ကျနော် လိုလိုမယ်မယ် ကူးလာတယ်။ ဆရာတို့လို လက်ပေါက်ကပ်တဲ့ လူတွေကို ရှင်းပြရအောင်။ ဟောဒီမှာ ဟောဒီမှာ"

ဟုဆို၍ ကော်ပီတစ်ထပ်ကြီးကို ပြလေသည်။

လားလား။ အဟုတ်ကြီးပါ့တကား။ အင်္ဂလိပ်လို ဆောင်းပါးရှည်ကြီး တစ်ပုဒ်လုံးကို ပရင့်ထုတ်ထားတာ တွေ့ရသည်။ အင်္ဂလိပ်လိုတွေတော့ ခေါင်းရှုပ်ခံပြီး ဖတ်မနေတော့။ ဟုတ်မှာပါဟု ခေါင်းညိတ်လိုက်ပြီး ဗမာလိုထုတ်ထားသည့် ပရင့်တွေကို ကြည့်သည်။

ငယ်ငယ်က ကိုသစ္စာနှင့် အတန်းတူတူတက်ပြီး စာစီစာကုံး အိမ်စာပေးလိုက်တိုင်း ကိုသစ္စာကို မုန့်ကျွေးပြီး ကိုယ်စား ရေးခိုင်းတတ်သော (ယခုမှ အင်တာနက်ကို အလကားနီးပါးရတိုင်း နင်းကန်သုံးပြီး ဘလောက်ဂါလေး ဘာလေး လုပ်နေသည့်)အလှတရား ဆိုသည့်အကောင်ရေးသည့် ဟိုမကျဒီမကျ စာပိုဒ်ကလေးကို တွေ့ရသည်။ သူ့ဘာသာမေး၊ သူ့ဖာသာဖြေထားသည့် အင်တာဗျူးပုံစံ စာပေးစာယူ ဖောင်ကလေး ဖြစ်လေသည်။

ဒုန်းဒေးမေးဖြေ( Q and A about Doomsday)

(က)ကမ္ဘာပျက်ခါနီး ဘယ်သူနဲ့ ရှိချင်ပါသလဲ။
ကဗျာဆရာ ကိုသစ္စာနဲ့ ရှိချင်ပါတယ်။ ဒီလူ အူကြောင်ကြောင်လုပ်တာ ထိုင်ကြည့်ချင်လို့။ ကမ္ဘာပျက်နေတုန်း ဒီလူ ဘာတွေကြောင်နေမလဲ ဆိုတာကို ကြည့်ရေးပြီး ဘလောက်ပေါ် တင်ထားရင် လွှတ်နာမည်ရမှာပဲ။
(ခ)ဘာတွေခံစားနေရမလဲ။
အထွေအထူးတော့ ခံစားရမယ် မထင်ဘူး။ ကိုယ့်ကမ္ဘာက ပျက်ခဲ့တာကြာပြီ။ (ဒါက သနားအောင် ရေးရတာ။ ဘလောက် ထုံးစံ)
(ဂ)ဘာတွေပြင်ဆင်ထားမလဲ။
အသေလှအောင် တရားလုပ်ပါ့မယ်လို့ ဖြေရပါမယ်။ (ဒါလည်း ထုံးစံပါ။)
(ဃ)၀မ်းနည်းမိမှာက
ဘလောက်ဂါတွေ ဆက်လက် အတင်းအုပ်လို့ မရတော့ဘူး။
(င)ကြောက်လန့်မိတာက
ပိုင်သွန်ဆိုတဲ့ ဗမာ့စပါးကြီးမြွေတွေ လွတ်လာပြီး ဟိုမြိုဒီမြို မြိုကုန်မှာ။
(စ)ဆောင်ထားချင်တာက
သားရဲတိရိစ္ဆာန်တွေကို ခြောက်လှန့်ရအောင် ဓာတ်မီးတစ်လက်။
(ဆ)တွေးမိတွေးရာအတွေး
အိမ်ထောင်မကျသေးဘူး။
(ဇ)ဂုဏ်ယူချင်တာက
အများထင်သလို ကမ္ဘာသူကမ္ဘာသားတွေ အချင်းချင်းသတ်လို့ မသေရဘူး။ ကမ္ဘာပျက်လို့ သေရတယ်။
(ဈ)ရှာကြံဖြေသိမ့်ချင်တာက
ဘာပဲဖြစ်ဖြစ် ရေးစရာတစ်ခုရတာပေါ့။
(ည)ကျူးရင့်ချင်တဲ့ ဥဒါန်း
ကမ္ဘာရေ နင် ကုန်အောင်ပျက်ရင်ပျက် ကုန်အောင်မပျက်လို့ ၂၀၁၂ မှာ ငါတစ်ယောက်တည်း ကျန်ခဲ့ရင် ဗေဒင်ဆရာတွေကို ဝေဖန်ပြီး စကြ၀ဠာမှာ နာမည်ကြီးအောင်လုပ်မယ်။

အောက်ကမှတ်ချက်မှာ ကိုသစ္စာနားမလည်သည့် တက်ဂ်ဆိုသော စကားကို တွေ့ရသည်။

(မှတ်ချက်။ ။ ဒေါ်နန်းဝါ၀ါမောင် တက်ဂ်သဖြင့် အလှတရား ရေးသည်။ တန်ဆောင်မုန်းလပြည့်နေ့။ )

နောက်တစ်ပါတ်လောက်နေတော့ အလှတရား ဖုန်းဆက်သည်။ ကိုသစ္စာကမေးသည်။

"ဟကောင်။ နင်ကမ္ဘာပျက်မယ်ဆိုတာ ယုံလား။"

"အလကားပါကွာ။ လုပ်စားတာ။ ငါ့မှာ ရှင်းထားတာတွေရှိတယ်။"

"ဟုတ်လား။ နို့။ နင်ကိုယ်တိုင် ကမ္ဘာပျက်ရင် ဘာလုပ်မယ် ညာလုပ်မယ် ရေးထားပြီးတော့။ ငါအဲဒါဖတ်လိုက်ရတယ်"

"အေး။ ငါလည်း လုပ်စားထားတာ။"

မဟုတ်တာချည်း ရွေးပြောရရင် အလှတရားတို့ ထိပ်ဆုံးဗျား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP