* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 15, 2009

ဘ၀အရေး စိတ်အေးကြောင်း

ဒီကနေ့ ဘဝအရေး စိတ်အေးရလေအောင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်၊ လူ တိုင်းလူတိုင်းဟာ ဘဝရထားလို့ ဘဝအရေးမှာ စိတ်အေးကြရပြီလား? ဘဝအရေး စိတ်အေးဖို့ ဘာတွေလို အပ်သလဲ? ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ-က ဟောကြားထားတဲ့ တရားဓမ္မတွေ ရှိတယ်၊ ဘဝ တစ်ခုရ ထားတဲ့ပုဂ္ဂိုလ်တွေ ဘဝအရေး စိတ်အေးဖို့ ဘာတွေလုပ်ရမလဲဆိုတာ မှန်ကန်တဲ့ နည်းလမ်းကို ချမှတ်ပြီးတော့ ဟောပြောထားတာရှိတယ်။
သို့သော် လောကမှာရှိတဲ့ လူသားတွေကတော့ ဘဝအရေးစိတ်အေးဖို့ဆိုတာ တခြားနည်းနဲ့ပဲ တွေးပြီး တော့ လုပ်ဆောင်ထားလေ့ရှိကြတယ်၊ စီးပွားဥစ္စာတွေ ပြည့်စုံတယ်၊ နေစရာထိုင်စရာတွေ အကုန်ပြည့်စုံတယ်၊ လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဘဝတစ်ခုရရှိထားပြီဆိုရင် လူတွေက ပြောကြတယ်၊ ဘဝအရေးတော့ စိတ် အေးရပြီတဲ့၊ တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား?။
မရှိတဲ့လူကလည်း စိတ်မအေးရဘူး၊ ရှိတဲ့လူကလည်း စိတ်မအေးရဘူး၊ ဒါဖြင့် စိတ်အေးရတယ်၊ စိတ်မ အေးရဘူးဆိုတာ ရှိ၊ မရှိနဲ့ သက်ဆိုင်ရဲ့လား၊ မသက်ဆိုင်ဘူး၊ ပိုက်ဆံချမ်းသာတဲ့လူကလည်း စိတ်အေးရတာ မဟုတ်ဘူး၊ ဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်း စိတ်အေးရတာ မဟုတ်ဘူး။
ဘဝသံသရာခရီးကို လျှောက်တဲ့အခါမှာ ဒီဘဝ နောင်ဘဝဆိုတာ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ လူတွေဟာ မိမိတို့ ဒီဘဝမှာရှိနေကြတယ်၊ ဒါကိုတော့ လူတိုင်းလက်ခံကြတယ်၊ နောင်ဘဝ ရှိတယ်၊မရှိဘူး ဆိုတာကိုတော့ လူတိုင်းလက်မခံဘူးပေါ့၊ သို့သော်လည်း ဒီဘဝအရေးစိတ်အေးရတဲ့ ပုဂ္ဂိုလ်တွေကော ရှိရဲ့လား ဆိုလို့ရှိရင် မရှိနိုင်ဘူးပေါ့၊ လုံးဝစိတ်အေးရ ပြီလို့ပြောတဲ့ပုဂ္ဂိုလ်က တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား?၊ မဟုတ်ဘူး၊ သို့သော် လူတွေကတော့ ပြောကြတယ်၊ ဘဝအရေး စိတ်အေးရပြီတဲ့။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ ဟောပြောချက်က လောကလူသားတွေရဲ့ အမြင်နဲ့ တလွဲစီပဲ ဖြစ်တာများတယ်၊ ဘဝအရေးစိတ်အေးဖို့ဆိုတဲ့ အကြောင်းအခြင်းအရာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ''သံယုတ္တနိကာယ် အာဠဝကသုတ္တန်''မှာ ဟောထားတာရှိတယ်။

အာဠာဝကသုတ္တန်

အာဠဝကဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ၊ ယက္ခလို့ခေါ်တဲ့ အင်မတန်ကြမ်းတမ်းတဲ့ ဘီလူးကြီး တစ်ကောင်၊ သို့သော် ဒီကနေ့အာဠဝကဟာ ထိုကဲ့သို့ ကြမ်းတမ်းတဲ့ပုဂ္ဂိုလ် မဟုတ်တော့ဘူး၊ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မကို နာယူပြီးတဲ့အခါမှာ အင်မတန်မှ လိမ္မာယဉ်ကျေးတဲ့ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီ၊ ပယောဂ ဆရာတွေက အာဠဝကမှော်သွင်းတယ် ဆိုပြီးတော့ ကြမ်းပြနေကြတုန်းပဲ ရှိသေးတယ်။
တကယ်တော့ စာလာပေလာ အာဠဝကဆိုရင် ကြမ်းစရာရှိပါဦးမလား၊ သောတာပန်ဖြစ်သွားရင် တော့ အာဠဝကဟာ ကြမ်းမဲ့ပုဂ္ဂိုလ် မဟုတ်တော့ဘူး၊ အင်မတန် လိမ္မာယဉ်ကျေးသွားပြီ၊ သူက ဘာပြောခဲ့ တုန်းဆိုရင်-
''သော အဟံ ဝိစရိဿာမိ၊
ဂါမာ ဂါမံ ပုရာ ပုရံ၊
နမဿမာနော သမ္ဗုဒ္ဓံ၊
ဓမ္မဿ စ သုဓမ္မတံ''
''တစ်ရွာကနေ တစ်ရွာ၊ တစ်နယ်ကနေ တစ်နယ်၊ တစ်မြို့ကနေ တစ်မြို့ မြတ်စွာဘုရားနှင့် တရားဓမ္မကို လက်အုပ်ချီမိုးရှိခိုးပြီး သွားလာပါ့မယ်''လို့ပြောတာ၊ ဘယ်လောက် ယဉ်ကျေးလဲဆိုတာသိသာတယ်၊ ဟိုရွာ ဟိုမြို့ ဟိုနယ် ဒီနယ် လျှောက်ပြီးသွားတဲ့အခါမှာ ဘုရားကိုသာလျှင် ဦးထိပ်ထားပြီးတော့ သူသွားပါ့မယ်လို့ ပြောတဲ့ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေပြီ၊ အင်မတန် လိမ္မာ ယဉ်ကျေးသွားပြီ၊ သို့သော် တစ်ချိန်တုန်းကတော့ အင်မတန်မှကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ဟုတ်တယ်၊ စိတ်ကြမ်းကိုယ်ကြမ်း၊ အင်မတန်မှ ကြမ်းတမ်းပေမဲ့လို့ ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မတွေကို နာလိုက်ရတဲ့အခါမှာ အလွန့်ကို သိမ်မွေ့ ယဉ်ကျေးသွားတဲ့ပုဂ္ဂိုလ် တစ်ဦး ဖြစ်သွားတယ်။

အနှစ်သာရ

အောင်ခြင်းရှစ်ပါးထဲမှာ တွေ့ကြလိမ့်မယ်ပေါ့၊ အာဠဝကဘီလူးချွတ်ခန်း ဆိုတာ၊ ဒီအာဠဝကကို မြတ်စွာဘုရားက အနိုင်ရလိုက်တာလေးကိုသာ ပြောကြတယ်၊ ထိုအာဠဝကက မေးလို့ မြတ်စွာဘုရားက ဖြေခဲ့တဲ့ တကယ့်အနှစ်သာရပိုင်းကို အသိနည်းနေကြသေးတယ်၊ ဒီကနေ့ အနှစ်သာရပိုင်းကို ကြည့်ကြရအောင်၊ ထိုအနှစ်သာရပိုင်းကသာလျှင် မိမိတို့အဖို့ တန်ဖိုးရှိတယ်လို့ မှတ်ထားရမယ်နော်။
တရားနာတဲ့အခါမှာ ဇာတ်လမ်း ဇာတ်ကွက်က အဓိကမဟုတ်ဘူး၊ တရားဓမ္မမှာလာတဲ့ လိုက်နာကျင့် သုံးစရာ သင်ခန်းစာတွေရဖို့က အရေးမကြီးဘူးလား?၊ ဘဝခရီးကို လျှောက်လှမ်းတဲ့အခါမှာ ဘယ်အရာတွေက အရေးကြီးသလဲဆိုတာ လူတိုင်း လူတိုင်း သိသင့်တာပေါ့၊ အရေးမကြီးတာတွေကို အရေးကြီးတယ်လို့ ထင်နေမယ် ဆိုရင် နောက်ဆုံးအချိန်ရောက်တဲ့အခါမှာ ဒုက္ခမရောက် ပေဘူးလား?။
ဒါ့ကြောင့်မို့ အရေးမကြီးတာကို အရေးကြီးတယ်လို့ မထင်မှားရလေအောင်, အရေးကြီးတာကိုလည်း အရေးမကြီးဘူးလို့ မထင်မှားရလေအောင် အရေးကြီးတာကို အရေးကြီးတယ်လို့ သိရမယ်၊ အရေးမကြီးတာကို အရေးမကြီးဘူးလို့ အမှန်အတိုင်းသိရမယ်။

နာယူရုံဖြင့်မပြီး

ထိုကဲ့သို့ အမှန်အတိုင်းသိဖို့အတွက် တရားဓမ္မ နာယူရတယ်၊ တရားက နာရုံ သက်သက်နဲ့အကျိုး ရှိမှာမဟုတ်ဘူး၊ ဆေးနဲ့အလားတူတယ်၊ ဆေးဆိုတာက သောက်မှ ရောဂါ ပျောက်မှာ၊ မိမိအိမ်မှာ အဆင်သင့် ဝယ်ထားပြီးတော့ ပုလင်းထဲထည့်, ထောင်ထားရုံနဲ့ ရောဂါ ပျောက်ပါ့မလား?၊ မပျောက်ဘူး။
ထို့အတူပဲ မြတ်စွာဘုရားတရားတော်ဟာ နာရုံ နာထားပြီး လိုက်နာကျင့်သုံးမှု မပြုဘူးဆိုရင် အကျိုး တရားကို အပြည့်အဝ ဖြစ်ထွန်းစေမှာ မဟုတ်ဘူး။
ဒါ့ကြောင့်မို့ မြတ်စွာဘုရားက လုပ်ငန်း-၂-ခု အမြဲတမ်းဟောခဲ့တယ်၊ နံပါတ်-၁-က ပရိယတ်တဲ့ သင်ရမယ်တဲ့၊ အခု နားထောင်တာဟာ သင်တာပဲ၊ နောက်တစ်ခုက ပဋိပတ်တဲ့ လက်တွေ့ကျင့်သုံးရမယ်တဲ့၊ ခေတ်စကားနဲ့ပြောရင် theoretical-နဲ့ practical-ပေါ့၊ theory-အနေနဲ့လည်းသိရမယ် လက်တွေ့လည်း ကျင့်သုံးနိုင်ရမယ်၊ theory-သာရှိပြီး လက်တွေ့ ကျင့်သုံးလို့ မရတဲ့တရားဆိုလည်း သိပ်တန်ဖိုးရှိမှာ မဟုတ်ဘူး၊ ဒါ့ကြောင့် အသိဉာဏ်တစ်ခုဟာ လက်တွေ့ အသုံးချရတဲ့ အသိဉာဏ်မျိုးဖြစ်ဖို့လိုတယ်၊ ဒါကို apply-လုပ်တယ်လို့ ပြောကြတာပေါ့၊ လက်တွေ့ အသုံးချတဲ့ပညာဟာ အင်မတန်မှ တန်ဖိုးရှိတယ်။

အာဠဝကသုတ္တန်ဖြစ်ပေါ်လာပုံ

အာဠာဝက သုတ္တန်ဖြစ်ပေါ်လာပုံ ဇာတ်ကြောင်းကို တိုတိုလေးပြောရအောင်၊ အာဠဝက ဇာတ်ကြောင်းက အားလုံး သိနေကြတယ်၊ တစ်ခါတုန်းက အာဠဝီပြည်နားမှာ အာဠဝကဘီလူးကြီး နေထိုင်ရာ ဘုံဗိမာန်ရှိတယ်၊ အဲဒီ ဘုံဗိမာန်ကြီးက ဘယ်နားရှိလဲ ဆိုတော့ အာဠဝီပြည်နဲ့ မလှမ်းမကမ်း တောစပ်ဝမှာ ညောင်ပင်ကြီးတစ်ပင် ရှိတယ်၊ အဲဒီညောင်ပင်ကြီး အောက်မှာ ရှိတယ်လို့ ပြောတယ်။
သူ့ရဲ့ဘုံဗိမာန်က မြင်ရလားလို့ဆိုတော့ မမြင်ရဘူး၊ လောကမှာ လူတွေပြောကြတယ်၊ သစ်ပင်တွေမှာ ရုက္ခစိုးရှိတယ်လို့ ပြောကြတယ်၊ ထို ရုက္ခစိုးနေတဲ့ ဗိမာန်ကို မြင်ရလားလို့ဆို မမြင်ရဘူး၊ လူတွေကတော့ ရုက္ခစိုးက သစ်ပင်ခွကြားမှာ တက်ထိုင်နေတယ်လို့ ထင်ကောင်းထင်မယ်၊ ကိုယ့်ဟာ ကိုယ်ထိုင်ကြည့်ပါလား၊ ဘယ်နှစ်ရက် ထိုင်နိုင်မှာတုန်း သစ်ပင်ခွကြား မထိုင်နိုင်ဘူးမဟုတ်လား?၊ တကယ်တော့လည်း ရုက္ခစိုးဆိုတာ သစ်ပင်မှာ နေတာမဟုတ်ဘူး၊ သစ်ပင်နဲ့ဆက်စပ်ပြီး သူ့ရဲ့ဘုံဗိမာန်ရှိတယ်။
အဲဒီဘုံဗိမာန်က သာခဋ္ဌဗိမာန်နဲ့ ရုက္ခဋ္ဌဗိမာန်လို့ နှစ်မျိုးရှိတယ်၊ သာခဋ္ဌဗိမာန်ဆိုတာက သစ်ကိုင်းနဲ့ဆက်ပြီးတော့ ဘုံဗိမာန်ကတည်နေတယ်၊ အဲဒီသစ်ကိုင်းတွေ ခုတ်လိုက်လို့ရှိရင် သူ့ရဲ့အဆောက်အဦး ပြိုကျသွားတယ်၊ ဒါက တစ်ခု။
တချို့ ရုက္ခစိုးတွေရဲ့ ဘုံဗိမာန်ကျတော့ ရုက္ခဋ္ဌလို့ခေါ်တယ်၊ သစ်ပင်ငုတ်တိုကြီး ရှိနေလည်း သူ့ ဗိမာန်မပျက်ဘူး၊ အဲဒါကြောင့်မို့ လူတွေကတော့ နတ်နေကိုင်းဆိုပြီးတော့ ချန်ချန်ထားကြတယ်လေ၊ အဲဒါနတ်ဗိမာန် မပြိုအောင်လို့ သစ်ခက်ကလေးကို ချန်ပြီးတော့ ခုတ်ကြတယ်၊ သာခဋ္ဌဗိမာန်မျိုးကို ပြောတာ၊ သာခဋ္ဌမှာ'သာခ'ဆိုတာ သစ်ခက်၊ 'ဋ္ဌ'ဆိုတာ တည်နေတာ၊ သစ်ခက်ပေါ်မှာ တည်ရှိနေတဲ့ ဘုံဗိမာန် လို့ပြောတာ၊ အဲတော့ သစ်ခက်တွေ ကုန်အောင်ခုတ်လိုက်လို့ ရှိရင်တော့ ဘုံဗိမာန်ကြီး ပြိုကျသွားပြီလို့သာ မှတ်ပေတော့၊ အဲဒီမှာ ရုက္ခစိုးက နေစရာ မရှိတော့ဘူး၊ လူတွေကမြင်ရလားဆိုတော့ မမြင်ရဘူး။
လောကမှာ လူတွေ မမြင်နိုင်ရတဲ့ အရာတွေ အများကြီးရှိတယ်၊ ရှိတော့ရှိတယ် မမြင်ရဘူး၊ မျက်စိနဲ့ မြင်လို့ရတာ တစ်ခုထဲပဲ ရှိတယ်၊ ဘာလဲဆိုတော့ ရူပါရုံ လို့ခေါ်တဲ့ အဆင်း တစ်ခုတည်းပဲမြင်လို့ရတယ်၊ ဒါဖြင့် ပုံပန်းသဏ္ဌာန်တွေကော မမြင်ရဘူးလားဆိုတော့ သဏ္ဌာန်က စဉ်းစားပြီး ယူတာ၊ မြင်တာက အဆင်း, ကျန်တဲ့ ပုံပန်းသဏ္ဌာန်က စိတ်ကူးပြီး ပုံဖော်ထားတာ၊ ဒါ့ကြောင့် မျက်စိက မြင်ရတယ်ဆိုတဲ့ ရူပါရုံကို အဆင်းလို့ ဒီလိုမြန်မာပြန်လေ့ရှိတယ်။
ဘုန်းကြီးတို့ သီဟိုဠ်မှာနေတုန်းက ဒကာကြီး တစ်ယောက်က မေးဖူးတယ်၊ မျက်စိနဲ့မြင်ရတာ colour-လား? Form-လား? လို့ သူကမေးတယ်၊ စာပေ ကျမ်းဂန်အရ ပြောမယ်ဆိုရင် colour-ကိုလည်း မြင်ရတယ်, form-ကိုလည်း မြင်ရတယ်လို့ ပြောရမယ်၊ သို့သော် colour- ကို မြင်ရတာ အဓိက၊ colour-လို့ ပြောပြန်လို့ရှိရင်လည်း colour-မဲ့တာတွေရှိနေတော့ တစ်မျိုးပြောရပြန်တယ်၊ အဲဒါကြောင့် မျက်စိနဲ့ မြင်ရတဲ့ ဟာကို visible object-လို့ပြန်တယ်၊ မျက်စိနှင့်မြင်ရတဲ့ အဆင်းလို့ ဒီလိုပဲ ပြန်ရတယ်၊ ဓမ္မသင်္ဂဏီပါဠိတော်မှာတော့ မျက်စိနဲ့ မြင်ပြီးသိရတဲ့ ပုံပန်းသဏ္ဌာန်တွေကိုပါ ထည့်ပြီး မြတ်စွာဘုရားက အဆင်းလို့ဟောတာ။
ရူပလို့ ခေါ်သော အရာသည် မျက်စိနဲ့ မြင်လို့ ရတဲ့အရာကို ပြောတာ၊ သို့သော် မျက်စိနဲ့ မြင်ပြီးတော့ စိတ်ကူးလို့ရတဲ့ အရာတွေကိုလည်း ထည့်သွင်းပြော တယ်လို့ မှတ်ပါ၊ မျက်စိနဲ့ မြင်လို့ရတဲ့အရာကို နားနဲ့ကြားရ ရဲ့လား၊ မကြားရဘူးနော်၊ သူ့ဟာနဲ့သူ တစ်ခုစီ၊ အဲဒီတော့ လူတွေရဲ့မျက်စိနဲ့ မြင်လို့မရတဲ့ အရာတွေဟာ လောကမှာ မြောက်မြားစွာရှိတယ်။
