* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 1, 2009

အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း

အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း...


ထိုအခါက ရဟန်းတို့သည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ မပြုကုန်။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရား အနွယ်တော် ဖြစ်သော ရဟန်းတို့သည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ မပြုကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

(ရှေးသူတော်ကောင်းများက ဆွမ်းကပ်ပြီးနောက် တရားမဟောသည့် အတွက် ရဟန်းတို့ကို ကဲ့ရဲ့ကြပါသည်၊ ယခုသော်ကား ကဲရဲ့ဖို့ နေနေသာသာ၊ တရားဆို တိုမှ ဖြစ်ကုန်ကြပါပြီ။)


ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏၊

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ဆွမ်းစားဇရပ်၌ အနုမောဒနာ ပြုခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းတို့အား ''အဘယ် ရဟန်းသည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ ပြုသင့် သနည်း'' ဟု အကြံဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ မထေရ်ကြီး ရဟန်းကို ဆွမ်းစား ဇရပ်၌ အနုမောဒနာပြုခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ အသင်း တစ်သင်းသည် သံဃာကို ဆွမ်းကျွေး၏၊ အသျှင် သာရိပုတြာသည် သံဃထေရ်ဖြစ်၏၊ ရဟန်းတို့သည် ''မထေရ်ကြီး ရဟန်းကို ဆွမ်းစား ဇရပ်၌ အနုမောဒနာ ပြုခြင်းငှာ မြတ်စွာဘုရား ခွင့်ပြုတော်မူ၏'' ဟု အသျှင် သာရိပုတြာကို တစ်ပါးတည်း ချန်ထားခဲ့၍ ဖဲသွား ကုန်၏။ ထိုအခါအသျှင် သာရိပုတြာသည် ထိုလူတို့ကို အနုမောဒနာ ပြုပြီးလျှင် နောက်မှ တစ်ပါးတည်း ကြွ၏၊

မြတ်စွာဘုရားသည် အဝေးမှ တစ်ပါးတည်း လာသော အသျှင်သာရိပုတြာကို မြင်၍ ''သာရိပုတြာ အသို့နည်း၊ ဆွမ်းသည် ပြည့်စုံ၏လော'' ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ဆွမ်းသည် ပြည့်စုံပါ၏၊ သို့ပြည့်စုံပါငြားလည်း ရဟန်းတို့သည် အကျွန်ုပ်ကို တစ်ဦးတည်း ချန်ထားခဲ့၍ ဖဲသွား ပါကုန်၏'' ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော် မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ဆွမ်းစား ဇရပ်၌ မထေရ်ကြီး မထေရ်ငယ် ရဟန်းလေးပါး ငါးပါးတို့ကို ဆိုင်းငံ့ စိမ့်သောငှာ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ မထေရ်တစ်ပါးသည် ဆွမ်းစား ဇရပ်၌ ကျင်ကြီး နှိပ်စက်သော်လည်း ဆိုင်းငံ့၏၊ ထိုမထေရ်သည် ကျင်ကြီးကို မအောင့်နိုင်ဘဲ တွေဝေလျက် လဲကျ၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြ ကုန်၏။ ရဟန်းတို့ ပြုဖွယ်ကိစ္စ ရှိလတ်သော် အနီး၌ ရှိသော ရဟန်းကို ပန်ကြား၍ သွားရန် ခွင့်ပြု၏ ဟု မိန့်တော်မူ၏။ 362

(မြတ်စွာဘုရား၏ စကားတော်ကို ပင်ပန်းဆင်းရဲခံကာ မြေဝယ်မကျ နားထောင်ခဲ့သော သူတော်ကောင်းဓာတ်ကို လေးစားကြည်ညိုမိပါသည်။ ဘုရားသားတော်တို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဤသို့ လိုက်နာဖို့ သင့်လှပေသည်။)


၎ - အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း၊ ဝတ္တက္ခန္ဓက၊ စူဠဝဂ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP