* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 7, 2009

"ပါရမီတော် ဆယ်ပါး ဘုရားရှိခိုး"

မေမေချစ်သော သားသားနဲ့ မီးမီးရေ...

ကလေးတို့ အတွက် ပါရမီ (၁၀)ပါးဘုရားရှိခိုး စာသားလေးကို ကြည်ညို ရွတ်ဖတ် ပူဇော်ရအောင် ဓမ္မ လက်ဆောင် ပေးလိုက်ပါတယ်။သည် ဘုရားရှိခိုး ကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး အမြဲ ပူဇော်နေတာ နာယူပြီးကတည်း က မေမေ က အလွတ် ကျက်မှတ် ဘို့ ကြံစည်နေခဲ့တာကြာပါပြီ။ အထမမြောက်ခဲ့ ပါ။

သည်နေ့တော့ ဘုန်းဘုန်း ဦးလောက နာထ ရေးသားပူဇော် ထားတဲ့ Blog List Link များထဲမှာ (မင်းကွန်း တိပိဋက) Link အသစ်တက်တော့ ဝင်ကြည့်လိုက်တာ ဓမ္မ ဘဏ္ဍာ-ရတနာ သိုက် တစ်ခု ကို တွေ့ရှိလိုက်ရသလို ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်ခဲ့ရပါတယ်။ မေမေ အလွန် လိုချင်ခဲ့တဲ့ ပါရမီ (၁၀)ပါး ဘုရားရှိခိုးလေး ကို လည်းရရှိလိုက် လို့ သဒ္ဓါရွှင်လန်း ဝမ်းမြောက်စွာ မျှဝေလိုက်ပါတယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား၏ ပါရမီ (၁၀)ပါး-အပြား(၃၀)ကို လေးလေးနက်နက် အာရုံပြု ၍ ရှိခိုးပူဇော်ကြပါစို့ ကလေးတို့ရေ..။

"ပါရမီတော် ဆယ်ပါး ဘုရားရှိခိုး"

ယောဇိနော အနေကဇာတိယံ၊ သပုတ္တဒါရ မင်္ဂဇီဝိတမ္ပိ။
ဗောဓိပေမတော အလဂ္ဂမာနသော၊ အဒါသိယေဝ အထ္ထိကဿ။
ဒါနပါရမီ တတောပရံ အပူရိ၊ သီလပါရမာဒိကမ္ပိ။
တဿ မိဒ္ဓိယော ပယာတ မဂ္ဂတံ၊ တ မေကဒီပကံ နမေ။


ယောဇိနော= ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွှံ့မထိတ်၊ ခြင်္သေ့စိတ်ဖြင့်၊ နင်းနှိပ်ကြိမ်ဖန်၊ အောင်ပွဲခံ၍၊ အောင်လံလွှင့်ထူ၊ အကြင်အောင်တော်မူ မြတ်စွာဘုရားသည်၊


အနေကဇာတိယံ= တစ်နှစ်သုံးလေး၊ ဂဏန်းရေး၍၊ ချင့်တွေးမလွယ်၊ များကျယ်လှစွာ၊ ဘဝါဘဝ၊ လေးသင်္ချေနှင့်၊ ကမ္ဘာတစ်သိန်း ကာလအတွင်း၌၊


ဗောဓိပေမတော= ဗောဓိဉာဏ်ကြီး၊ ရွယ်တိုင်ပြီးသည့်၊ ထွတ်ထီးပဒါန်၊ သဗ္ဗညုတ ရွှေဉာဏ်ကို ရရန်စိတ်ထား၊ လိုလား တောင့်တတော်မူသောကြောင့်၊


သပုတ္တဒါရံ= ကိုယ်တော်ရင်သွေး၊ အသက်ပေး၍၊ ချစ်ရေးဖြာစည်၊ သည်းပွတ်နှင့်ပမာမှီးရသည့်၊ ဇာလီ ကဏှာဇိန်ကဲ့သို့သော၊ သမီးသား၊ မဒ္ဒီဒေဝီ မိဖုရားကဲ့သို့သော၊ ဇနီးမယားနှင့် တကွသော၊


အင်္ဂဇီဝိတမ္ပိ= မဟာသွေးမဟာရည်၊ ရာဇရုပ်၊ ဂုဏ်အင်ညီသည့်၊ ဖြိုးစည်သပ္ပါယ်၊ ကိုယ်အင်္ဂါ ကြီးငယ်နှင့်တကွ၊ လူတွင်အမြတ်၊ ခေါ်တွင်မှတ်ညောင်း၊ အသက်တစ်ချောင်းကိုပင်သော်လည်း၊


အလဂ္ဂမနသော= ငါ့သားငါ့သမီး ငါ့ဇနီးနှင့်၊ ငါ့ထီးငါ့နန်း ငါ့ကြငှန်းတည်၊ ငါ့သားရံရွှေ ငါ့ရွှေငွေနှင့်၊ ငါ့မြေငါ့ယာ ငါ့ဥစ္စာဟု၊ တဏှာမြှေးယှက်၊ မပေးရက်အောင်၊ ရမ္မက်ပိတ်ဖုံး၊ စိတ်နှလုံးမှ၊ ဆိတ်သုဉ်းတော် မူခဲ့သည်ဖြစ်၍၊