နတ်တို့၏ ဘုံဗိမာန်ကို လူတွေက မမြင်ကြရဘူးတဲ့၊ အဲဒီ သာခဋ္ဌဗိမာန်ဆိုတာ သစ်ခက်ပေါ်တည် နေသော ဗိမာန်၊ ထိုသစ်ခက်ကို ကုန်အောင်ခုတ်လိုက်ရင် ထိုရုက္ခစိုး၏ဘုံဗိမာန် ပျက်စီးသွားပြီး ရုက္ခဋ္ဌဗိမာန် ကတော့ သစ်ပင်သစ်ငုတ်ကျန်နေသေးသမျှ ကာလပတ်လုံး သူ့ဗိမာန် မပျက်စီးဘူးတဲ့ ဒီလိုပြောတာ၊ လူတွေလည်း ဘာထူးတုန်း- အိမ်ဆောက်ထားတဲ့နေရာ မြေပြို ကျသွားရင် အိမ်တွေ မပျက်စီးဘူးလား၊ အဲဒီသဘောပါပဲ၊ အဲတော့ လူတွေက မြေကြီးပေါ်မှာ အိမ်ဆောက်ပြီး နေတာ။
ရုက္ခစိုးဆိုတာလည်း သစ်ပင်ပေါ်မှာ သူ့ရဲ့ ဘုံဗိမာန် ပေါ်နေတာ, သူတို့ကျတော့ ကိုယ်တိုင်လုပ်လို့ ရတဲ့အရာ မဟုတ်ဘူး၊ သူတို့ဘဝက ကံပေါ်မှာ မှီတည် ပြီးနေရတယ်၊ ဒါကြောင့်မို့ နတ်တို့ရဲ့ဘဝကို ကံ၏ အကျိုးကိုမှီပြီး အသက်မွေးရတဲ့ ကမ္မဖလူပဇီဝီ၊ လူတွေနဲ့ အသက်မွေးပုံချင်း မတူဘူးတဲ၊့ လူတွေကျတော့ ဥဋ္ဌာနဖလူပဇီဝီ လုံ့လဝီရိယပေါ်မှီတည်ပြီး အသက်မွေးရတယ်တဲ့၊ ကြိုးစားရင် ကြိုးစားသလောက်ရတယ်၊ ကံတော့ ပါတာပေါ့၊ ဒါပေမဲ့ ကံကို ထိုင်စောင့်ပြီးနေလို့ လူ့ဘဝမှာ မရဘူး၊ လုံ့လဝီရိယကူရတယ်၊ နတ်ဘုံ နတ်ဘဝကျတော့ အဲလို မဟုတ်ဘူး၊ အားလုံးဟာ ကံပေးတဲ့အတိုင်း ထင်ရှားနေတယ်၊ ကံကုန်ရင်တော့ ဘာမှရှိမှာမဟုတ်ဘူး၊ ဒီလို ဆိုလိုတာနော်။
အဲဒီအာဠဝကဘီလူးကြီးရဲ့ ညောင်ပင်အောက်က ဗိမာန်ကြီးကို တောထဲသွားလာနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီညောင်ပင်ကြီးအောက် ဝင်နားနေကြပေမဲ့ မြင်ရတာ မဟုတ်ဘူး၊ သို့သော် ဗိမာန်ကြီးကရှိတယ်။
မြတ်စွာဘုရားက တစ်ရက်တော့ အဲဒီ ဗိမာန်ကြီး ထဲမှာသွားပြီး သီတင်းသုံးတယ်၊ အာဠဝက ဘီလူးကြီးက အစည်းအဝေးသွားနေတယ်၊ သူလည်း ပြန်ရောက်ရော ဘုရားကိုမြင်တော့ အလွန်စိတ်ဆိုးတယ်၊ သူက ဘုရားကို မကြည်ညိုဘူးလေ၊ သူတို့ စရိုက်နဲ့ ဘုရားဟောတဲ့ တရားက မကိုက်ဘူး၊ မကိုက်သည့်အတွက်ကြောင့် စိတ်တအားဆိုးတယ်၊ စိတ်ဆိုးပြီး မြတ်စွာဘုရားကို ဒုက္ခ အမျိုးမျိုးပေးတယ်ပေါ့။
