ဓမ္မအရေး ဆွေးနွေးစရာ အဖြာဖြာ (၂)
*****************************************************************************************
ကိုပြေဇော်မင်္ဂလာပါခင်ဗျာ။ကျွန်တော်မရှင်းတာလေး ဆွေးနွေးချင်လိုကျွန်တော်ထင်တာလေးကိုတင်ပြပါရစေ။
ဝိပသာနာရှုရာတွင် မဂ်မကျခင်အချိန်မှာ ရှုဉာဏ်က နှလုံးသွင်းမှန်ခဲ့မှန်ဆိုလျှင် မဂ်ငါးပါးရှိသော ကြောင့် လောကီစိတ်တွင် တဏှာ၊ ဒိဋ္ဌိ ရှိသောယူဆချက်သည် မဖြစ်နိုင်ဘူးလိုထင်ပါတယ်။ ရဟန္တာအရှင်မြတ်တို့ မှာ ရှုဉာဏ်မှာ မဂ်ရှစ်ပါးနှင်.ပြည်.စုံတယ်လိုယူပါတယ်။ ဥပါဒါနက္ခန္ဓာ ကိုကျွန်တော်နားလည်ရာတွင် ပဉ္စခန္ဓာကို တဏှာ သို.မဟုတ်ဥပါဒါန်နှင်.ကပ်ငြိလျှင် ဥပါဒါနက္ခန္ဓာဖြစ်ပါတယ်။ တနည်းအားဖြင်. ပေါ်သမျှတံခါးခြောက်ပါးတွင်အာရုံနှင်.တဏှာ (သို.)ဥပါဒန်နှင့်ကပ်ငြိသော်ဥပါဒါနက္ခန္ဓာဖြစ်ပါတယ်။
ပုထုဇဉ်စိတ်သည် ပဉ္စခန္ဓာလည်းဖြစ်နိုင်ပါတယ်။ ဥပါဒါနက္ခန္ဓာလည်းဖြစ်နိုင်ပါတယ်။ဥပမာပြသော်-ထမင်းစာသောဝေဒနာပေါ်လာသော အခါ ထမင်းစာသောဝေဒနာသည်ပဉ္စခန္ဓာတွင်ပါဝင်သည်။တမင်းစာသောဝေဒနာမှ စားဖွယ်သောက်ဖွယ်တို.ကို လျှာပေါ်တွင်အရသာခံစားပြီး တက်မက်စွာစားသောက်သောအခါ စားစိတ်ပေါ်တွင် ဥပါဒါနက္ခန္ဓာဖြစ်ပါတယ်။ပဋိစပမုပ်ပပ်ဖြင်.နည်းဖြင်.ရှင်းလျှင် ဝေဒနာတွင်ရပ်နေသောသူသည် ပဉ္စခန္ဓာသာဖြစ်ပါ၏။ဝေဒနာကနေတဏှာကူးသွားသောအခါ ဥပါဒါနက္ခန္ဓာ ဖြစ်သည်ဟုယူဆပါသည်။မှားတာလေးကိုဝေဖန်ဆွေးနွေးကြပါ။ကျေးဇူးတင်ပါသည်။
***************************************************************************************
မင်္ဂလာပါ….
ဆွေးနွေးဖို့ ကောင်းတဲ့ Points တွေပါပဲဗျာ။
ဥပါဒါန် ၄ မျိုးကို အနှစ်ချုပ်တော့ တဏှာစွဲ တစ်မျိုး ဒိဋ္ဌိစွဲ ၃ မျိုး ဖြစ်လာပါတယ်။ ဘာနဲ့ စွဲစွဲ ဥပါဒါနက္ခန္ဓာပါပဲ။ တဏှာ ဆိုတာ ခံစားမှုနဲ့ဆိုင်လို့ သိသာပေမဲ့ ဒိဋ္ဌိဆိုတာ ယုံကြည်လက်ခံထားတဲ့ အမြင်ပါ။ အမြင်မမှန်သေးတာက ခံစားမှု သဘောနဲ့ တိုက်ရိုက် မဆိုင်ပါ။ ဥပမာ ကမ္ဘာကြီးပြားတယ်လို့ မြင်တာ အမြင်မှား။ သုခဝေဒနာတို့ ဒုက္ခဝေဒနာတို့ဘာတွေဖြစ်နေနေ၊ သူကို တစ်ရေးနိုးထမေး၊ လုံးသလား ပြားသလား ပြားတယ်လို့ဖြေမှာပဲ။ ဘယ်အချိန်မှာ လုံးကြောင်းသိသလဲ။ ဂြိုလ်တုကနေရိုက်ထားတဲ့ ပုံတွေ့တော့ လုံးတယ်ဖြစ်သွားရော။ ဒီသဘောပါပဲ။ သက္ကာယတွေက ခိုင်တယ် မြဲတယ် သူပဲ ငါပဲ အဲလို မြင်နေတာက ကောင်းတယ် ဆိုးတယ် ခံစားမှု ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ အချိန်တိုင်းမှာ ရှိနေပါတယ်။ အဲတာသည် ၀ိပဿနာ ဉာဏ်တွေရမှ ပျောက်ပါတယ်။ အကြွင်းမဲ့ကတော့ မဂ်ကျမှ ပယ်ပါတယ်။ ထို့ကြောင့် အကြွင်းမဲ့ မပယ်သတ်ရသေးသော ပုထုဇဉ်တွေအဖို့ ပဉ္စခန္ဓာတွေကို သိသာထင်ရှားတဲ့ တဏှာနဲ့ မရှုမြင်ဦးတော့ ဒိဋ္ဌိနဲ့ အမြင်မှားစွဲနေသေးတာဖြစ်လို့ ပုထုဇဉ်တွေမြင်သမျှ ပဉ္စခန္ဓာတွေသည် ဥပါဒါနက္ခန္ဓာများဖြစ်နေတယ်လို့ ယူရတာဖြစ်ပါတယ်။
ဝိပဿနာရှုဆဲ အခိုက်မှ ကိလေသာတွေ ငြိမ်ဝပ်သွားပါတယ်။ ပါးလွှာသွားတယ်။ ရုပ်နာမ်ကွဲလို့ ဒိဋ္ဌိကွာနေတယ်ဆိုတာက လက်ခံနိုင်စရာ ဖြစ်ပါတယ်။ ဒီနေရာမှာ သာမန်အချိန်တွေလို တဏှာမထင်ရှားလို့ မရှိဘူးလို့ ယူဆစရာ ရှိပါတယ်။ သို့သော် ၀ိပဿနာဉာဏ်ရရုံနဲ့ ဘာလို့ နိဗ္ဗာန် မတွေ့သေးသလဲ။ မေးစ၇ာရှိပါတယ်။ နိဗ္ဗာန်မြင်ဖို့ရာ သိမ်မွေ့ပြီး မထင်ရှားတဲ့ တဏှာတောင်မှ ရှိလို့ မရပါဘူး။ ကိလေသာမြူတောင် မကျန်အောင် လုံးဝကင်းစင်သွားမှ မျက်မှောက်ပြုနိုင်ကြောင်း မဟာစည် ဆရာတော်ကြီးရဲ့ ဓမ္မစကြာတရားတော်မှာ ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။
ဝိပဿနာအထပ်ထပ်ပွါးနေတာသည် အဲဒီ ကိလေသာမြူတွေ ကုန်အောင် အားနည်းသွားအောင် အားထုတ်နေတာပါ။ ၀ိပဿနာဉာဏ်ထဲမှာ အဆင့်မြင့် သင်္ခါရုပက္ခါဉာဏ်သည်ပင် ရုပ်တရားနာမ်တရားတို့ကို ဥပက္ခောဝေဒနာနဲ့ ရှုနေပါတယ်။ ဥပက္ခောဝေဒနာသည် ကောင်းဆိုး၂ တန် မခံစားလို့ သိသာထင်ရှားတဲ့ တဏှာ မရှိတော့ဘူးလို့ ပြောလို့ ရပေမဲ့ မသိသာမထင်ရှားတဲ့ တဏှာ ကျန်ပါသေးတယ်။ ဒါကို မြူနဲ့ နှိုင်းထားပါတယ်။ သင်္ခါရုပေက္ခါဉာဏ်က နိဗ္ဗာန်ဘက်မလှည့်သေးတာက အဲဒီ မသိသာ မထင်ရှားတဲ့ ပါးလွှာနေတဲ့ တဏှာကိလေသာတွေ ရှိနေသေးလို့ ခန္ဓာကို အာရုံမှာ မလွတ်နိုင်သေးလို့ နိဗ္ဗာန်ဘက်မလှည့်သေးတာ ဖြစ်ပါတယ်။
ဥပမာ တိမ်ဖုံးနေတဲ့ လကို ကြည့်နေသူလိုပါပဲ။ သာမန်အချိန်မှာ တိမ်တွေထူပြီိး ကောင်းကင်တစ်ခုလုံးပြည့်နေလို့ လရှိမှန်းတောင် မသိပါဘူး။ ၀ိပဿနာရှုဆဲမှာ အဲဒီတိမ်တွေပါးသွားတာ။ သို့သော် လကို ပြတ်ပြတ်သားသား မမြင်ရသေး။ ရှုနေရင်းနဲ့ ဖြတ်ကနဲ တိမ်အလွန်ပါးသွားတဲ့အခါ လကို ရေးရေးလေး တွေ့လိုက်ရတယ်။သို့သော် သေချာ မမြင်လိုက်ခင်မှာ နောက်တိမ်တစ်လုံးဖုံးသွားပြန်ရော။ လရှိတာသိလိုက်ပေမဲ့ တိမ်တွေက ရှေ့က ရှုပ်နေတော့ ဖြတ်ကနဲပဲတွေ့ရတယ်။ အဲလိုနေရင်းကနေ တိမ်လုံးဝကင်းစင်သွားရော လကို ရှင်းလင်းပြတ်သားစွာ စိတ်တိုင်းကျ ကြည့်ခွင့်ရ သွားပါတယ်။ အဲဒီချိန်က နိဗ္ဗာန်ကို မဂ်နဲ့ မျက်မှောက်ပြုလိုက်သလိုပါပဲ။ ဒါသည် ခဏပါပဲ။ တိမ်တွေပြန်ဖုံးသွားတယ်။ သို့သော် ကမ္ဘာကြီးပြားတဲ့လူကို ကမ္ဘာလုံးတဲ့ ဓါတ်ပုံတစ်ခါ ပေးပြပြီး ပြန်သိမ်းသွားရင် ဓါတ်ပုံ မရှိတော့လို့ ပြားတယ် ပြန်ုဖြစ်ပါဦးမလား။ မဖြစ်တော့ပါ။ ပြီးတော့ ကမ္ဘာကြီးက လုံးယုံတင်မဟုတ်ဘူး လည်သေးတယ်ဆိုတာ နေ့ ဖြစ်လိုက် ညဖြစ်လိုက်တွေနဲ့ ဆက်စပ်စဉ်းစား။ သူအမြင်တွေ ရှင်းမသွားဘုးလား။ အဲဒါ အမြင်မှန်တယ်ဖြစ်သွားပြီ။ ထင်ရှားအောင် ဥပမာပေးတာပါ။ နိဗ္ဗာန်က ‘လ’ လိုပဲ သူဘာသာ သီးခြားရှိနေပြီးသား၊ ကိုယ်တွေ မမြင်တာလို့ ကျွှန်တော်ပြောတယ်ဆိုပြီး မမှတ်လိုက်ပါနဲ့။ အရိယာတွေသာ ကိုယ်စီ နိဗ္ဗာန်ရှိကြပါတယ်။ ပုထုဇဉ်တွေအဖို့ အရိယာတွေရပြီးတဲ့ နိဗ္ဗာန်ကို မမြင်နိုင် မခံစားနိုင်သေးပါ။ ကိုယ်တိုင် မျက်မှောက်ပြုချိန်ကစပြီး နိဗ္ဗာန်ရဲ့ သန္တိသုခကို သဘောပေါက်မှာ ဖြစ်ပါတယ်။
ပုထုဇဉ်မှာ ဒိဋ္ဌိအနုသယ အမြဲရှိပါတယ်။ မဂ်နဲ့ မဖြတ်သေးသရွှေ့ ရှိနေပါတယ်။ စားစိတ်(အရသာပေါ်အာရုံမရောက်) ဆိုတာတွေက သုခဝေဒနာ မဟုတ် ဒုက္ခဝေဒနာ မဟုတ်တဲ့ ဥပက္ခောဝေဒနာ ဖြစ်နေတယ်။ တဏှာဒိဋ္ဌိ အကြမ်းစားတွေ မယှဉ်ပေမဲ့ မရှိဘူးလို့ ပြောလို့ မရပါဘူး။ သောတာပန်အရိယာပင်လျှင် ဒိဋ္ဌိအနုသယပြုတ်လို့ ဒိဋ္ဌိ မယှဉ်ဘူးလို့ အပြတ်ပြောလို့ရပေမဲ့ အ၀ိဇ္ဖာတဏှာပြတ်ပြီးဖြစ်တဲ့ ရဟန္တာမဖြစ်သေးတော့ကာ မြင်သမျှ ကြားသမျှကို ဥပါဒါနက္ခန္ဓာဖြစ်နေသေးတယ်။ ဒါကြောင့် မိုးကုတ်ဆရာတော်ကြီးက ဘုရား ရဟန္တာများအတွက်သာ ပဉ္စခန္ဓာလို့ သုံးသွားပါတယ်လို့ မြင်ပါတယ်။
အနှစ်ချုပ်လိုက်ရင် ပဉ္စခန္ဓာ၊ ဥပါဒါနက္ခန္ဓာလို့ သုံးတဲ့နေရာမှာ အနုဿယပါပယ်ပြီး မပြီးပေါ်မှာကြည့်ပြီးခွဲတာ ပိုပြီး နေရာကျပါလိမ့်မယ်လို့ ကျွှန်တော်ကတော့ ကောက်ချက်ချပါတယ်။
ပဋိစ္စသမုပ္ပါဒ်မှာ ပါတဲ့ ဝေဒနာကနေ ကူးတဲ့ ဥပါဒါန်သည် တဏှာ အပြင်းစား၊ ကံမြောက်စေတဲ့ ဥပါဒါန်လို့ နားလည်ပါတယ်။
သောတာပန်အရိယာသည် ၀ိပဿနာ မရှုပဲနေခိုက် ဝေဒနာပေါ်ရင် တဏှာအနုဿယရှိသေးလို့ တဏှာကူးနိုင်ပါသေးတယ်။ သို့သော် ဥပါဒါန် မဖြစ်လာလို့ ကမ္မဘ၀ မကူးပါ။ သောတာပန်သည် ကာမဂုဏ်မှာ မွေ့လျော်သေးတယ်ဆိုတဲ့ စကားက ပေါ်သမျှ အာရုံပေါ်မှာ ကောင်းဆိုးခွဲပြီး သာယာတတ်သေးတဲ့ တဏှာ ဖြစ်နေသေးလို့ပါ။ ထူးခြားတာက အဲဒီတဏှာကနေ အကုသိုလ်မြောက်စေတဲ့ အပြင်းစားတဏှာ (ဥပါဒါန်) မရောက်အောင် ဖြတ်နိုင်တာ သူရဲ့ သတ္တိထူးပါ။ ပုထုဇဉ်နဲ့ အဓိက ကွာခြားချက်ပါပဲ။ မြင်လိုက်ကြားလိုက်တာနဲ့ ကိလေသာ အနုဿယရှိသူအဖို့ အငြှောင့်ပေါက်ပါတယ်။ အဲဒီ အငြှောင့်ကို မသတ်နိုင်ရင် တနည်းအားဖြင့် မွေးထားရင် အပင်ပေါက်ပါတယ်။ နောက်ဆုံး အသီးသီးပါတယ်။ အဲဒီမှာ ကမ္မဘ၀ကို ကူးပါတယ်။
ကျွှန်တော် အဲဒီလို နားလည်ပါတယ်ဗျာ။
ချမ်းသာစစ်နဲ့ ပြည့်စုံပါစေ။
၁၂-၉-၀၉

0 comments:
Post a Comment