အတ္ထိကဿ= အလိုရှိလတ် ချဉ်းလာကပ်သား၊ ယုတ်မြတ်မဟူ၊ အလှူခံပုဂ္ဂိုလ် များထိုထိုအား၊


အဒါသိယေဝ= သဗ္ဗုညုဉာဏ်၊ ရဖို့ရန်ဟု၊ စိတ်သန်ရှေ့ပြေး၊ သဒ္ဓါရှေး၍၊ လှူပေးတော် မူခဲ့သည်သာတည်း။


ဒါနပါရမိံ= အပြားသုံးလီ၊ ဒါနပါရမီတော်မြတ်ကို၎င်း၊


တတောပရံ= ထိုဒါနပါရမီမှ တမျိုးတခြား တစ်ပါးသာလျှင်ဖြစ်သော၊


သီလပါရမာဒိကမ္ပ္ပိ္ပိ= သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာ ပါရမီတော် မြတ်တို့ကို၎င်း၊


အပူရိ= သဗ္ဗညုဉာဏ် ရဖို့ရန်ဟု၊ စိတ်သန်ရည်စူး၊ သဒ္ဓါထူးဖြင့်၊ ဆည်းပူးဖြည့်ကျင့်တော်မူခဲ့လေပြီ။


တာသံ= ပါရမီဆယ်ပါး၊ အကျယ်ပွားက၊ အပြားသုံးဆယ်၊ နှုံးမလွယ်တို့၏၊


ဣဒ္ဓိယာ= တစွန်းတစ၊ မကျန်ရအောင်၊ လောက်ငှကုံလုံ၊ ပြည်စုံတော်မူခြင်းကြောင့်၊


အဂ္ဂတံ= ဗြဟ္မာနတ်လူ၊ သုံးပုံသူတွင်၊ မည်သူမျှ မယှဉ်အပ်သည့်၊ အမြတ်ခေါင်မှူး ပုဂ္ဂိုလ်ထူး၏ အဖြစ်သို့၊


ဥပယာတံ= ဆုကြီးပွင့်စည်၊ ခါတန်ပြီဟု၊ ပါရမီတော် နှိုးပင့်ဆော်၍၊ ရောက်တော်မူကြီး၊ ရောက်တော်မူပြီးထသော။


ဧကဒီပကံ= အစမထင်၊ ဆုံးမမြင်သည့်၊ သံသရာတကြော၊ တစ်မျောထဲမျောကြသည့်၊ လူရောနတ်ပါ၊ ဗြဟ္မာမကြွင်း၊ သတ္တဝါခပင်းတို့၏၊ ဝပ်စင်းခိုမှီး၊ တစ်ခုတည်းသော၊ ကိုင်းကျွန်းသဖွယ်လည်း၊ ဖြစ်တော်မူပါပေထသော၊


တံဇိနံ= ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွံ့မထိတ်၊ ခြသေ့င်္စိတ်ဖြင့်၊ နင်းနှိပ်ကြိမ်ဖန်၊ အောင်ပွဲခံ၍၊ အောင်လံလွင့်ထူ၊ ထိုအောင်တော်မူမြတ်စွာဘုရားကို၊


အဟံ= ရုပ်နာမ်နှစ်ဖြာ၊ ငါးခန္ဓာကို၊ သူငါသမုတ်၊ အကျွန်ုပ်သည်၊
(မယံ= တရားဟောပုဂ္ဂိုလ်၊ တရားနာပုဂ္ဂိုလ်၊ ခေါ်ဆိုသမုတ်၊ အကျွန်ုပ်တို့သည်)


နမာမိ= မင်္ဂလာစရဏ အဦးစဝယ် ကြည်စွာ့ကော်ရော် ပူဇော်မြတ်နိုး ရှိခိုးကြပါ၏ဘုရား။


နမာမိ= ကာယ ဝစီ၊ မနောချီလျှက်၊ သုံးလီဒွါရ၊ ပမာဏဖြင့်၊ ဂါရဝရိုကျိုး၊ လက်စုံမိုးကာ၊ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။


ဤ ဒါနပါရမီ များကြောင့် ဘုန်းဘုန်းဦးလောကနာထ အမြန်ဆုံး ကျန်းမာ၍ မိမိ၏ ခန္ဓာ့ဝန်နှင့် သာသနာ့ဝန် ကို သက်ဆုံးတိုင်အောင် မပင်မပန်း ချမ်းမြေ့ရွှင်လန်းစွာ ထမ်းဆောင်နိုင်ပါစေကြောင်း သစ္စာအလင်းမိသားစု မှ အထူး မေတ္တာပို့သ လိုက်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP