သာသနာတြော်မတ်ြကီး အရှည်တည်တံ့ံ့ခံခိုင်မြဲအောင်
သာသနာတြော်မတ်ြကီး အရှည်တည်တံ့ံ့ခံခိုင်မြဲအောင်၊
တိုးတက်ထွန်းကား ပြန့့််ပွါးအောင် ထမ်းဆောင်ကြရာတွင်
ရဟန်းသာမဏေသံဃာတော်များအားလုံး
အချင်းချင်းချစ်ခင်လေးစားတန်ဖိုးလျက် ညီညွတ်ပါမှ အောင်မြင်မည်။

ရန်ကုန် နိုဝင်ဘာ ၂၂
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေး၌ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးချုပ် သူရမြင့်မောင်၏ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် -
နိုင်ငံတော် သံဃမဟာနာယဆရာတော် အရှင်သူမြတ်ကြီးများဘုရား ယနေ့ ကျင်းပအပ်သော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးသို့ ဆရာတော်အရှင်မြတ်ကြီးများ စုံစုံညီညီ ကြွရောက် ချီးမြှောက်တော်မူကြသဖြင့် ဘုရားတပည့်တော်သည် ဝမ်းမြောက် ဝမ်းသာ ပီတိဖြစ်ရပါသည်ဘုရား။ ဆရာတော်ကြီးများသည် သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွါးရေးကိုသာ တစိုက်မတ်မတ် အာရုံစိုက်တော်မူလျက် သက်တော်ရွယ်တော်အလျောက် ကျန်းမာရေး အနေအထား ကိုယ်စိတ်ပင်ပန်း နွမ်းနယ်မှုများကို နောက်ထားလျက် ပေးအပ်ထားသော သာသနာ့တာဝန်များကို ထမ်းဆောင်ကြပြီး စုံညီစည်းဝေး ဆွေးနွေးနှီနှော သဘောညီမျှ ဆုံးဖြတ်ချရေး အလေးဂရု အားပြုသန်စွာ ကြွရောက်လာကြသဖြင့် ဆရာတော်ကြီးများ၏ သာသနာတော်မြတ်ကြီးအပေါ် ထားရှိသော သဒ္ဓါအစ ဝီရိယတစ်ဖြာ ပညာဉာဏ်ထ ဆန္ဒထူးမြတ် စိတ်ဓာတ်အားနှင့် သတိဆင်မှုတို့ကို ဖူးမြင် ကိုယ်တွေ့ စေ့စေ့သိရှိရပါသဖြင့် ကြည်ညိုသဒ္ဓါ မင်္ဂလာကုသိုလ်တရားများ ရရှိ၍ အတိုင်းမသိ စိတ်ကြည်နူးချမ်းမြေ့ရပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။
၁၉၈ဝ-ပြည့်နှစ် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီးနောက် သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွါးရေး အတွက် တာဝန်များ အသီးအသီး ထမ်းဆောင်တော်မူကြရာတွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ကြီးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေရသည်ကို ဆရာတော်ကြီးများ အသိပင် ဖြစ်ပါသည်ဘုရား။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ဝိနိစ္ဆယရေးရာ သာသနာ့ရေးရာ ပညာရေးရာတို့ကို သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ လက်စွဲကျမ်းများ၊ ညွှန်ကြားလွှာများ စသည်တို့နှင့် ညှိနှိုင်းဆုံးဖြတ်ကာ ဖြေရှင်း ဆောင်ရွက်ကြရပါသည် ဘုရား။ ငါးသိန်းကျော်မျှသော သံဃာထုကြီးကိုလည်း ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့အစည်းဥပဒေ၊ လူမှုဥပဒေ စသည်များနှင့် အညီအညွတ် ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရပါသည် ဘုရား။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် ဝိနိစ္စယရေးရာ အပိုင်းတွင် တရားရေးမဏ္ဍိုင်ကြီးအဖြစ်၊ သာသနာရေးရာအပိုင်းတွင် သာသနာ့မဏ္ဍိုင်ကြီး အဖြစ်၊ ပညာရေးရာအပိုင်းတွင် ပရိယတ္တိမဏ္ဍိုင်ကြီးအဖြစ် မားမားမတ်မတ် ရပ်လျက် ဖြေရှင်းဆောင်ရွက်လျက် ရှိပါသည်ဘုရား။
ကြီးသောအမှုသေးငယ်အောင်၊ သေးငယ်သောအမှုပပျောက်အောင်၊ အကုသိုလ် တရားများ ယုတ်လျော့ပပျောက်ပြီး ကုသိုလ်တရားများ တိုးပွါးလာအောင်၊ အဂတိတရားများ ကင်းစင်စွာ ကြိုးစားဖြေရှင်း အောင်မြင်စေသဖြင့်ခြင်း၊ စုပေါင်းဆုံးဖြတ်ခြင်း၊ အများ၏သဘောထားနှင့်ဆန္ဒကို အနည်းစုက လိုက်နာခြင်း၊ အနည်းစု၏ သဘောထားနှင့်ဆန္ဒကို အများစုက လေးစားခြင်း စသည်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ကြရန် ဖြစ်ပါသည်ဘုရား။
ထိုနည်းအတူပင် နိုင်ငံတော်တစ်ဝန်းလုံးရှိ ထေရဝါဒသံဃာ့ဂိုဏ်း အသီးသီးမှ ရဟန်းသံဃာဟူသမျှသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့ အစည်းအတွင်း၌ အလိုအလျောက် ပါဝင်ပြီးဖြစ်သဖြင့် ရဟန်းသာမဏေတိုင်း သည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုတို ခံယူကြရမည် ဖြစ်ပါသည်ဘုရား။ သာသနာတော်မြတ်ကြီး အရှည်တည်တံ့ခိုင်မြဲအောင်၊ တိုးတက်ထွန်းကား ပြန့်ပွါးအောင် ထမ်းဆောင်ကြရာတွင်လည်း ရဟန်းသာမဏေ
သံဃာတော်များ အားလုံးသည် အချင်းချင်း ချစ်ခင်လေးစားတန်ဖိုးထားလျက် စိတ်ဓာတ်ပြည့်စွာ ညီညွတ်ပါမှ လုပ်ငန်းရပ်များ အောင်မြင်နိုင်မည် ဖြစ်ပါသည်ဘုရား။
အင်္ဂုတ္တရနိကာယ် နိပ္ပိယသုတ်တွင်- ရဟန်းသံဃာအချင်းချင်း ချစ်ခင်အပ်၊ လေးစားအပ်၊ ချီးမွမ်းအပ်သူဖြစ်စေသော ကျင့်စဉ်တရားများကို ဗုဒ္ဓရှင်တော်မြတ် ဟောမိန့်ထားသည်ကို သိရှိရပါသည်ဘုရား - ဤတရားများမှာ .. အဓိကရုဏ်းကို မပြုတတ်ခြင်း။ သိက္ခာသုံးပါးကိုလိုလားခြင်း။ လောဘအလို ရမ္မက်နည်းပါးခြင်း။ အမျက်မထွက်တတ်ခြင်း။ သူတစ်ပါးဂုဏ်ကိုမချေဖျက်တတ်ခြင်း။ မစဉ်းလဲ မကောက်ကျစ်ခြင်း။ မိမိ၌မရှိသောဂုဏ်ကို အရှိလုပ်ကာ လွဲမှားစွာ မပြောဆိုတတ်ခြင်း။ မိမိအပြစ်ကိုဖုံးကွယ်လှည့်ပတ်လိုသည့်မာယာ မရှိခြင်း။ လောကုတ္တရာတရားတို့ကို ရှုမှတ်ဆင်ခြင်သိမြင်မှုရှိခြင်း။ ကမ္မဋ္ဌာန်းဖြင့် တပါးတည်းကိန်းအောင်းခြင်း။ သီတင်းသုံးဖေါ်တို့ကို အာမိသ၊ ဓမ္မ နှစ်ဌာနဖြင့် ချီးမြှောက်တတ်ခြင်း။ ဤသို့သဘောရှိသော ရဟန်းသာမဏေတို့ကို အချင်းချင်း သီတင်းသုံးဖေါ်တို့က အရိုအသေပေး အလေးဂရုပြုလျက် ဆက်ဆံကြပြီး သာသနာရေးကိစ္စများကို တိုင်ပင်ညှိနှိုင်းဆောင်ရွက်သဖြင့် ချောချောမောမော အောင်မြင်စေနိုင်မည် ဖြစ်ပါသည်ဘုရား။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် တစ်ခုတည်းသော ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးအတွင်းရှိ ရဟန်းသာမဏေများနှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့အား ညီညွတ်စေရေး၊ နိပ္ပိယသုတ်တော်လာ ချစ်ခင်လေးစား ကျင့်စဉ်တရားများနှင့်အညီ ရှိစေရေးတို့အတွက် ယခုထက်ပိုမို၍ လမ်းညွှန်ကြီးကြပ် ထိန်းမတ်ပေးတော်မူကြပါရန် ဘုရားတပည့်တော် ရိုသေလေးမြတ်စွာ တောင်းပန် လျှောက်ထားအပ်ပါသည်ဘုရား။ နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်ကြီးဘုရား ဆရာတော် အရှင်မြတ်ကြီးက ဦးဆောင်လျက် သာသနာရေးကိစ္စအဝဝကို အားသစ်စုပေါင်း ထပ်လောင်းကြိုးပမ်း ထမ်းဆောင်ကြသကဲ့သို့ နိုင်ငံတော်အစိုးရ အမှူးရှိသော ဒကာပြည်သူတို့ကလည်း ကိုယ်စိတ်နှစ်ပါး အားအစွမ်းထားလျက် သာသနာရေးလုပ်ငန်းများကို ဆရာ့နည်းက သြဝါဒတော်များနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်လျက် ရှိပါသည်ဘုရား။
နိုင်ငံတော်ကထုတ်ပြန်ကြေညာထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အာဏာစက် အကူအညီ အထောက်အပံ့များကို တရားနှင့်လျှော်စွာပေးလျက် ရှိပါသည်ဘုရား။ ထိုကဲ့သို့ သာသနာရေးလုပ်ငန်းများကို ဆရာဒကာ ညီညာလက်တွဲ အားခဲနှိုင်းချင့် ကျွန်းနှင့်ကိုင်းမှီ ရှေ့သွားညီအောင် ရည်ရွယ်ပံ့ပိုး ကြိုးစားဆောင်ရွက်လျက် ရှိသည့်ပြင်၊ ဒကာ့တာဝန် ကြေပွန်ကြရ နုဂ္ဂဟနှစ်ဖြာ ဓမ္မာပစ္စယ ကုသိုလ် အဝဝကိုလည်း မဆုတ်မနစ် အားအသစ်သစ်ဖြင့် တိုးမြှင့်လှူဒါန်းလျက် ရှိပါသည်ဘုရား။ ပြည်သူအပေါင်း သူတော်ကောင်းတို့သည် သာသနာတော် မြတ်ကြီးအတွက် စေတနာသုံးတန် ပြဋ္ဌာန်းလျက် ဆပွါးထပ်ဆင့် ထောက်ပင့်ဝေဆာ ပူဇော်ကြမည်သာ ဖြစ်ပါကြောင်း လျှောက်ထားရင်း ဘုရားတပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်အရှင်သူမြတ်တို့ဘုရား။

(သတင်းစဉ်)
အသိပေးချက်အမှတ်စဉ်(၄)
အထက်ပါသြဝါဒတော်များနှင့် အထက်ပါ လျှောက်ထားလွှာတို့သည် စာရေးသူတို့၏ အဓမ္မဝါဒဖေါ်ထုတ် တားဆီးဖယ်ရှားရေး နှိုးဆော်လွှာနှင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်ခဲ့ရသော ရဟန်းသံဃာအရေးတို့ကြောင့် ပေါ်ပေါက် လာကြသည့် ပြည်ပရောက် ရဟန်းများ၏ အဖွဲ့သစ်များ ဖွဲ့စည်းခြင်းဆိုင်ရာ ကြေညာချက်တို့ကို အစွဲပြုလျက် ဆုံးမအပ်သော အဆုံးအမများနှင့် ယင်းအဆုံးအမများအားလျှော်သော လျှောက်ထားချက်များ ဖြစ်ကြပါသည်။
စာရေးသူတို့ လျှောက်ထားလွှာများသည် အဓိကအားဖြင့် ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းကြီးကို ရည်ရွယ်ခဲ့ရင်းသာ ဖြစ်ပါသော်လည်း ၄င်းနှိုးဆော်လွှာထဲတွင် ရှင်ဥက္ကဋ္ဌဝါဒဆိုင်ရာများလည်း အကျုံးဝင်သွားကြပါသည်။ ထို့ပြင် ရှင်ဥက္ကဋ္ဌကိုပင် ဓမ္မစကြာဆရာတော်ကြီးဟု ခေါ်ဆို၍ ဂုဏ်ပြုဦးတင် အစဉ်အောက်မေ့နေသည့် ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ အဓမ္မဝါဒ ဂိုဏ်းဟောင်းကြီးကို ပြန်လည်ဖေါ်ထုတ်နေမှုများနှင့်လည်း သက်ဆိုင်ကာ အကျုံးဝင်သွားကြပါသည်။
''စောဒနာလွှာတို့ ဖြစ်ပေါ်လာခြင်း အကြောင်းရင်းများ''အစပိုင်းတွင် တင်ပြခဲ့သည့် အတိုင်းပင် ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒများသည် ယခုအခါတွင် နိုင်ငံတော်တစ်ဝန်းလုံး ပြန့်နှံ့လျက်ပင် ဖြစ်ပေါ်တိုးပွါး တန်ခိုးထွားလာကြပြီ ဖြစ်ကြောင်း သိမြင်ကြရပါသည်။ ၁၃၄၄-ခုနှစ်က အဓမ္မဝါဒ၊ အဝိနယဝါဒဟူ၍ သတ်မှတ်ခံရသော ဆူးလေ ဦးမြင့်သိန်း၏ ထေရဝါဒများသည် ၄င်းဆရာကြီး၏ တပည့်ကြီး(၄)ပါး (ဦးဥက္ကံသဗုဒ္ဓိ၊ ဦးနာရဒ) စသူတို့က ဆက်လက် သင်ပြ နေကြသောကြောင့် ၁၃၆၁-ခုနှစ်ခန့်မှစတင်၍ ပြန်လည်ဖြစ်ပေါ်လာကြပါသည်။
ယင်းသို့ဖြစ်ပေါ်လာအောင် ပြုလုပ်သူတို့တွင်
အဓိကခေါင်းဆောင်ပုဂ္ဂိုလ်မှာ ဓမ္မစေတီဦးကောသလ္လ ဖြစ်ပါသည်။
ဦးကောသလ္လသည်
အဆိုပါ ၁၃၆၁-(၁၉၉ဝ)ခုနှစ်မှ စတင်၍ တစ်နိုင်လုံးပင် တရားပွဲများ ဖြစ်ပေါ်အောင် အားထုတ်ခဲ့သူ ဖြစ်ပါသည်။ ၄င်းပုဂ္ဂိုလ်၏ ဟောတရားခွေများကို ကြည့်လျှင် ၄င်းအဓမ္မဝါဒများက မည်မျှလောက်အထိ ကျယ်ပြန့်သွားကြောင်းတို့ကို သေချာစွာ သိမြင်နိုင်ကြမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဤစာအုပ်၏ နောက်ဆုံးပိုင်းတွင် ၄င်းပုဂ္ဂိုလ်၏ တရားခွေးနာမည်များကို တရားအလှူတော် ပြုလုပ်နေရာ ဌာနတစ်ခုမှ အလွယ်တကူ ရရှိသလောက်မျှ တင်ပြပေးလိုက်ပါသည်။ ယခုဆက်လက်၍ တင်ပြပေးလိုသည်မှာ ၄င်းပုဂ္ဂိုလ်၏ ဟောတရားခွေ စာစီမှတ်တမ်းတစ်ခုထဲက အမှားတွေအကြောင်းပင် ဖြစ်ပါသည်။
ဝိဇ္ဇာမယဂမ္ဘီရနည်း မိစ္ဆာစက်ဖြတ်မန္တန်တော်ကြီး
ဗုဒ္ဓရှင်မြတ်၊ ဟောထားအပ်သော
ပိဋကတ်ကျမ်းစာ၊ မညီရာတို့ကို
မျက်နှာထောက်ထား၊ မသနားနှင့်
စာအားငွေအား၊ ဖြန့်ဝေအားဖြင့်
တစ်ပါး-ဆယ်ယောက်၊ တစ်ယောက်-ဆယ်ပါး
ပြန့်ပွါးနှံ့စပ်၊ လူ့ရပ်မြေကုန်
ဝိုင်းအုံ ပ ထုတ်၊ ဇွဲခတ်လုပ်၍
တောထုတ်ကြကုန်လော့။

0 comments:
Post a Comment