မြတ်စွာဘုရားကို သူ့ဗိမာန်ထဲက ထွက်ခွာအောင် သူအစွမ်းကုန်လုပ်တယ် မရဘူး၊ နောက်ဆုံး ကျတော့ သူဘာလုပ်တုန်းဆိုရင် ''အရှင်ဂေါတမ၊ သူများခွင့်မပြုတဲ့ အဆောက်အဦးထဲ ဘာဖြစ်လို့ဝင် သလဲ?၊ အခုပဲ ထွက်သွားလိုက်ပါ''လို့ဆိုတယ်၊ အဲတော့ မြတ်စွာဘုရားက ''မင်း ထွက်စေချင် ထွက်တာပေါ''့ ဆိုပြီး ချက်ချင်းထပြီး ထွက်သွားလိုက်တယ်တဲ့၊ သူက အဲဒီတော့ စဉ်းစားတယ် ''အော် ဒီလိုတော့ လွယ်သားပဲ၊ ငါတစ်ညလုံး မောင်းထုတ်တာ မရဘူးပေါ့၊ ခုထွက်သွား လိုက်ပါဆိုတော့ လွယ်လွယ်ကူကူနဲ့ ထွက်သွားသားပဲ၊ တကယ်ပဲ သူ ငါပြောတာ လိုက်နာတာ ဟုတ်မဟုတ် စမ်းကြည့်ဦးမယ်'' ဆိုပြီး ''ကိုယ်တော် ပြန်ဝင်ခဲ့ဦး'' ဆိုတော့ ''အေး-မင်း ဝင်စေချင်ရင်လည်း ဝင်တာပေါ့'' လို့ဆိုပြီး ပြန်ဝင်လာခဲ့တယ်၊ အဲဒီလိုနဲ့ ထွက်လိုက်ဦးဆို ထွက်လိုက်၊ ဝင်လိုက်ဦးဆို ဝင်လိုက်၊ ၃-ခါ လောက်ရှိ အောင် သူက ခိုင်းတယ်။
ဒါဖြင့် ဒီဘီလူးခိုင်းတာ ဘာဖြစ်လို့ ဘုရားက လိုက်ပြီး လုပ်နေတာတုန်း ဆိုတော့၊ သူရဲ့စိတ်ဓာတ်ကို မြတ်စွာဘုရားက ကုစားနေတာ၊ အလကားလုပ်တာ မဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ၊ စိတ်ဆိုးနေတဲ့ လူတစ်ယောက်ကို ပိုစိတ်ဆိုးအောင်လုပ်ရင်ပိုပြီး စိတ်မဆိုးပေဘူးလား၊ အေး သူကျေနပ်အောင်လုပ်ပြ လိုက်တဲ့ အခါမှာ သူက ကျေနပ်သွားတယ်။
ကြည့်လေ ကလေးလေးတွေက တစ်ခုခုနဲ့ ခိုက်မိသွားလို့ ချော့တဲ့အခါမှာ လူကြီးတွေက လုပ်တယ် မဟုတ်လား၊ ဥပမာ- ကုလားထိုင်နဲ့ တိုက်မိလို့ ကလေးလေးက နာသွားလို့ငိုတယ်ဆိုရင် လူကြီးက ကုလားထိုင်ကို ''ကဲ တိုက်ဦးဟယ်၊ တိုက်ဦးဟယ်''လို့ ရိုက်လိုက်တဲ့အခါ ကလေးလေးက ကျေနပ်သွားတယ် မဟုတ်လား?၊ ကလေးမှာ တကယ်နာတာပျောက်ပါ့မလား?၊ မပျောက်ဘူး၊ ဘာလုပ်တာတုန်း စိတ်ကိုကုစားတာ။
ဆက်လက်ဖော်ပြပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP