ကိုရင်လေးတွေအတွက် သင်္ကန်းလှူကြစို့
မြန်မာစကားတောင် သေချာမပြောတတ်သေး၊ ဆွမ်းခံရေး မပြေလည်တဲ့ ပလောင်ကိုရင်လေး
သပိတ်ပေါက်ကို ဖက်ရွက်ခံပြီး ဆွမ်းခံကြွလာတဲ့ ကိုရင်လေးရဲ့ သပိတ်
အပတ်စဉ် ဆွမ်းလောင်းမှာ သင်္ကန်းနွမ်းပါးတဲ့ ကိုရင်လေးတွေ အမြဲ ပါတတ်တယ်။ ကျန်တဲ့ ကိုရင်တွေလဲ လဲစရာ သင်္ကန်းပို များများစားစား မရှိဘူးဆိုပေမယ့် တော်သေးတယ်၊ လူတွေလို အဝတ်အစားအရောင်မျိုးစုံ လဲဝတ်နေစရာ မလိုတော့။
တစ်ချို့ကိုရင်လေးတွေကတော့ အပတ်တိုင်းလိုလို သင်္ကန်းအနွမ်းနဲ့ ပုံမှန်တွေ့နေရတယ်။ ဒီတစ်ခေါက် ဆွမ်းလောင်းလဲ ဒီသင်္ကန်းအနွမ်း၊ နောက်တစ်ရက် ဆွမ်းလောင်းလဲ သင်္ကန်းအနွမ်းဆိုတော့ အများစာ မလှူနိုင်ရင်တောင် သင်္ကန်းချို့ငဲ့တဲ့ သာမဏေတွေကို ရွေးလှူဖို့ အကြံဖြစ်လာပါတယ်။
ပုံမှန် ဆွမ်းခံနေတဲ့ သင်္ကန်းချို့တဲ့တဲ့ သာမဏေတွေက အပါး ၆၀ လောက် ရှိပါတယ်။ ရှင်ကြီး၊ ရှင်လတ်၊ ရှင်ငယ်ဆိုပြီး ကိုရင်သင်္ကန်း ၃ မျိုး ရှိရာမှာ တရုတ် စီဝိုင်စီ သင်္ကန်းက
ရှင်ကြီး - ၅၀၀၀ ကျပ်
ရှင်လတ် - ၄၅၀၀ ကျပ်
ရှင်ငယ် - ၄၀၀၀ ကျပ်
ကျသင့်ပါတယ်။ ရန်ကုန် ဇောတိက သင်္ကန်းတိုက်ရဲ့ ဈေးနှုန်းပါ။ သာမဏေတွေက ရှင်လတ် များပါတယ်။
ကထိန်တို့ ဆွမ်းကျွေးတို့မှာ သင်္ကန်းကပ်လှူရာမှာလဲ ပဉ္စင်းမတက်ရသေးတဲ့ ကိုရင်လေးတွေက မရကြတာ များပါတယ်။ ဒီတော့ သင်္ကန်းပါးရှားချို့တဲ့နေတဲ့ ဘုရားသားတော် သာမဏေတွေကို သင်္ကန်းလှူဖို့ နှိုးဆော်လိုပါတယ်။
အလှူရှင် တစ်ဦးက သင်္ကန်း အစုံ ၃၀ စာ မတည်လှူဒါန်းထားပါတယ်။ လှူတာ မလောက်ငရင် သင်္ကန်းနွမ်းနေပါလျက် မရလိုက်တဲ့ ကိုရင်လေးတွေ အားငယ်သွားနိုင်တော့ ခွဲလှူဖို့က မသင့်ပါ။ ချို့တဲ့တဲ့ အပါး ၆၀ လုံးကို တစ်ချိန်တည်း လှူမှ သင့်တော်မှာမို့ မိမိတို့ ဆန္ဒရှိသရွေ့ တစ်ပါးစာ ဖြစ်စေ လှူဒါန်းလိုတဲ့ စေတနာရှင်များကို ဖိတ်ခေါ်ပါတယ်။

0 comments:
Post a Comment