ဖန်ဆင်းရှင်ကို ဖန်ဆင်းသူများ...ပေးစာ (၁၆)...
ဖန်ဆင်းရှင်တွေဟာ ဘယ်သူတွေလဲ ဆိုတာ အရင်စာထဲမှာ ဘုန်းဘုန်း ပြောပြပြီးသွားပြီ။ ဒါပေမဲ့ အဲဒီ ဖန်ဆင်းရှင်တွေကို ဖန်ဆင်းတဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာ ထပ်ရှာမှရမယ်။ ဖန်ဆင်းရှင်ကို ဘယ်သူဖန်ဆင်း သလဲ ဆိုတဲ့ မေးခွန်းက ပေါ်လာပြီ။ ကဲ အဖြေရှာကြည့်ရအောင်။
ကံ ဆိုတာ အလုပ်ပဲ၊ ကမ္မ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာပါ။ အရင်ဘ၀က လုပ်ခဲ့တဲ့ ကောင်းမှု၊ မကောင်းမှုတွေ၊ အခုဘ၀ အခု အချိန်ထိ လုပ်နေတဲ့ ကောင်းမှု၊ မကောင်းမှုတွေ ဒါတွေအားလုံးဟာ ကံတွေပါပဲ။ ကံကောင်းချင်ရင် ကောင်းတဲ့ အလုပ်တွေ ကိုလုပ်၊ ကံဆိုးချင်ရင် မကောင်းတဲ့ အလုပ်တွေကိုသာလုပ်။ ဒါက ရှင်းရှင်းလေးပဲ။
ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ် တွေကို ဘယ်သူကဖန်ဆင်းသလဲ? တခြား ဘယ်သူကမှ လာပြီး ဖန်ဆင်းတာမဟုတ်ဘူး။ အဲဒါတွေကို သားတို့၊ သမီးတို့ ကိုယ်ကိုယ်တိုင်ပဲ ပြုလုပ်လိုက်တာ ဖန်ဆင်းလိုက်တာ မဟုတ်လား?
(၉) တန်း ကျောင်းသားဘ၀က မိမိ ကိုယ်ကိုယ်တိုင် စားကြိုးစားမှု ဆိုတဲ့ ကံ၊ ဉာဏ်၊ ၀ီရိယကြောင့် စာမေးပွဲ အောင်ခဲ့တယ်။ (၁၀) တန်းကို ရောက်လာတယ်။ (၉) တန်း ဘ၀တုန်းက ကြိုးစားမှု ကံ၊ ဉာဏ်၊ ၀ီရိယ မရှိခဲ့ဘူး ဆိုရင် (၁၀) တန်းကို ရောက်နိုင်ပါ့မလား? ဘယ် ရောက်နိုင်လိမ့်မလဲနော်။
(၁၀) တန်းမှာလည်း ဆက်ပြီး မကြိုးစားဘူး ဆိုရင် (၁၀) တန်းကို အောင်ဖို့ရာ မဖြစ် နိုင်ဘူး။ (၁၀) တန်းကို ထပ်ပြီး အောင်ဖို့အတွက် သားတို့၊ သမီးတို့ဟာ ကံ၊ ဉာဏ်၊ ၀ီရိယ တွေကိုပဲ ထပ်ပြီး လုပ်ကြရဦးမှာ။
ဒါကြောင့် သားတို့၊ သမီးတို့တွေရဲ့  အနာဂတ် ဘ၀တွေကို ဖန်ဆင်းပေးမယ့် ဖန်ဆင်းရှင်တွေကတော့ ကံ၊ ဉာဏ်၊ ၀ီရိယ အဲဒီ သုံးခုဆိုတာ သေချာပါတယ်။
အဲဒီ ကံ၊ ဉာဏ်၊ ၀ီရိယ ဆိုတဲ့ ဖန်ဆင်းရှင်တွေကို ဖန်ဆင်းပေးမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ? တခြား ဘယ်သူမှ မဟုတ်ပါဘူး။ ကာယကံရှင်တွေကတော့ သားတို့၊ သမီးတို့ ကိုယ်တိုင်ပါပဲ။
ကံ၊ ဉာဏ်၊ ၀ီရိယ တို့ကို သားတို့၊ သမီးတို့က ဖန်ဆင်းလိုက်တာ။ သားတို့၊ သမီးတို့က ဖန်ဆင်းသူတွေလေ။
ဖန်ဆင်းရှင်ဖြစ်တဲ့ ကံ၊ ဉာဏ်၊ ၀ီရိယတို့ကို အသုံးချပြီး သားတို့၊ သမီးတို့ရဲ့  အနာဂတ် ကို ကိုယ်ကိုယ်တိုင် ဖန်ဆင်းကြရ ပါလိမ့်မယ်။
ဒါကြောင့် ဖန်ဆင်းရှင်တွေက ကံ၊ ဉာဏ်၊ ၀ီရိယ။
အဲဒီ ကံ၊ ဉာဏ်၊ ၀ီရိယတွေကို ဖန်ဆင်းသူတွေက သားတို့၊ သမီးတို့ ကိုယ်တိုင်ပါပဲ။
မြတ်စွာဘုရား ဟောထားတယ် အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်ကိုသာ ကိုးကွယ်ရာတဲ့။ ကိုယ့်ကိုယ်ကို ကြိုးစားခိုင်းတာပါပဲ။မြတ်စွာဘုရား ဟောထားတယ် အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်ကိုသာ ကိုးကွယ်ရာတဲ့။ ကိုယ့်ကိုယ်ကို ကြိုးစားခိုင်းတာပါပဲ။
ကမ္ဘာမှာ အောင်မြင်နေတဲ့လူတွေကို အောင်မြင်လာအောင် ဘယ်သူက ဖန်ဆင်းတာလဲ?
အဲဒီ အောင်မြင်တဲ့ လူတွေကို အောင်မြင်လာအောင် သူတို့တွေ ကိုယ်တိုင်ကပဲ ဖန်ဆင်းတာလေ။ အောင်မြင်တဲ့ လူတွေမှာလည်း ဘာတွေရှိနေကြသလဲ ဆိုတော့ ကံ၊ ဉာဏ်၊ ၀ီရိယ တွေပဲ ရှိနေကြတယ်။
ဒါကြောင့် ကံ၊ ဉာဏ်၊ ၀ီရိယက သားတို့၊ သမီးတို့ကို ဖန်ဆင်းကြသလို သားတို့၊ သမီးတို့ကလည်း ကံ၊ ဉာဏ်၊ ၀ီရိယ တို့ကို ပြန်ပြီးတော့ ဖန်ဆင်းကြလိမ့်မယ်။
ကဲ ဖန်ဆင်းရှင်တွေက ကံ၊ ဉာဏ်၊ ၀ီရိယ။ ဖန်ဆင်းရှင်တွေကို ဖန်ဆင်းမယ့်သူတွေက သားတို့၊ သမီးတို့ ကိုယ်တိုင်ပါပဲ။
ဒါလောက်ဆိုရင် ဖန်ဆင်းရှင်ကို ဘယ်သူဖန်ဆင်းလဲ ဆိုတာ သားတို့၊ သမီးတို့ သိနိုင်လောက်ပြီလို့ ထင်တယ်နော်…

0 comments:
Post a Comment