* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 15, 2009

ပီတိကိုစား အားရွိပါ၏...


“ကႀကီး”
“ကႀကီး”
“ခေခြး”
“ခေခြး”
“ဂငယ်”
“ဂငယ်”
“……..”
“……..”
သူငယ်တန်း သင်ရိုးညွန်းတမ်း စာအုပ်ထဲက မြန်မာသင်ပုန်းကြီး ဖတ်စာသင်ခန်းစာလေးကို ကျွန်ုပ်က ပထမ တစ်ခေါက် အရင်ဆိုပြ။ နောက်မှ ကလေးတွေကို လိုက်ဆိုခိုင်းရင်း စိတ်ပါလက်ပါ စာသင်ကြားနေစဉ်မှာ
“ဘုန်းဘုန်း၊ သမီးရဲ့နံဘေးက သူငယ်ချင်းလေ…ဘာဖြစ်လဲ မသိဘူး။ ငိုနေတယ်”
“ဟေ ဟုတ်လား၊ ဘယ်သူလဲ?”
“ချောစု ပါ ဘုန်းဘုန်း”
ကျွန်ုပ်လည်း ကမန်းကတန်း သွားကြည့်လိုက်တော့
“၀ါး…..၀ါး…..”
သမီးငယ် ချောစုက ကျွန်ုပ် သူ့အနီး ရောက်လာကာမှ ပိုပြီးတော့ ငိုချလိုက်ပါလေရော။ ဘယ်အချိန် ကတည်းက ၀မ်းနည်းနေပြီး မျိုသိပ်ထားလဲတော့ မသိ။ ကျိတ်ပြီးတော့ ငိုနေခဲ့တာ။
“သမီးချောစု၊ ဘာကြောင့်မို့ ၀မ်းနည်းပြီး ငိုနေရတာလဲ? ဘုန်းဘုန်းကို ပြောပြပါဦး”
“အင့်…..အင့်…..ဒီနေ့မနက်က သမီးရဲ့ သူငယ်ချင်းတွေဆီကို သူတို့ရဲ့ ဖေဖေနဲ့ မေမေ လာကြတယ်။ သမီးမှာကတော့…..”
သမီးငယ် ချောစုက ပြောရင်းနဲ့ ဆက်ပြီးတော့ ငိုပါလေရော။
အင်း ချောစု ငိုမယ်ဆိုရင်လည်း ငိုချင်စရာပါပဲ။ အဲဒီကလေးကို ဝေးလံတဲ့ ကျေးရွာတစ်ရွာက ပြီးခဲ့တဲ့ နှစ်ကပဲ ကျွန်ုပ်က ခေါ်ဆောင်လာခဲ့တာကိုး။ အဖေအမေကလည်းမရှိ။ အဘွားအိုကြီးနဲ့အတူ နေ နေရတာလေ။ အဲဒီရွာလေးကို ကျွန်ုပ် ရောက်သွားစဉ်မှာ ချောစုရဲ့ အဘွားအိုကလည်း ဆုံးပါးသွားခဲ့ပြီ။ အားကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးကို ကျွန်ုပ်က ရွာလူကြီးတွေဆီမှာ ခွင့်ပန်ပြီး မြို့အစွန်နားက ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ခေါ်ဆောင်လာခဲ့ရတာ။
ဘုန်းကြီးကျောင်းနားက သီလရှင်ကျောင်းလေး တစ်ကျောင်းမှာ အပ်ထားပြီး အစစ အရာရာ ကျွန်ုပ်က တာဝန်ယူထားတာလေ။ မျှော်လင့်ချက်မဲ့နေတဲ့ ချောစု အပါအ၀င်ဆိုရင် မိဘမဲ့ ကလေးအားလုံးပေါင်း လေးဆယ်ကျော်ကို ကျွန်ုပ်က တာဝန် ယူထားတယ်။ လမ်းပျောက်နေတဲ့ ကလေးတွေရဲ့ ဘ၀အတွက် ရှေ့ဆက် လျှောက်လှမ်းရမယ့် လမ်းတွေကို ရှာပေးရဦးမယ်လေ။
ယောက်ျားလေးတွေကိုတော့ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းမှာ။ မိန်ကလေးတွေ ဆိုရင် အနီးနားက သီလရှင်ကျောင်းပေါ့။ မိဘ မစုံလင်တော့တဲ့ ကလေးတွေ ပါသလို၊ အမိဖြစ်ဖြစ် အဖဖြစ်ဖြစ် တစ်ဦးဦး ဆုံးပါးသွား တဲ့ ကလေးတွေလည်း ပါကြတယ်လေ။ ချောစုက သူငယ်တန်း တက်နေတယ်ဆိုပေမဲ့ အသက်က ကိုးနှစ်ရှိနေပြီ။ အရင်က သူနေခဲ့တဲ့ ရွာမှာ စာမသင်ခဲ့ရဘူး။ အခုမှ စာကို စသင်ရတာ။ အသိစိတ်ကလေး က အတော်အတန် ရှိနေပြီလေ။
“ကဲ တိတ်တော့နော် သမီး၊ မငိုနဲ့တော့၊ ဘုန်းဘုန်း သီချင်းဆိုပြမယ်နော်။ ကျောင်းဆင်းတဲ့ အခါကျရင် သမီးကို ဘုန်းဘုန်း မုန့်တွေအများကြီး ပေးလိုက်ဦးမယ်နော်၊ တိတ် တိတ်”
အင်း….. ကျွန်ုပ်ကလည်း ကလေးတော့ မချော့တတ်ဘူးပေါ့။ ဒါပေမဲ့ အရေးကြုံလာရင် သုံးဖို့ ကလေးချော့နည်းလေးတော့ သိထားရမယ်လေ။ ကလေးတွေအတွက် သီချင်းဆိုပြတာကိုလည်း ကျွန်ုပ်က လေ့ကျင့်ထားရ သေးတယ်။ သီချင်းဆို လေ့ကျင့်ထားရသေးတယ် ဆိုလို့ တခြားသီချင်းတော့ မထင်လိုက်နဲ့ဦး။ ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တဲ့ လင်္ကာ၊ သံပေါက် သီချင်းလေးတွေပါ။
အင်္ဂလိပ် စကားပုံလေးတစ်ခု ကြားဖူးတယ်။
ဆရာဆိုတာ ကျောင်းသားတွေအတွက် စာသင်ရာမှာ ကောင်းစွာရှင်းပြနိုင်သူ တစ်ယောက်လည်း ဖြစ်ရမည် ဖြစ်သလို၊ မိမိရှင်းပြနေသော အကြောင်းအရာတွေ အတွက် ကောင်းစွာ သရုပ်ဆောင်ပြနိုင်သူ တစ်ယောက်လည်း ဖြစ်ရမယ်တဲ့။
Teacher means that not only a good-narrator but also a good-performer is.
အဲဒီ စကားပုံလိုပါပဲ။ ကျွန်ုပ်လည်း စာအသင်အပြကောင်းအောင် ကြိုးစားရတဲ့ အပြင် ကလေးတွေ မငြီးငွေ့အောင်လည်းပဲ ကိုယ်ဟန် အမူအယာနဲ့ပါ သီချင်းလေးတွေ သီဆိုပြီး သရုပ်ဆောင်ပြရသေးတယ်။
ချောစုလည်း ငိုနေရာကနေ တိတ်သွားရအောင် ကလေးတွေအားလုံးလည်း ပျော်ရွှင်သွားရအောင် ကျွန်ုပ်က လက်ခုပ်တီးပြီး ခါးနဲ့ ဦးခေါင်းကို ဘယ်ညာ ယိမ်းကာ A, B, C, D သီချင်းလေးကို သီဆိုပြနေစဉ်
“ဒုတ်…..”
“ခွပ်”
“အား”
အသံတွေကြားတဲ့နေရာကို ကျွန်ုပ်လှည့်ကြည့်လိုက်တော့
“ဟေ့ ဟိုကလေးတွေ၊ ရပ်လိုက်စမ်း!”
ကျွန်ုပ်ရဲ့ အသံကို ကြားလိုက်တော့ ရန်ဖြစ်နေတဲ့ ယောက်ျားလေး နှစ်ယောက် ငြိမ်သွားပါလေရော။
“ဘာဖြစ်လို့ ရန်ဖြစ်နေရတာလဲ?”
“သားရဲ့ လွယ်အိတ်ထဲက ဘုန်းဘုန်းပေးထားတဲ့ မုန့်ဖိုးကို သူက သားမသိခင် ယူထားတယ်။ သားက ပြန်တောင်းတော့ ပြန်မပေးဘူး ဘုန်းဘုန်း။ အဲဒါကြောင့် သား သူ့ကို လက်သီးနဲ့ ထိုးလိုက်တာပါ”
“သူများရဲ့ ပစ္စည်းကို ခွင့်ပြုချက် မရပဲနဲ့ မယူရဘူးလို့ ဘုန်းဘုန်း သင်ပေးထားတယ် မဟုတ်လား? ပြန်ပေးလိုက်စမ်း! ရန်မဖြစ်ရဘူးလို့လည်း ဘုန်းဘုန်း ပြောထားတယ် မဟုတ်လား?”
အင်း….. အရွယ်မရောက်သေးတဲ့ ကလေးတွေကို အကျင့်စာရိတ္တ ကောင်းမွန်ဖို့ သင်ကြားရေးမှာလည်း ကျွန်ုပ်တာဝန်ပဲလေ။ ကလေးတွေရဲ့ ပညာရေးသာမက အသိဉာဏ်ပညာ ဖွံ့ဖြိုးရေးမှာလည်း ဘ၀အတွက် လိုအပ်ချက်ပဲ။ ဒီကြားထဲမှာ ကလေးတွေက စာသင်နေရင်း အီးအီးထွက်ကျတတ်လို့ မရွံ့မရှာ သန့်ရှင်းရေး ပြုလုပ်ပေးရတာကတော့ ကျွန်ုပ်အတွက် အကြိမ်ပေါင်း မရေနိုင်တော့ဘူး။
ကျွန်ုပ်ဘ၀ကလည်း အဖေဆိုလည်း ကျွန်ုပ်၊ အမေဆိုလည်း ကျွန်ုပ် ဖြစ်နေပါပေါ့လား။ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းလေး ကတော့ တဲကုပ်သာသာပါ။ တဲကုပ်ဆိုလို့ အထင်တော့ မသေးလိုက်ပါနဲ့။ ကျွန်ုပ်က အားကိုးရာမဲ့နေတဲ့ မိဘမဲ့ ကလေးတွေကို အဲဒီ တဲကုပ်ထဲကနေပြီး သူတို့လေးတွေရဲ့ဘ၀ အာမခံချက်ရအောင် မြေတောင်မြှောက်ပေးမှာ။ လူနေခြုံကြား စိတ်နေဘုံဖျား ဆိုတဲ့ စကားပုံလေးဟာ ကျွန်ုပ်အတွက်ပေလား မပြောတတ်။ ကျွန်ုပ်ကို ကျွန်ုပ် စိတ်ဓာတ်မြင့်တင်လိုက်တယ်။
အဲဒါက ဟိုး ရှေးရှေးတုန်းက မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေ၊ မင်းညီမင်းသားတွေဟာ ဘုန်းကြီး ကျောင်းသား၊ ဘုန်းကြီးကျောင်းထွက်တွေပဲလေ။ ဒါကြောင့် နောင်တစ်ချိန်မှာ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းလေးက ပညာတတ်၊ ပညာရှိတွေ ပေါ်ထွန်းလာမယ် ဆိုတာ ကျွန်ုပ်က အခိုင်အမာ ယုံကြည်ထားတာ။ ကျွန်ုပ်ရဲ့ ကျောင်းကတော့ မြန်မာနိုင်ငံ အောက်ပိုင်း မြို့တစ်မြို့ အစွန်နားက ဆင်းရဲသား ရပ်ကွက်နားမှာလေ။
ကျွန်ုပ်ရဲ့ တဲကုပ်ကျောင်းလေးက စာသင်နေတဲ့ အချိန်မှာ ကလေးတွေကို လေတိုက်ပြီး နေမကောင်း ဖြစ်မှာ စိုးလို့ ဓနိဖက်ကလေးတွေနဲ့ ကာထားရသေးတယ်။ သူများတွေရဲ့ အမြင်မှာကတော့ ကျွန်ုပ်ရဲ့ ကျောင်းလေးဟာ တဲကုပ်ပေါ့။ အေးလေ ဘယ်သူတွေက ဘာတွေပဲပြောပြော ကျွန်ုပ်ကတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပြီး ကြွားလိုက်ရမှာပဲ။ တစ်မျိုးတော့ မထင်လိုက်နဲ့နော်။ အဲဒီ တဲကုပ်က ကျွန်ုပ်ရဲ့ သီတင်းသုံးနေထိုင်ရာ၊ ကလေးတွေကို အသိပညာ၊ အတတ်ပညာတွေ မျှဝေပေးရာ ကျောင်းလေးပေါ့။ ကျွန်ုပ်ကတော့ ဒီကျောင်းလေးကို ပညာ့ဘုံဗိမာန် လို့ အမည်နာမ ကင်ပွန်းတပ်ထားလိုက်တယ်။
မိဘမရှိတဲ့ ကလေးတွေ၊ ဆင်းရဲသား ကလေးတွေ အတွက်ကတော့ ကျွန်ုပ်ရဲ့ ကျောင်းလေးဟာ သူတို့လေးတွေအတွက် ပညာနို့ရည်တွေကို တိုက်ကျွေးပေးနေတဲ့ ပညာ့ဘုံဗိမာန်လေး ဆိုရင် မမှားနိုင်ဘူးလေ။ အဲဒီလို မိဘမဲ့ ကလေးတွေကို ကြည့်ပြီး ဒီကလေးတွေဟာ တိုက်ကျောင်းကြီးနဲ့သာ စာသင်နေကြရရင် ဘယ်လောက်များ ပျော်ရွှင်နေလိုက်ကြမလဲ။ အဲဒါက ကျွန်ုပ်ရဲ့ စိတ်ကူး၊ အိပ်မက်လေး အဖြစ် တွေးကြည့်နေ မိတာပါ။
အဲဒီလို ပညာ့ဘုံဗိမာန်လေးကို တည်ဆောက်ထားတယ် ဆိုတော့ ကျွန်ုပ်ကို ငွေချမ်းသာတယ် လို့တော့ အထင်မကြီးလိုက်နဲ့ဦး။ တစ်ခါတလေ ကျွန်ုပ်ရဲ့ ဒကာ၊ ဒကာမအိမ်တွေက ဆွမ်းစား၊ ကွမ်းစားလေးတွေ ပင့်ဖိတ် တတ်တယ်လေ။ အဲဒီလို ဆွမ်းစား၊ ကွမ်းစားလေးတွေကို ကြွတော့ ၀တ္ထုငွေလေး၊ ဘာလေး အဆင်ပြေတာပေါ့။ ၀တ္ထုငွေလေး ကတော့ ရှင်းပါတယ်။ ဘာလေး ဆိုတာက ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုပ်၊ ကြက်သွန် ပေါ့ဗျာ။
ဆွမ်းစား၊ ကွမ်းစား ပင့်ဖိတ်တာလေး များတဲ့ အခါဆိုရင် ကျွန်ုပ် တာဝန်ယူ ကျွေးမွေးထားတဲ့ မိဘမဲ့ ကလေးတွေအတွက် အဆင်ပြေတယ်။ လူ့လောက စကားနဲ့ ပြောရရင် စီးပွားရေး တွက်ခြေကိုက်လို့ စားဝတ်နေရေး ပြေလည်တယ်ပေါ့။ တစ်ခါတလေများ အလှူအတန်းလေးတွေ ပင့်ဖိတ်မယ့် ဒကာ၊ ဒကာမ မရှိရင် ကျွန်ုပ်မှာ ရင်လေးနေရတယ်။ ရင်လေးနေရတယ် ဆိုတာက ကလေးတွေအတွက်ပါ။ ကျွန်ုပ်က ကလေးတွေ အားလုံးအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းတွေကအစ ၀ယ်ပေးနေရတာကိုး။ ကျွန်ုပ်အတွက် ဆိုရင်တော့ သပိတ်တစ်လုံး ရှိနေရင် အဆင်ပြေနေပြီးသား။
ကျောင်းစဖွင့်တဲ့ ရာသီက မိုးရာသီဆိုတော့ စာသင်နေတဲ့ ကလေးတွေကို မိုးမစိုအောင် ခေါင်မိုးကို ဓနိဖက်တွေနဲ့ လုံအောင် မိုးထားရသေးတယ်။ အကုန်အကျ သက်သာအောင်ဆိုပြီး ဓနိဖက်ကို ခပ်ကျဲကျဲလေး ပေါ့။ မြန်မာနိုင်ငံ အောက်ပိုင်းက ပင်လယ်နဲ့နီးတော့ မိုးဦးကျ ဆိုရင် လေရောမိုးရော သိပ်ကို ပြင်းထန်တာ။ လေက တိုက်ပြီဆိုရင် မုန်တိုင်းငယ် အဆင့်လောက်အထိ ရှိတတ်တယ်။
“ဝေါ…..ဝေါ…..”
“ဂျွတ်…..ဂျွတ်…..၀ုန်း”
ဟာ…..! ဘယ်လို ဖြစ်သွားပါလိမ့် ကျွန်ုပ်ရဲ့ ပညာ့ဘုံဗိမာန်ကျောင်းလေး မိုးလေပြင်းထန်တဲ့ ဒဏ်ကို မခံနိုင်တော့ပါလား။ ကလေးတွေလည်း အော်တဲ့သူက အော်၊ ငိုတဲ့သူက ငို ဖြစ်ကုန်ပါပေါ့လား။ အားလုံးဟာ အလန့်တကြား ဖြစ်နေကြပြီ။ ဟုတ်တယ်။ ကျွန်ုပ်ရဲ့ ကျောင်းလေး ပြိုကျသွားပြီ။ တကယ်ကို ပြိုလဲကျသွားပြီ။ ကျွန်ုပ်ကိုယ်တိုင်လည်း ပြိုကျနေတဲ့ ကျောင်းရဲ့ အောက်ကို ရောက်နေပြီ။
မဖြစ်ဘူး။ ကျွန်ုပ်ရဲ့ ကလေးတွေကို ဆွဲထုတ်မှ ရတော့မယ်။ ကျွန်ုပ်လည်း ဘုန်းကြီးကျောင်း နံဘေးက လူတွေကို လှမ်းခေါ် အကူအညီတောင်းရင်း ကလေးတွေကို နိုင်သလောက် ကယ်ထုတ်နေရတော့တယ်။ လူတွေလည်း ရောက်လာပြီ။ ကလေးတွေမှာလည်း ဒဏ်ရာတွေနဲ့။ ကျွန်ုပ်မှာလည်း ထိခိုက်ပွန်းပဲ့တဲ့ ဒဏ်ရာတွေကြောင့် သွေးတွေ ထွက်နေတာပဲ။ သွေးတွေက မိုးရေတွေနဲ့ ရောသွားတော့ သွေးထွက်တာ ဘယ်လောက်များလဲ မပြောတတ်တော့ပြီ။
အောင်မလေး….. တော်တော် ရက်စက်လိုက်ပါဘိ မိုးမင်းကြီးရယ်။ အော်သာ ငိုလိုက်ချင်တော့တယ်။ ကျွန်ုပ်ရဲ့ ပညာ့ဘုံဗိမာန်လေးတော့ ပျက်စီးသွားပါပြီ။ ကျောင်းလေး ပျက်စီးသွားတာကို အသာထားလိုက်ပါဦး။ ကလေးတွေ တစ်ခုခုများ ဖြစ်ကုန်ကြ ပြီလား။ ကျွန်ုပ်လည်းပဲ ကိုယ့်ရဲ့ ခန္ဓာကို ထိခိုက်သွားတဲ့ ဒဏ်ရာတွေကို မကြည့်အား။
မိုးနဲ့ လေကလည်း ကျွန်ုပ်ကို မျက်နှာသာ မပေးသေး။ ဆက်ပြီးတော့ ရွာနေတုန်းပါပဲလား။ ကလေးတွေ တစ်ယောက်မှ အသက်မသေဘူးကြဘူး လို့ သိလိုက်ရတယ်။ ကျိုးပဲ့တာလည်း မရှိဘူး။ ထိခိုက်ဒဏ်ရာ ရသူပဲ ရှိတယ်တဲ့။ တော်ပါသေးရဲ့။ ဘုရား၊ သိကြားမလို့။ ၀မ်းသာလိုက်သည် ဖြစ်ခြင်း။ ပြိုကျသွားတဲ့ ကျောင်းရဲ့ အပြင်မှာ ထိုင်နေကြတဲ့ ကလေးတွေဟာ ကျိုးပဲ့နေတဲ့ ကျောင်းခေါင်မိုးအောက်က ကျွန်ုပ် ထွက်လာတာကိုသာ စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတော့တယ်။ ကလေးတွေက ပြင်းထန်လှတဲ့ မိုးကို အန်တုပြီး ကျွန်ုပ်ကို စောင့်နေကြရှာတယ်။ မိဘမဲ့ ဖြစ်နေတဲ့ ကလေးတွေရဲ့ အားကိုးစရာ မိဘဆိုတာက ကျွန်ုပ်ပဲ မဟုတ်လား။ ကျွန်ုပ်ကို ကလေးတွေက တွေ့လိုက်တော့ အားလုံး ပြုံးပျော်နိုင်သွားကြပြီ။ သူတို့လေးတွေရဲ့ မျက်နှာလေးတွေ ကို ကြည့်ပြီး ကျွန်ုပ်ရဲ့ ဒဏ်ရာတွေဟာ သက်သာသွား ပါပြီ။
ဪ မေတ္တာရဲ့ အေးချမ်းမှုဟာ ကျွန်ုပ်ရင်ထဲမှာ အေးမြသွားစေပါလား။
ကျွန်ုပ် သတိပြုမိတဲ့ အချိန်မှာတော့ ချုပ်ကြောင်းများစွာနဲ့ ဆွေးမြေ့နေတဲ့ ကျွန်ုပ်ရဲ့ အပေါ်ရုံသင်္ကန်း ဧကသီလေးတောင် ဘယ်နားမှာ ညှပ်ကျန်နေခဲ့မှန်း မသိတော့ဘူး။ အနီးနား ရပ်ကွက်က လူတွေလည်း သူတို့ရဲ့ ကလေးတွေကို လာခေါ်သွားကြပြီ။ မိဘမဲ့ မိန်ကလေးတွေကိုလည်း သီလရှင်ကျောင်းက ဆရာကြီး လာခေါ်သွားပြီ။ ကျွန်ုပ်နဲ့ မိဘမဲ့ ယောက်ျားလေးတွေတော့ ကျန်ခဲ့တာပေါ့။ ဒဏ်ရာ ရတဲ့ ကလေးတွေကို ဆေးထည့်ပေးရင်း မိုးတိတ်အောင် စောင့်နေရတယ်။
မညှာမတာ ရက်စက်လှတဲ့ ကိုရွှေမိုးကတော့ ကျွန်ုပ်တို့ကို အားရအောင် နှိပ်စက်ပြီးလို့ မောသွားပြီနဲ့တူ တယ်။ ညနေရောက်တော့ ငြိမ်ချက်သား ကောင်းသွားပြီ။
အင်း….. ဒီနေ့ ညတော့ ကျွန်ုပ်နဲ့ ဒီကလေးတွေ ဘယ်လိုများ အိပ်ကြရပါတော့မလဲ။ ယောက်ျားလေး တွေပဲ ဘာဖြစ်လဲ။ ပြိုကျသွားတဲ့ တဲကုပ် အကျိုးအပဲ့အထဲက အကောင်းလေးတွေကို ရှာပြီး ယာယီတဲကလေး ဆောက်လိုက်ရုံပေါ့။ ဒီနေ့နဲ့ ဒီညတော့ ဒီလိုပဲ အဆင်ပြေအောင် ကလေးတွေနဲ့အတူ ကျွန်ုပ်က စက်တော်ခေါ်ရ တော့ မှာပဲလေ။
အောက် အီးအီး…….အွတ်။
မနေ့က ယာယီဆောက်ထားတဲ့ ကျောင်းနံရံ ဓနိဖက်စကာပေါက်လေးတွေ ကြားထဲမှ ကျိုးတိုးကျဲတဲ နေရောင်က ကျွန်ုပ် မျက်နှာပေါ်ကို ကျလာတယ်။ ကျွန်ုပ်ကို အိပ်ယာက ထခိုင်းနေပြီ။ ခေတ်မမီသော်လည်း အချိန်မှန်ကို ပြနေသေးတဲ့ ကျွန်ုပ်ရဲ့ စားပွဲတင် နာရီဟောင်းလေးတောင် မနေ့ကတည်းက ဘယ်နားရောက်သွား မှန်း မသိတော့။ ဘယ်အချိန်ရှိလို့ ရှိမှန်းကို မပြောတတ်တော့ဘူး။ ကိုကြက်ဖကြီးလည်း ဘယ်ချိန်ကတည်းက ကျွန်ုကို နှိုးနေသလဲ မသိ။ အော်နှိုးရလွန်းလို့ အာညောင်းနေပြီနဲ့ တူတယ်။
အိပ်ယာထဲမှာ လှဲနေရင်းက ကျွန်ုပ်ရဲ့ ဦးခေါင်းကို ထောင်ကြည့်လိုက်မိတယ်။ ကလေးတွေကတော့ မနေ့က ပင်ပန်းလွန်းအားကြီးလို့ အိပ်နေလိုက်ကြတာ။ အတုံးအရုံးပါပဲ။ ကျွန်ုပ်ရဲ့ အာရုံဆွမ်းလေးလည်း ဘယ်ဆီများ ခရီးလွန် နေမှန်းကို မတွေးနိုင်တော့ဘူး။
ဟင်….. ကျွန်ုပ်နားထဲ ဆူညံသံတွေ ကြားနေရပါလား။ စကားပြောသံတွေပဲ။ လူသံတွေ။ ထူးဆန်းလှ ချည်လား။ စောစောစီးစီး ဘာများဖြစ်ကြတာပါလိမ့်။ ကျွန်ုပ်လည်း ကမန်းကတန်း အပြင်ကို ထွက်လာခဲ့တော့ တယ်။
လူတွေပါလား။ ကျွန်ုပ်ဆီကို လာတဲ့ ဧည့်သည်တွေ ဖြစ်မှာပဲ။ မြင်ဖူးတဲ့ လူတွေရော မမြင်ဖူးသေးတဲ့ လူတွေရောပဲ။
“အရှင်ဘုရား နေကောင်းပါရဲ့လား ဘုရား”
နှုတ်ဆက်ရင်း ကျွန်ုပ်ဆီကို လာနေကြပါလား။ သေချာပါပြီ။ ကျွန်ုပ်ဆီကို လာတဲ့ ဧည့်သည်တွေပါပဲ။
“နေကောင်းပါတယ် ဒကာကြီးတို့”
“တပည့်တော်တို့က အရှင်ဘုရားရဲ့ ကျောင်းလေး မနေ့က မိုးရွာတုန်း လေတိုက်ပြီး ပြိုလဲသွားတယ် သတင်းရလို့ လာကြည့်တာပါ ဘုရား”
“ဟုတ်တယ် ဒကာကြီးတို့ရေ၊ ပျက်စီးသွားတာကတော့ ဒကာကြီးတို့ အခု မျက်မြင်ပဲ”
ကျွန်ုပ်လည်း မြေကြီးနဲ့ ပြားပြားဝပ် မိတ်ဆက်နေတဲ့ ကျောင်းလေးကို လက်ညှိး ထိုးပြရင်း မနေ့က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အားလုံးကို မှတ်မိသမျှ အားကိုးတကြီး ပြောပြလိုက်တယ်။ ကျွန်ုပ်ကလည်း ဒုက္ခရောက်နေတော့ အားကိုးရာ ရှာနေမိတာကတော့ အမှန်ပဲလေ။
“တပည့်တော်တို့က အရှင်ဘုရားရဲ့ စာသင်ကျောင်းလေးအတွက် လိုအပ်တဲ့ အကူအညီတွေကို စီစဉ်ဆောင်ရွက်ပေးဖို့ လာတာပါ ဘုရား၊ အဓိက ကတော့ ပြိုကျသွားတဲ့ စာသင်ဆောင်ကို အသစ် တည်ဆောက် ပေးမလို့ပါ ဘုရား”
ကြားလိုက်ရတဲ့ စကားက ဟုတ်မှ ဟုတ်ပါလေစ။ ကျွန်ုပ်နားကိုတောင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမိတယ်။ အိပ်မက် မက်နေတာတော့ မဟုတ်တန်ပါဘူး။ အိပ်မက် ဟုတ် မဟုတ် ဆိုတာ ကိုယ့်ပေါင်ကို လက်သည်းနဲ့ ထိုးဆိတ်စရာတောင် မလိုပါဘူး။ သေချာပါတယ်။ ဘ၀မှာ ကံ ဘယ်လောက်ပဲ ဆိုးဆိုး တစ်ကြိမ် တစ်ခါမှာတော့ ကံကောင်းတတ်တယ် ဆိုတာ ဒါပဲလား မသိ။ သိန်းထီ ထောင်ပေါင်းများစွာဆုကြီး ပေါက်တာထက်တောင် ကို ကံကောင်းသေးတယ်။ ကျွန်ုပ်စိတ်ထဲမှာ ထခုန်မတတ် ဖြစ်သွားပြီ။
“တပည့်တော်တို့က စုပေါင်းပြီး အလှူငွေဝိုင်းထည့်ကြမှာလေ ဘုရား။ စာသင်ဆောင်ကို စိတ်ချသွားရ အောင် အုတ်နဲ့ သွပ်မိုး တိုက်ကျောင်း ဆောက်မှာပါ ဘုရား”
ကြားနေရတဲ့ စကားလုံးတွေကတော့ တန်ဘိုးရှိလှတဲ့ စကားလုံးတွေ ပါပဲလား။ တစ်ခုမှ လွှင့်ပစ်စရာကို မရှိဘူး။ ကျွန်ုပ်လည်း ဧည့်သည်တွေကို နေရာထိုင်ခင်း ပေးဖို့တောင်မှ မေ့နေတယ်။ မေ့လည်း မေ့လောက်ပါ တယ်။ ကျွန်ုပ်ကိုယ်တိုင်ကိုက မနေ့က မိုးလေကြောင့် နေစရာတောင် ကောင်းကောင်း မရှိတော့ပဲကိုး။
ဒါနဲ့ ဧည့်သည်တွေနဲ့ အတူ ကျွန်ုပ်လည်းပဲ မြေကြီးပေါ်မှာပဲ ဖျာခင်းပြီး ထိုင်လိုက်ရတော့တယ်။ ဧည့်သည်တွေကတော့ မြို့ထဲက ငွေကြေးချမ်းသာတဲ့ လူတွေပဲ။ သဒ္ဓါတရား တော်တော် ရှိကြပါလား။ ငွေကြေး ချမ်းသာတိုင်း သာသနာကို ကြည်ညိုတတ်တဲ့ သဒ္ဓါတရား ရှိချင်မှ ရှိကြတာလေ။ သဒ္ဓါတရား ရှိတဲ့လူတွေကသာ မိမိတို့ ပိုင်ဆိုင်ကြတဲ့ ငွေကြေးတွေကို သာသနာအတွက် လိုအပ်တဲ့ နေရာတွေ၊ တန်ဘိုးရှိတဲ့ နေရာတွေမှာ အသုံးချ လှူဒါန်းကြတာ။ သဒ္ဓါတရား ခေါင်းပါးတဲ့ လူတွေ ပိုင်ဆိုင်ကြတဲ့ ငွေကြေးတွေကျတော့ သူတို့ရဲ့ ကာမဂုဏ် ခံစားဖို့ကိုပဲ အသုံးချနေကြတယ်။ ငွေကြေးချင်း တူပေမယ့် တန်ဘိုး ရှိပုံချင်းကျတော့ မတူကြဘူးနော်။
ကျွန်ုပ်ဆီကို အခုလာတဲ့ ဧည့်သည်တွေကတော့ ပရဟိတ စိတ်ဓာတ် အပြည့်အ၀ ရှိကြတယ်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာ ရဟန်းသံဃာရော လူတွေမှာပါ ပရဟိတ စိတ်ဓာတ် ရှိသူတွေ များများ ရှိဖို့ လိုအပ်တယ်။ ဒကာဒကာမတွေကလည်း မိမိတို့ အပင်ပန်းခံ လုပ်ကိုင် ရှာဖွေထားကြတဲ ချွေးနှဲစာ ငွေကြေးတွေကို တကယ် လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းကြဖို့ လိုတာပေါ့။ ဒါမှသာ သာသနာကို ရေရှည် ထိန်းသိမ်းထားနိုင်မှာလေ။ ဒီလိုမှ မဟုတ်ရင် လူမှုရေး အခက်အခဲတွေကို ကူညီပေးတဲ့ ဘာသာခြားတွေရဲ့ ဆွဲဆောင်မှု နောက်ကိုပဲ ဗုဒ္ဓဘာသာဝင်တွေက ပါသွားကြမှာ။
ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးဟာ ကလေးတွေအတွက် ပညာရည်တိုးတက် အောင် ပြုလုပ်ပေးရုံသာ မကဘူး၊ သူတို့လေးတွေရဲ့ အကျင့်စာရိတ္တပိုင်း ဆိုင်ရာရော၊ ဗုဒ္ဓဘာသာရဲ့ အတွေး အခေါ်ပိုင်း အတွက်ပါ သင်ကြားပေးတဲ့ ကျောင်းလေးပါ။ ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးနေတာ လေ။ အဲဒါဟာ ကျွန်ုပ်ကျင့်သုံးနေတဲ့ သာသနာ ပြုတဲ့နည်းစနစ် တစ်ခုဖြစ်တယ်။ သာသနာဆိုတဲ့ အဓိပ္ပာယ်က မြတ်စွာဘုရားရဲ့ အဆုံးအမပဲ မဟုတ်လား။ အဲဒီ အဆုံးအမတွေကို ကျွန်ုပ်က ကလေးတွေရဲ့ နှလုံးသားထဲကို အုတ်မြစ်ချပေးနေတာပေါ့။ ကျွန်ုပ်ရဲ့ ကျောင်းက ကလေးတွေဟာ လိမ်မာယဉ်ကျေးလာကြပြီ ဆိုရင် မြန်မာနိုင်ငံ မှာ လူဆိုးတွေကို ထိန်းသိမ်းမယ့် ထောင် တစ်ထောင်ကို ပိတ်ပေး လိုက်နိုင်တာနဲ့ အတူတူပါပဲ။
ကလေးတွေဟာ အနာဂတ်ရဲ့ သားကောင်းရတနာတွေ ဖြစ်သလို သာသနာအတွက်လည်း ရေသောက် မြစ်တွေပါပဲ။
ကျွန်ုပ် စစ်ကိုင်းမှာ သီတင်းသုံးနေတုန်းကပေါ့။ ငွေကြေးချမ်းသာတဲ့ ဒကာတစ်ဦးက ယတြာချေတယ် ဆိုလားပဲ။ စစ်ကိုင်းတောင်မှာ ဘုရားစေတီ တစ်ဆူ လာတည်တယ်။ ကျွန်ုပ်ကတော့ ပြောလိုက်ပါတယ်။
“ဒကာကြီး ဘုရားစေတီ တည်ချင်ရင် စေတီတွေ ပေါများလှပြီ ဖြစ်တဲ့ စစ်ကိုင်းတောင်မှာ မတည်ပါနဲ့တော့လား။ စေတီ မရှိသေးတဲ့ ဝေးလံတဲ့ နေရာတွေမှာ လူတွေ ကြည်ညိုသဒ္ဓါ ပွားများနိုင်အောင် သွားတည်ပါလား ဒကာကြီး။ ဒါမှ မဟုတ်ရင်လည်း အခု စေတီတည်ဖို့ ကုန်ကျတဲ့စရိတ်တွေ အားလုံးကို ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို သွားပြီးတော့ လှူလိုက်ရင် ပိုကောင်းလိမ့်မယ်။ တကယ်လိုအပ်နေတဲ့ နေရာတွေကို လှူတာဟာ တကယ်ကို အကျိုးကြီးလှပါတယ် ဒကာကြီး။ အဲဒါဟာ လူသားတွေရဲ့ နှလုံးသားထဲ ဘုရားတည်ပေးလိုက်တာပါပဲ”
အဲဒီ ဒကာကြီး ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ကျွန်ုပ်ကတော့ ပြောလိုက်တာပဲ။ သာသနာ့ ခေါင်းဆောင် လုပ်နေတဲ့ ရဟန်းသံဃာ ပုဂ္ဂိလ်တွေဟာ သာသနာ အကျိုးအတွက် ဆိုရင် အမုန်းခံပြီး ပြောသင့် ရင်လည်း ပြောရမှာပဲလို့ ကျွန်ုပ်ကတော့ ခံယူထားတယ်။ မြန်မာနိုင်ငံမှာ မလိုအပ်တဲ့နေရာတွေမှာ စေတီတွေကများလာပြီး ဗုဒ္ဓဘာသာ ကလေးတွေက ဘာသာခြားတွေရဲ့ နောက်ကို ပါသွားလို့ လျော့လျော့ ကုန်တာကို ပြန်ပြီးတော့ ကယ်တင်ရမယ် ဆိုတာက ကျွန်ုပ်ရဲ့ တာဝန်တစ်ရပ်ပေပဲ ဗျ။
အခုဆိုရင် ကျွန်ုပ် ဂုဏ်ယူပြီး ပြောနေတဲ့ ပညာ့ဘုံဗိမာန် (တဲကုပ်) လေးဟာ ကျွန်ုပ်မက်ခဲ့တဲ့ အိပ်မက် ထဲက ပညာ့ဘုံဗိမာန် (တိုက်ကျောင်း) တကယ်ကို ဖြစ်သွားခဲ့ရပါပြီ။ တိုက်ကျောင်း စာသင်ခန်းထဲမှာ စာသင်နေကြတဲ့ ကလေးတွေကို ကျွန်ုပ်ကြည့်ရင်း ရင်ထဲမှာ ၀မ်းသာကြည်နူးမိနေပါတယ်။ ပီတိတွေလည်း ဖြစ်နေမိပါတယ်။ လိုအပ်နေတဲ့ နေရာတွေကို အမှန်တကယ် လှူတတ်တဲ့ ငွေကြေးချမ်းသာ လူပုဂ္ဂိုလ်တွေကြောင့် မိဘမဲ့ ကလေးတွေ အပါအ၀င် ကလေးတွေ အားလုံးအတွက် လုံခြုံစိတ်ချရတဲ့ ကွန်းခိုရာ၊ မှီခိုရာ အားကိုးရာ နေရာလေး ရရှိသွားခဲ့ရပြီ။
မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဆုံးမ သြ၀ါဒလေး တစ်ခုကို ကြားယောင်နေမိ တယ်။
စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ မုချ အောင်ပွဲစံ။
ပရဟိတ လုပ်တဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်းပဲ အတွင်းအားရော အပြင်အားပါ ဖြည့်တင်းထားဖို့တော့ လိုအပ်လိမ့်မယ်။ အတွင်းအားကတော့ သီလ၊ သမာဓိ၊ ပညာ။ အပြင်အားကတော့ ကျွန်ုပ်တို့ လေ့လာဆည်းပူးနေ တဲ့ ဘွဲ့တွေ၊ ဒီဂရီတွေပဲပေါ့။ အတွင်းအားနဲ့ အပြင်အား အတူတကွပေါင်းစည်း ကြိုးစားသွားမယ် ဆိုရင် ကျွန်ုပ်တို့ရဲ့ ပရဟိတ လုပ်ငန်းတွေဟာ အောင်မြင်မှာ မလွဲမသွေပဲ လို့ ပြောနိုင်ပါတယ်။ အတွင်းအားနဲ့ အပြင်အား တစ်ခုခု ချို့ယွင်းနေမယ် ဆိုရင်တော့ အခက်အခဲတွေ ရှိလာနိုင်တယ်။
အခုဆိုရင် ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာ့ဘုံဗိမာန် တိုက်ကျောင်းလေးကတော့ နှစ်စဉ် ကျောင်းသားပေါင်း ရာချီပြီးတော့ မွေးထုတ်ပေးနိုင်နေပြီ။ လောကီ အတတ်ပညာတွေကိုသာမက လောကုတ္တရာ အသိပညာတွေပါ သင်ကြားပေးနိုင်ပြီ။ လောကီ အတတ်ပညာတွေကတော့ ဒီဘ၀ တစ်ဘ၀စာ ပေါ့။ လောကုတ္တရာ အသိပညာကျတော့ သံသရာ တစ်လျှောက်လုံး အတွက်ပေါ့။ နိဗ္ဗာန် မရောက် မချင်းထိပါပဲ လေ။
ကျွန်ုပ်ရဲ့ ကျောင်းမှာ ကျောင်းဖွင့်ရက် တစ်ပတ်ကုန်ဆုံးတဲ့ သောကြာနေ့ ညနေတိုင်း မြတ်စွာဘုရား ဟောကြားထားတဲ့ (၃၈)ဖြာ မင်္ဂလာ တရားတော်ကို တစ်ခုချင်းစီ ဟောပြော သင်ကြားပေးနေတယ်။ ပညာသင်နှစ် တစ်နှစ် ပြည့်တာနဲ့ မင်္ဂလာ (၃၈)ခု စလုံး ကုန်သွားတော့တာပဲ။ ကျွန်ုပ်ဟာ ကလေးတွေရဲ့ နှလုံးသားမှာ ဗုဒ္ဓသာသနာ စေတီ တည်ပေးနေတာပါလား လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားနေမိတယ်။ ၀မ်းသာ ကြည်နူးလိုက်သည့် ဖြစ်ခြင်း။
ရက်ကို လစား။ လကို နှစ်စား။ အင်း….. ခုနှစ်သက္ကရာဇ်တွေတောင် တော်တော် ကုန်လွန်ခဲ့ကြပြီပဲ။ ကျွန်ုပ်ရဲ့ ဦးခေါင်းက ကျိုးတိုးကျဲတဲ ဆံကေသာတွေတောင် အဖြူရောင် သန်းနေကြပါပြီကော။
“ကလောင်….. ကလောင်….. ကလောင်…..”
ကျွန်ုပ်တွေးနေတာ ဘယ်လောက်ကြာသွားမှန်းကို မသိတော့ပါဘူး။ ညနေခင်း အိမ်ပြန်ကျောင်းဆင်းချိန် ခေါင်းလောင်းတောင် ထိုးနေပြီ။ ကလေးတွေဟာ ကမ္ဘာမကျေသီချင်းကို တက်တက်ကြွကြွ သံပြိုင်သီဆိုကြ တယ်။ ပြီးတော့ သားသမီးဝတ်တရားငါးပါး၊ တပည့်ဝတ်တရားငါးပါး အဲဒီလင်္ကာလေးတွေကို ညီညီညာညာ ရွတ်ဆိုနေကြတယ်။ မင်္ဂလာ ရှိလိုက်လေခြင်း။
ကလေးတွေဟာ စာသင်ဆောင် တိုက်ကျောင်း ပညာ့ဘုံဗိမာန်ခန်းမဆောင်ကနေ ပြေးထွက် လာကြပြီ။ ကျွန်ုပ်ရဲ့ ကျောင်းဝင်းထဲမှာ ပျော်ရွင်စွာ ပြေးလွှားနေကြတဲ့ ကလေးတွေဟာ အနာဂတ်မျိုးဆက်သစ်တွေ အတွက် ဖူးပွင့်လာမယ့် အဘိုးတန်ရတနာလေးတွေ ပါလား။ မျှော်လင့်ချက် အလင်း ရောင်စဉ်တန်းလေးတွေ သူတို့မှာ ထွန်းလင်းတောက်ပ နေကြပြီ။
နောင် နှစ်ပေါင်းများစွာ ကြာတဲ့ အချိန်အထိ ကျွန်ုပ်ရဲ့ အသက်ဝိညဉ် မရှိတော့တဲ့ အချိန်မှာလည်း အဲဒီ ပညာ့ဘုံဗိမာန်တိုက်ကျောင်းလေးဟာ ပညာတတ် သာသနာ့ သူရဲကောင်းလေးတွေ မွေးထုတ်ပေးနေဦးမှာပဲ။ သြော် သူတို့လေးတွေကို ကြည့်ပြီးတော့ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ စကားက ကျွန်ုပ်အတွက်တော့ တကယ်ကို မှန်တဲ့ စကားလေးပါပဲလား။
ကျောင်းဆင်းလို့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတဲ့ ကလေးတွေရဲ့ အမြင်အာရုံတွေနဲ့ အတူ …..
ဟိုး….. အဝေး တစ်ချိန်တုန်းက ဓနိဖက်မိုး၊ ဓနိဖက်ကာလေးနဲ့ ကလေးတွေကို ပညာသင်ပေးနေခဲ့တဲ့ ကျွန်ုပ်ရဲ့ ကိုယ်ဟန်အမူအယာ ရုပ်ပုံ ကျွန်ုပ်ရဲ့ အသံ၊ ပြီးတော့ ကလေးတွေရဲ့ ကိုယ်ဟန်အမူအရာ ရုပ်ပုံ ကလေးတွေရဲ့ အသံလေးတွေ အားလုံးကိုပဲ ပြန်ပြီးတော့ မြင်ယောင်နေမိ၊ ကြားယောင်နေမိ ပါတော့တယ်…..
“ကကြီး”
“ကကြီး”
“ခခွေး”
“ခခွေး”
“ဂငယ်”
“ဂငယ်”
“……..”
“……..”
(မှတ်ချက် - ကျွန်ုပ်၏ ဖြစ်ရပ်မှန်တစ်ခုကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

အရှင်ဉာဏဒီပ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်) http://www.ashinnyanadipa.com

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP