* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 1, 2009

လူငယ် လူကောင်း ဖြစ်စေဖို့... ပေးစာ (၁၈)...


သားတို့၊ သမီးတို့ဟာ နောင်တစ်ချိန်မှာ လူကြီးလူကောင်း ဖြစ်ချင်ရင် အဓိက ခံယူချက် ထားရမှာကတော့ ငယ်ငယ်ကတည်းက ကောင်းနေဖို့ လိုအပ်တယ်။ နောက်တစ်နည်း ပြောရရင် ငယ်ငယ်ကတည်းက လူငယ်လူကောင်း ဖြစ်အောင် စွမ်းဆောင်ထားဖို့တော့ လိုအပ် မယ်။
ငယ်ငယ်ကမှ လူငယ်လူကောင်း ဖြစ်အောင် မလုပ်ထားဘဲနဲ့တော့ နောင်တစ်ချိန်မှာ လူကြီးလူကောင်း ဖြစ်ဖို့ရာ မသေချာပါဘူး။ ငယ်ငယ်ကတည်းက ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ ကြိုးစားရမယ်။ အကျင့်စာရိတ္တကို ဖွံ့ဖြိုး တိုးတက်နေအောင် အမြဲတမ်း လေ့ကျင့် ပျိုးထောင်နေရမယ်။
လူတစ်ယောက်ရဲ့  လိမ္မာမှု၊ ဆိုးသွမ်းမှု တွေဟာ အများအားဖြင့် အချက်နှစ်ချက် အပေါ်မှာ အခြေခံထားတာကို တွေ့ရလိမ့်မယ်။ အဲဒါက ဗီဇနဲ့ ပတ်ဝန်းကျင် ပါပဲ။ ဗီဇကြောင့် ဆိုးတဲ့ ကလေးရှိတယ်။ ပတ်ဝန်းကျင်ကြောင့် ဆိုးတဲ့ ကလေးရှိတယ်။ ပတ်ဝန်းကျင်ကြောင့် ဆိုးသွမ်းတဲ့ ကလေးကို ပတ်ဝန်းကျင် ပြောင်းလိုက်ရင် လိမ္မာသွားနိုင်တယ်။
ဗီဇကြောင့် ဆိုးသွမ်းနေတဲ့ ကလေးတစ်ယောက်ကို လိမ္မာလာအောင် ပြုပြင်ဖို့ရာ အတော့်ကို ခက်ခဲပါတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလိုက်လည်းပဲ ဗီဇက လုံးဝ မပျောက်သွားပါဘူး။ လူကြီးမိဘ၊ ဆရာသမားတွေက ဘယ်လောက်ပဲ ပြောဆို ဆုံးမပေမဲ့လည်း နားမထောင်ဘူး။
လောင်းကစားကို ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တဲ့ ကလေးတစ်ယောက်ကို လောင်းကစား မလုပ်နဲ့လို့ တားမြစ်ပေမဲ့လည်း မရဘူး။ အဲဒီကလေးက လောင်းကစားလုပ်ရမှ စိတ်ကျေနပ် တာလေ။
လောင်းကစား ၀ါသနာပါတဲ့ သူတွေနဲ့ ခွဲပြီး လိမ္မာတဲ့သူတွေနဲ့ အတူထား၊ ပတ်ဝန်းကျင် ပြောင်းလိုက်တယ်။ အဲဒီလိုကျတော့လည်း မနေနိုင်ဘူး။ ဗီဇက ပါလာတဲ့ စိတ်က တော်တော့်ကို ခိုင်မြဲနေတယ်။ ၀ါသနာတူတဲ့ သူတွေကိုပဲ လိုက်ရှာတယ်။ ပေါင်းသင်းတယ်။
ခွေမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ စကားပုံကို သားတို့၊ သမီးတို့ ကြားဖူးကြမှာပါ။ ခွေးအမြီး ဆိုတာ အမြဲတမ်း ကောက်နေတတ်တယ်။ အဲဒါကို ဖြောင့်သွားအောင် ၀ါးကျည်တောက် စွပ်ထားပေမဲ့လည်း စွပ်ထားတဲ့ အချိန်အတွင်းသာ အမြီးကဖြောင့်နေတာ။ ကျည်တောက်ကို ချွတ်လိုက်တဲ့အခါ မူလအတိုင်း ပြန်ကောက်သွားတာပဲ။
နဂိုဗီဇအားဖြင့် ဆိုးသွမ်းတဲ့ သူကို ဘယ်လောက်ပဲ ပြုပြင်ပေးပေမဲ့လည်း ယာယီကာလ အခိုက်အတန့် လောက်ပဲ ကောင်းမွန်ပြီးတော့ အရင်အတိုင်း ပြန်ဆိုးသွားတာပဲ။ ဇာတိ ပဋိသန္ဓေ ကပင် ဉာဉ်ဆိုးပါလာခဲ့သူပဲ။ မကောင်းတဲ့ အကျင့်ကို ဖျောက်ဖျက်ဖို့ရာ သိပ်ခက်ခဲ တယ်။
လိမ္မာတဲ့ ကလေးတွေကျတော့ ဆိုးသွမ်းတဲ့ သူတွေနဲ့ အတူတူ တွဲပြီးကို မနေတတ် ကြဘူး။ အပေါင်းအသင်း မလုပ်တတ်ကြဘူး။ သူ့ရဲ့  နဂိုမူရင်း ဗီဇကိုက ဆိုးသွမ်းချင်တဲ့ စိတ်ဓာတ်တွေ မပါလာခဲ့ဘူး။ ဒါကြောင့် အဲဒီ ဆိုးသွမ်းတဲ့ သူတွေနဲ့ စိတ်သဘောထားချင်း တူညီဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
လူကြီးမိဘ၊ ဆရာသမားတွေရဲ့  ပြောဆို ဆုံးမတဲ့ စကားတွေ ကိုလည်း မြေ၀ယ်မကျ တလေးတစား နားထောင်တယ်။ လိုက်နာတယ်။ ဆင်စွယ်မှန်တော့ ပိုးမစားဘူး ဆိုသလိုပေါ့။ အမှန်တကယ် ကောင်းတဲ့၊ လိမ္မာတဲ့ ကလေးက ဘယ်တော့မှ ဆိုးသွမ်းတဲ့ စာရင်းထဲမှာ မပါဘူး။
သာမညတောင် ဆရာတော်ဘုရားကြီးရဲ့  သြ၀ါဒတစ်ခုမှာ လူသုံးမျိုးကို ခွဲခြားပြထား တယ်။ အဲဒါက
ပြောမှ သိသူ။
မပြောဘဲ သိသူ။
ပြောတောင် မသိသူ။
အဲဒီ သုံးမျိုးထဲမှာ သားတို့၊ သမီးတို့က ဘယ်အမျိုးအစားထဲမှာ ပါနေကြသလဲ? မိမိ ကိုယ်ကို လွယ်လွယ်လေးပဲ တွေးကြည့်ကြရအောင်။ သားတို့၊ သမီးတို့က ကျောင်းစာတွေကို ကျက်တဲ့ အခါကျရင် မိဘ၊ ဆရာတွေက ပြောမှ ကျက်ကြလား? ပြောစရာမလိုဘဲ ကိုယ်အသိ စိတ်ဓာတ်နဲ့ပဲ ကျက်ကြသလား?
အဲဒီ မေးခွန်းတွေရဲ့  အဖြေကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်တယ် ဆိုရင် သားတို့၊ သမီးတို့ ဟာ ဘယ်လိုလူအမျိုးအစားလဲ ဆိုတာ သိရပြီပေါ့နော်။ ကျောင်းစာတွေကို ကျက်ဖို့ မိဘ၊ ဆရာတွေက ပြောတဲ့အခါ သားတို့၊ သမီးတို့က ပြောစကားနားထောင်ပြီး စာကျက်ကြမယ် ဆိုရင် ပြောမှ သိသူ ဖြစ်တယ်ပေါ့။ စာကျက်ပါလို့ ပြောစရာမလိုဘဲ မိမိ အသိစိတ်ဓာတ်နဲ့ ကျက်တဲ့ကလေးကတော့ မပြောဘဲ သိသူပေါ့။ အဲဒီကလေးကတော့ အကောင်းဆုံး အလိမ္မာဆုံးပဲ။
စာကျက်ပါလို့ ပြောတာတောင် မကျက်ချင်တဲ့ ကလေးကျတော့ ပြောတောင် မသိသူ အထဲမှာ ပါသွားပြီ။ ဆိုးသွမ်းတဲ့၊ မလိမ္မာတဲ့ ကလေးစာရင်းထဲ ပါသွားပြီ။ စာကျက်အောင် တုတ်နဲ့ရိုက်ပြီး ဆုံးမလည်း ပြောစကား နားမထောင်ဘူး။ အသိတရားက ကွယ်ပျောက်နေပြီ။
ပညာသင်ရမယ့် အရွယ်မှာ ပညာကို မသင်ချင်ဘူး ဆိုရင် လူငယ်လူကောင်း စာရင်းထဲ မှာ ဘယ်လိုမှမပါနိုင်ဘူး။ အသိပညာလည်း မရှိ၊ အတတ်ပညာကလည်း ချို့ တဲ့၊ အတွေးအခေါ်ကလည်း ဗလာနတ္ထိ ဖြစ်နေလေတော့ နောင်တစ်ချိန် လူကြီးဖြစ်လာတဲ့ အခါကျရင် လူကြီးလူကောင်း မဖြစ်နိုင်တော့ပါဘူး။
ဒါကြောင့် ငယ်ငယ်ကတည်းက လူငယ်လူကောင်း ဖြစ်ထားမှ ကြီးလာရင် လူကြီးလူကောင်း ဖြစ်တော့မှာပေါ့။ သားတို့၊ သမီးတို့ အားလုံး လူငယ်လူကောင်း ဖြစ်အောင် ကြိုးစားကြဖို့ ဘုန်းဘုန်း မှာလိုက်ချင်တယ်ကွယ်...


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP