* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 15, 2009

နှုတ်ချိုလျှင် ပွင့်လန်း - လျှာကြမ်းလျှင် လူမုန်း

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရက ပါးစပ်သည် မုခမင်္ဂလာ ဖြစ်ရာ မိသားစုချင်းဖြစ်စေ၊ မိတ်ဆွေသင်္ဂဟာချင်း ဖြစ်စေ ချိုချိုသာသာ ချေချေငံငံဖြင့် ကောင်းမွန်စွာ ဆက်ဆံပြောဆိုကြရန်-တရားပွဲများတွင် ထည့်သွင်းဟောကြားလေ့ရှိပါသည်။ နှုတ်ချို သျှိတပါး-ဖြစ်ကြောင်းလည်း ဆရာတော်ဘုရားကြီးက ညွှန်ပြတော်မူခဲ့ပါသည်။

နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ-ဟူသော စကားကို စိစစ်ကြည့်လျှင် ၀စီကံမှုက ကာယကံမှုထက်ပင် ပို၍ ဆိုးကျိုးပေးတတ်ကြောင်း ဖော်ပြရာရောက်၏။ နှုတ်ချိုလျှင် လူချစ်ခင် ပွင့်လန်းပြီး နှုတ်လျှာကြမ်းလျှင် လူမုန်းများသော အဖြစ်သာဓကများ ကြုံဖူး ကြားဖူးကြပေလိမ့်မည်။

ဘုရားရှင်လက်ထက်တော်အခါက နှုတ်လျှာကြမ်းသော အမျိုးသမီးတဦးရှိခဲ့ရာ သူ့အား ဗုဒ္ဓကိုယ်တော်တိုင် ချေချွတ်ဆုံးမပြီး လမ်းမှန်ပေါ်ရောက်အောင် ကယ်တင်ပေးခဲ့ရသည်။ သူ့အမည်က သုဇာတာ-

စင်စစ် ထိုအမျိုးသမီးမှာ ထိတ်ထိတ်ကြဲ ဆွေကြီး မျိုးကြီးထဲက ဖြစ်သည်။ ဆွေဂုဏ် မျိုးဂုဏ် အဘယ်မျှကြီးသနည်းဟူမူ အနာထပိဏ်သူဌေးကြီးက သူ၏ယောက္ခမ၊ ၀ိသာခါကျောင်းအမကြီးက သူ၏အမအရင်းတည်း။ သို့ရာတွင် သူငယ်မ သုဇာတာသည် ယောက္ခမ မိဘနှင့်တကွ အိမ်သူအိမ်သား လင်ယောက်ျားတို့ကို လားလားမျှ ကြောက်ရွံ့ခြင်း လေးစားခြင်း ရိုသေခံ့ညားခြင်း မရှိချေ။ နေ့ရှိသရွေ့ သူကချည်း အနိုင်ယူကာ ငေါက်လား ငန်းလား လုပ်၏။ မကြားဝံ့ မနာသာ ဆဲဆိုတိုင်းထွာ၏။

တနေ့သော် အနာထပိဏ်သူဌေးကြီးအိမ်သို့ ဘုရားရှင်ကြွတော်မူလာရာ သုဇာတာ၏ ရိုင်းစိုင်းသောအမူအရာများ ပြုလုပ်နေချိန်နှင့် ပက်ပင်းကြီးတိုးမိလျက်သား ဖြစ်သွားလေသည်။ ထို့ကြောင့် ဘုရားရှင်က အသင်သူဌေးကြီး-ဘယ်အကြောင်းကြောင့် သင်တို့အိမ်မှာ မကြားဝံ့ မနာသာ ပူပူဆာဆာ ဆူညံနေပါသနည်း-ဟုမေး၏။
အနာထပိဏ်သူဌေးကြီးက အရှင်ဘုရား-တပည့်တော်၏ ချွေးမဖြစ်သူ သုဇာတာ စိတ်ကြီးဝင်လွန်း၊ မာနကြီးလွန်း၊ ဘ၀င်မြင့်လွန်းလို့ တပည့်တော်နှင့်တကွ သားခင်ပွန်းလင် တအိမ်လုံးကို (ကျွမ်းပြန်အောင်) ဆဲဆိုမြည်တမ်းပြီး နှုတ်သရမ်းနေသောကြောင့် ဆူညံနေခြင်း ဖြစ်ပါသည်ဘုရား-ဟူ၍ ဖြေကြားလျှောက်တင်လေသည်။

ထိုအခါ ဘုရားရှင်က သုဇာတာကို အနီးသို့ ခေါ်တော်မူပြီး မယားအပြား ၇-ပါးရှိရာတွင် သင်သည် ဘယ်မယားအတန်းစားတွင် ပါဝင်ပါသနည်း-ဟုမေးမြန်းရာ သုဇာတာ-က အရှင်ဘုရား တပည့်တော်မ အကျဉ်းအားဖြင့် မသိနိုင်ပါ၍ အကျယ် ဟောကြားတော်မူပါရန် တောင်းပန်လျှောက်ထားလေ၏။ ထိုအခါ ဘုရားရှင်က အကျယ်ချဲ့ ဟောကြားပြသဆိုဆုံးမတော်မူသည်။

ထိုအခါ သုဇာတာ-က မိမိအား ယနေ့မှစ၍ ကျွန်မနှင့်တူသော မယားမျိုး ဖြစ်ပြီဟု မှတ်ယူတော်မူပါဘုရား-ဟူ၍ ၀န်ခံလျှောက်ထားကာ သူ့ဘ၀ကို ပြောင်းပြန်လှန်ပစ်လိုက်လေတော့သည်။
သုဇာတာ-က ကံကောင်းလှပေစွ။ အကယ်၍သာ မြတ်စွာဘုရားနှင့် မတွေ့ဆုံခဲ့ရသော် နှုတ်လျှာကြမ်းသည့်သူ့ဘ၀ ဇာတ်သိမ်းလှနိုင်စရာ အကြောင်း မရှိပေ။

မျက်မှောက်ခေတ်ကာလတွင် ဇာတ်သိမ်းမလှဖြစ်သွားရှာသော မိသားစုတစု၏ ရင်နာစရာအဖြစ်ကို သံဝေဂရစေလိုသော စေတနာဖြင့် ဆက်လက်တင်ပြပါအံ့။ ဖြစ်ရပ်မှန် ပေါက်ဖွားရာဒေသမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့ ကိုယ်တွေ့ကြုံသူမှာ ဆရာဝန်ကြီး ကမ္ဗောဇ ခင်လှိုင်။ ကျောက်မဲမြို့သား ဆရာဝန်ကြီး၊ စာရေးဆရာကြီး ကမ္ဗောဇ ခင်လှိုင်ဆိုလျှင် မသိသူမရှိသလောက်ပင်။ ဆရာက သူ့ကိုယ်တွေ့ ဇာတ်လမ်းကို ဤသို့ မှတ်တမ်းတင်ထားပါသည်။

ရေများ ရေနိုင် - မီးများ မီးနိုင်

စာရေးသူသည် ၀ိပဿနာတရား ရှုမှတ်မှုနှင့် သွေးတိုးရောဂါ ဆက်သွယ် နီးနွယ်မှုရှိကြောင်းကို လေ့လာဖူးပါသည်။ စိတ်တည်ငြိမ်စွာ တရားရှုမှတ်နေသော ယောဂီသည် စိတ်တည်ငြိမ်မှုရှိနေသဖြင့် သွေးတိုးရောဂါ ကျလာနိုင်ပါသည်။ သို့သော်လည်း တရားရှုမှတ်မှုမရှိတော့ဘဲ သမာဓိကျဲသွားပါက ရာဂ ဒေါသ စသည့် ကိလေသာများ ၀င်ရောက်လာနိုင်သဖြင့် သွေးပေါင်ချိန်သည် ရှုမှတ်နေစဉ်ကကဲ့သို့ ကျမသွားနိုင်ကြောင်းကို မိမိ လေ့လာမှုများအရ ဆောင်းပါးအဖြစ် အာရောဂျံမဂ္ဂဇင်း၊ မြစ်မခ ဓမ္မစာသ၀ဏ်မဂ္ဂဇင်း များတွင် တင်ပြခဲ့ပါသည်။

ဤတွင် သွေးတိုးရောဂါရှိသော မိမိ၏မိတ်ဆွေတဦးသည် စီးပွားရေး လူမှုရေး စိတ်သောကများ ဖိစီးမှုဒဏ်ကြောင့် သွေးပေါင်ချိန်တက်နေသဖြင့် တနေ့တနာရီ မိမိအိမ်တွင် တရားထိုင်ရာ သွေးပေါင်ချိန်မကျကြောင်း တင်ပြလာပါသည်။

စာရေးသူသည် ရေများ ရေနိုင် - မီးများ မီးနိုင်-ဆိုသောစကားကို သတိရမိသည်။ ကိလေသာမီးသည် အရှိန်အားကောင်းစွာဖြင့် လောင်မြိုက်လေလေ ဓမ္မရေစင်တည်းဟူသော ၀ိပဿနာတရားတော်ကို အရှိန်မြှင့်ပြီး အချိန်များများ ရှုမှတ်လေလေ ပြုရမည်ဖြစ်သည်။

ဖြစ်နိုင်လျှင် ကိလေသာအပူမီး စတင်ပေါ်ပေါက်သော နေရာမှ ဖယ်ခွါ၍ ဥတုသပ္ပါယ၊ အာဝါသသပ္ပါယ၊ ဘောဇနသပ္ပါယ၊ ပုဂ္ဂလသပ္ပါယ စသော သပ္ပါယလေးပါး မျှတပြီး တိတ်ဆိတ်ငြိမ်သက်သော တရားရိပ်သာများသို့ သွားရောက်ကာ တတ်ကျွမ်းသော ကမ္မဋ္ဌာန်းနည်းပြဆရာတော်များဖြင့် ပြင်းထန်စွာ တရားရှုမှတ်ရပေမည်။

မြတ်မင်္ဂလာစာစောင် (၁၉၉၈-ဇူလိုင်လထုတ်) တွင် မိမိနှင့် သပ္ပါယဖြစ်သော ရိပ်သာကို ရွေးချယ်ရန် လမ်းညွှန်ချက်ကိုလည်း ပြန်လည်တင်ပြအပ်ပါသည်။
( မနီးမဝေး၊ သွားရေးမခက်၊ ဆိတ်ငြိမ်သက်လျက်၊ မှက်ခြင်ပါးနည်း၊ ပစ္စည်းမပန်း၊ ကျမ်းတတ်လည်းရှိ၊ ငါးစုံပြည့်၍၊ မြတ်သည့်နေရာ၊ ကျောင်းတိုက်သာသည်၊ မြန်စွာ မဂ်ဖိုလ်ရကြောင်းတည်း။)

တရားတော်သည် သန္ဒိဋ္ဌိကော အကာလိကော ဂုဏ်တော်များအရ အခါမလင့် အချိန်မရွေး လက်တွေ့အကျိုးပေးပါလိမ့်မည်။ လိုအပ်သည်မှာ တရားတော်ကို မိမိပါရမီဓာတ်ခံအလျောက် ရိုးရိုးသားသား ကြိုးစားခံယူ ကျင့်သုံးရန်ပင်ဖြစ်ပါသည်။

သွေးတက်စေတတ်သော အစာများကို ရှောင်ခြင်း၊ သွေးတိုးနှင့် အခြားရောဂါများ တွဲဖက်ရှိနေပါက (ဥပမာ-သွေးတိုးနှင့် နှလုံးရောဂါ) သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ဆေးများသောက်ခြင်းတို့ကိုလည်း ပြုလုပ်ရန် လိုပေသည်။

ထိုကဲ့သို့ ပြင်းထန်စွာ ၀ိပဿနာတရား ရှုမှတ်ပါက (Intensive Meditation) ကိုယ်စိတ်တည်ငြိမ်ကြည်လင်လာကာ သွေးပေါင်ချိန်လည်း ကျလာပါလိမ့်မည်။ ဘယ်နှစ်ရက် ဘယ်နှစ်လ တရားရှုမှတ်ရမည် ဆိုသည်ကိုတော့ ကိလေသာမီး လောင်မြိုက်မှု အရှိန်ပြင်းထန်မှုအပေါ်တွင် မူတည်ပါသည်။

မှတ်ချက်။ တရားအားထုတ်မှုသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရှိရေးအတွက် ဖြစ်ပါသည်။
ကျန်းမာရေး ကောင်းမွန်မှုမှာ ဆင့်ပွား ကောင်းကျိုးသာ ဖြစ်ကြောင်းကို သတိချပ်ရပါမည်။

( ဆရာဝန် သိန်းလွင်-ပြည် )

ကုသိုလ် တပဲ - ငရဲ တပိဿာ

ဤစကားပုံသည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ကုသိုလ်ကောင်းမှု ပြုကြသည့်အခါ ဉာဏ်နှင့်ဆင်ဆင်ခြင်ခြင် ပြုနိုင်ရန် အထူးသတိပေးထားသည့် စကားပုံဖြစ်ပါသည်။ ရှေးဘာသာရေး ပညာရှင်ကြီးများက ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ကောင်းမှုပြုသည့်အခါ ကုသိုလ်ကို အနည်းငယ်လောက်သာ ရကြပြီး အကုသိုလ်တွေသာ တပုံတခေါင်းကြီး ဖြစ်လေ့ရှိသည့် သဘောကို တွေ့ရှိခဲ့ကြသည့်အတွက် ဤကဲ့သို့ မဖြစ်ကြရန် ဤစကားပုံဖြင့် ထုတ်ဖော်လမ်းညွှန်ခဲ့ကြခြင်း ဖြစ်သည်။

အထူးသဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ကုသိုလ်ကောင်းမှု ပြုကြသည့်အခါ ကုသိုလ်ပြုချိန်၏ ရှေ့ပိုင်း နောက်ပိုင်းတို့မှာ မကောင်းမှုအကုသိုလ်အပြစ်များ မခြံရံဘဲ ဉာဏ်ဦးဆောင်သည့် အထက်တန်းစား ကုသိုလ်များ ဖြစ်အောင် ဉာဏ်၊ သတိ တို့ဖြင့် ဆင်ခြင်သတိထားပြီး ပြုတတ်ကြရန် ဆုံးမထားခဲ့သည့် ဘာသာရေးစကားပုံတခု ဖြစ်သည်။

စကားပုံ၏ တိုက်ရိုက်အဓိပ္ပါယ် အကျဉ်းချုပ်မှာ- ကောင်းမှု ပြုလုပ်ကြသည့်အခါ၌ ကုသိုလ်မှာ တပဲသားမျှလောက်သာ ရလေ့ရှိကြပြီး ငရဲကသာ သို့မဟုတ်-အကုသိုလ်ကသာ အလေးချိန် တပိဿာလောက် ဖြစ်ပွားတတ်ကြသည်-ဟု ဆိုလိုပါသည်။ စကားပုံသည် ချိန်တွယ်၍ မရနိုင်သည့် ကုသိုလ်တရားနှင့် ငရဲကို ရောက်စေတတ်သည့် အကုသိုလ်တရားတို့ကို ချိန်တွယ်ရနိုင်သည့် ပစ္စည်းများကဲ့သို့ တပဲ၊ တပိဿာ စသည်ဖြင့် သုံးစွဲထားသောကြောင့် သမာဓိဂုဏ်မြောက်သည့် စကားပုံ ဖြစ်ပါသည်။

( ကုသိုလ်တပဲ )
ကုသိုလ်တပဲဟူသော ပုဒ်စု၌ ကုသိုလ်ဟူသော ဝေါဟာရသည် ကုသလ-ဆိုသည့်ပါဠိပုဒ်မှ ဖြစ်လာသော မြန်မာဝေါဟာရ ဖြစ်သည်။ ကောင်းသော (၀ါ) ကောင်းမှုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် မြန်မာစာပေနယ်၌ ကုသိုလ်ကောင်းမှု-ဟု ကုသိုလ်နှင့် ကောင်းမှုကို အနက်အဓိပ္ပါယ် ဖော်သည့်သဘောဖြင့် တွဲဖက်သုံးနှုန်းထားခြင်း ဖြစ်ပါသည်။

ကုသိုလ်၏ အဓိပ္ပါယ်ဖြစ်သည့် ကောင်းမှုဆိုသည့်စကား၌ မည်သည့်အမှုမျိုးကို ကောင်းမှု-ဟု ခေါ်မည်နည်း။ ကိုယ့်သဘောအတိုင်း ကိုယ်ထင်သလို ဆုံးဖြတ်၍ မရချေ။ ကုသိုလ်၌ ကောင်းသည်-ဟု ဆိုရသည့် အမှတ်အသား လက္ခဏာ နှစ်မျိုးရှိသည်။ ယင်း-အမှတ်အသားများမှာ အပြစ်မရှိခြင်းနှင့် ကောင်းကျိုးတရားတို့ကို ဖြစ်ပွားပေါ်ပေါက်လာစေခြင်းဆိုသည့် (အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ) အမှတ်အသားတို့ ဖြစ်ပါသည်။

ထိုထို အမှုလုပ်ငန်းများတွင် ဤလက္ခဏာနှစ်မျိုးတို့ကို တွေ့ရသည့် အမှုလုပ်ငန်းသည်သာ ကုသိုလ်ကောင်းမှုဖြစ်သည်-ဟု ဆိုရပါမည်။ ဥပမာ-သူတပါးတို့အား ပေးကမ်းလှူဒါန်းခြင်း ဒါနမှုမျိုး ကဲ့သို့ ဖြစ်သည်။ ဒါနမှုသည် လောက-သံသရာ နှစ်ဖြာလုံး၌ အပြစ်မရှိသည့်အပြင် အများချစ်ခင်ခြင်း၊ ကောင်းသတင်းကျော်စောခြင်း၊ နတ်ရွာသုဂတိသို့ရောက်ခြင်း စသည့် လောကီကျိုး လောကုတ္တရာကျိုးများရှိသော အမှုဖြစ်၍ ကောင်းမှုဟု ခေါ်ရသည်။

( ကုသိုလ်ကို ထောင့်စုံမှ ရှုမြင်ပုံ )
တစုံတယောက်သော ပုဂ္ဂိုလ်သန္တာန်၌ ထိုကုသိုလ်ကောင်းမှုတရား ဖြစ်ပွားနေသည့်အခါ ဆန့်ကျင်ဘက် မကောင်းမှု အကုသိုလ်တရားများ ပျောက်ကွယ်နေသောကြောင့် ကုသိုလ်ကောင်းမှုသည် မကောင်းမှု အကုသိုလ်တရားတို့ကို ပယ်ရှားဖျက်ဆီးခြင်းကိစ္စ (အကုသလ၀ိဒ္ဓံသနရသ) ကို ရွက်ဆောင်တတ်သည့် သဘောရှိသည်ဟု ဆိုရသည်။ ကုသိုလ်စိတ်ဖြစ်လာသည့်အခါ လိုချင်တပ်မက်ခြင်း လောဘ၊ မုန်းတီးခြင်း၊ ရန်ငြိုးထားခြင်း၊ ပြစ်မှားခြင်း ဒေါသ၊ တွေဝေခြင်း မသိမြင်ခြင်း မောဟ-စသည့် ကိလေသာအညစ်အကြေးများ ကင်းစင်နေသဖြင့် ယင်းစိတ်ကို ဉာဏ်ဖြင့် ဆင်ခြင်ကြည့်လိုက်သည့်အခါ ညစ်ကြေးမတင်၊ ဖြူစင်သန့်ရှင်းသောစိတ်ဟု ဉာဏ်တွင် ထင်မြင်လာ၏။( ဝေါဒါနပစ္စုပဋ္ဌာန )။

အာရုံတခုခုနှင့် တွေ့ကြုံသည့်အခါ ဒေါသဖြစ်စရာ အနိဋ္ဌာရုံပင် ဖြစ်စေကာမူ အသင့်အလျော် နှလုံးသွင်းတော်ခဲ့လျှင် ၀ါ-နှလုံးသွင်း လိမ္မာခဲ့လျှင် ကုသိုလ်စိတ် ဖြစ်ပေါ်လာနိုင်ပါသည်။ ကုသိုလ်ဖြစ်ပေါ်လာရာ၌ အနီးကပ်ဆုံး အကြောင်းတရား(ပဋ္ဌာန်)မှာ အသင့်အလျော် နှလုံးသွင်း တော်မှု (ယောနိသောမနသိကာရ)ပင် ဖြစ်သည်။ ဥပမာ-ထမင်းပျော့ပျော့ မစားတတ်သူများအဖို့ တခါတရံ ထမင်းပျော့ပျော့ စားရသည့်အခါ ငါကလဲ ထမင်းပျော့ပျော့ စားတတ်တဲ့အကောင်မဟုတ်ဘူး ထမင်းကလဲ ပျော့လိုက်တာ ခွေးအန်ဖန်ကျနေတာပဲ-ဟု မသင့်မလျော်နှလုံးသွင်းချော် (အယောနိသောမနသိကာရ) ဖြစ်ခဲ့လျှင် ဒေါသဦးစီးတဲ့ အကုသိုလ်စိတ်များသာ ဆက်တိုက်ဖြစ်ပေါ်လာမည်။ ထိုသို့မဟုတ်ဘဲ အို-တခါတလေ အဆင်မသင့်လို့ ပျော့သွားတာပဲ၊ ကိစ္စမရှိပါဘူး၊ ပျော့သွားတော့လဲ အ၀ါးရသက်သာတာပေါ့ အစာလဲ ကြေလွယ်တာပေါ့-ဟု နှလုံးသွင်း လိမ္မာခဲ့လျှင်သော်လည်းကောင်း ဒီလိုအနိဋ္ဌာရုံနှင့် တွေ့ကြုံရတာ အတိတ်ကံကြောင့်ပဲ-ဟု အမှန်အတိုင်း နှလုံးသွင်းနိုင်ခဲ့လျှင်သော်လည်းကောင်း ကုသိုလ်စိတ်သာ ဖြစ်ပေါ်လာနိုင်ပါသည်။

မည်သည့်အရာမျိုးကို ကုသိုလ်ခေါ်သည်-ဟူသောသဘောကို ပို၍သိသာထင်ရှားသွားရန်အတွက် ဤကဲ့သို့ ကုသိုလ်သဘော လက္ခဏာ အမှတ်အသားဖြင့်၎င်း၊ ရွက်ဆောင်သည့် ကိစ္စအားဖြင့်၎င်း၊ အသိဉာဏ်တွင် ထင်မြင်လာသည့် အခြင်းအရာအားဖြင့်၎င်း လေးဘက်လေးတန်မှ ထောင့်စုံ ရှုမြင်သုံးသပ်ဝေဖန်တင်ပြခြင်း ဖြစ်ပါသည်။

( ကုသိုလ်အမျိုးမျိုး )
ထိုကုသိုလ်သည် လောကုတ္တရာကုသိုလ်၊ မဟဂ္ဂုတ်ကုသိုလ်၊ ကာမကုသိုလ်ဟု သုံးမျိုးသုံးစား ရှိသည်။ ထိုတွင် လောကုတ္တရာကုသိုလ်မှာ သောတာပတ္တိမဂ်စိတ် စသော မဂ်စိတ်လေးပါးဖြစ်သည်။ ပုဂ္ဂိုလ်တဦးဦး သန္တာန်၌ မဂ်စိတ်တပါးပါး ဖြစ်ပေါ်လာလျှင် သက်ဆိုင်ရာ လောကသုံးပါးမှ လွန်မြောက်တတ်သောကြောင့် ထိုမဂ်ကုသိုလ်များကို လောကုတ္တရာကုသိုလ်-ဟု ခေါ်သည်။ (လောက-လောကသုံးပါးမှ၊ ဥတ္တရ-လွန်မြောက်သောစိတ်)။ ဥပမာ-မဂ်လေးပါးတွင် အောက်ဆုံးဖြစ်သည့် သောတာပတ္တိမဂ်စိတ် ဖြစ်ပေါ်လာလျှင် ထိုသူသည် ပုထုဇဉ်သတ္တ၀ါအပေါင်းဟူသော သတ္တလောကမှ လွန်မြောက်၍ သောတာပန်ပုဂ္ဂိုလ်အဖြစ်သို့ ရောက်၏။
မည်သည့်အခါမှ အပါယ်လေးပါးသို့ ကျရောက်ခြင်း မရှိတော့သဖြင့် အပါယ်လေးဘုံဟူသော သြကာသလောကတစိတ်မှ လွန်မြောက်၏။
ဒိဋ္ဌိ ၀ိစိကိစ္ဆာ စသော အကုသိုလ်တရား မဖြစ်တော့သဖြင့် သင်္ခါရလောက တစိတ်မှ လွန်မြောက်၏။ ဤသို့ မဂ်စိတ်များသည် လောကသုံးပါးမှ အသီးသီး လွန်မြောက်သည့်ကုသိုလ်များ ဖြစ်သောကြောင့် လောကုတ္တရာကုသိုလ်ဟု ခေါ်သည်။

ရူပဈာန် အရူပဈာန် ကုသိုလ်များကို မဟဂ္ဂုတ်ကုသိုလ်ဟုခေါ်သည်။ ထိုဈာန်ကုသိုလ်များသည် နှစ်ပေါင်း ကမ္ဘာနှင့်ချီ၍ ကိလေသာတို့ကို ပယ်ခွါထားနိုင်စွမ်းလည်းရှိ၏။ ဗြဟ္မာဘုံများသို့ ရောက်နိုင်၍ ကြီးကျယ်သော အကျိုးပေးမှုလည်း ရှိ၏။ ဈာန်သမာပတ်ဝင်စားသည့်အခါ ရှည်လျားသော စိတ်အစဉ်လည်းရှိ၏။ ထို့ကြောင့်-မဟဂ္ဂုတ်ကုသိုလ်ဟု ခေါ်သည်။ ကြီးမြတ်ခြင်းသို့ ရောက်သောတရားဟု အဓိပ္ပါယ်ရသည်။ ရူပကုသိုလ်ဈာန် ၅-ပါး၊ အရူပကုသိုလ်ဈာန် ၄-ပါး ရှိသည်။ ပထ၀ီကသိုဏ်း စသော အာရုံတို့ကို စူးစူးစိုက်စိုက် ရှုတတ်သောကြောင့်၎င်း၊ ကာမစ္ဆန္ဒနီဝရဏ စသော တရားတို့ကို လောင်မြိုက်တတ်သောကြောင့်၎င်း ဈာန်ဟုခေါ်သည်။

ကာမကုသိုလ်ကား ရှစ်မျိုးရှိ၍ အရာကျယ်၏။ မဟဂ္ဂုတ်ကုသိုလ်၊ မဂ်ကုသိုလ်တို့မှာ မနောကံမျှသာ ဖြစ်၍ ကာမကုသိုလ်မှာ ကာယကံကုသိုလ်၊ ၀စီကံကုသိုလ်၊ မနောကံကုသိုလ် ဟု သုံးမျိုးရှိသည်။ သူ့အသက်သတ်ခြင်း စသော အကုသိုလ်ကာယကံ သုံးပါးမှ ရှောင်ကြဉ်သော ကာယကံကုသိုလ်သုံးပါး၊ အကုသိုလ်ဝစီကံ လေးပါးမှ ရှောင်ကြဉ်သော ၀စီကံကုသိုလ် လေးပါး၊ အကုသိုလ် မနောကံသုံးပါးမှ ရှောင်ကြဉ်သော မနောကံကုသိုလ် သုံးပါး ပေါင်း ကုသိုလ်ကမ္မပထတရား ဆယ်ပါးရှိ၏။ သုစရိုက်တရား ဆယ်ပါးဟူ၍လည်းခေါ်၏။ တနည်းအားဖြင့်-ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဟု သုံးမျိုးရှိသည်။ ကုသိုလ်သုံးမျိုးကို အကျယ်ချဲ့၍ ပုညကိရိယာဝတ္ထု အမည်ဖြင့် ကုသိုလ်ဆယ်ပါး ရှိပေ၏။

ဤကာမကုသိုလ်သည် ရူပကုသိုလ်စသော အခြားကုသိုလ်များထက် အရေအတွက်လည်းများသည်။ ကုသိုလ်ဖြစ်ရာဌာနအားဖြင့်လည်း ကျယ်ဝန်းသည်။ လောက၌ သူသူငါငါ ပြုလုပ်နေကြသည့် အမျိုးမျိုးသော လှူဒါန်းမှု၊ ငါးပါး၊ ဆယ်ပါးသော သီလအမျိုးမျိုး ဆောက်တည်မှု၊ ဈာန်ရအောင် သမထဘာဝနာ ပွားများအားထုတ်မှု၊ မဂ်ဖိုလ်နိဗ္ဗာန်ရအောင် ၀ိပဿနာဘာဝနာ အားထုတ်မှုများသည် အားလုံး ကာမကုသိုလ်များပင် ဖြစ်သည်။ အယုတ်ဆုံး ဈာန်ရခါစ၌ ဈာန်ကိုပြင်ဆင်သောအရာ (ပစ္စဝေက္ခဏာဝီထိ)၊ ဈာန်သမာပတ် ၀င်စားခါနီးသော အရာတို့နှင့် မဂ် ဖိုလ်တရားတို့ကို ရစ၌ ရပြီးမဂ်ဖိုလ်ကို ပြန်ဆင်ခြင်သောအရာ (ပစ္စဝေက္ခဏာဝီထိ)၊ ဖလသမာပတ် ၀င်စားရာတို့၌ပင်သော်လည်း ကာမကုသိုလ် ဉာဏသမ္ပယုတ်စိတ်တို့ ပါရသည်ချည်းပင်ဖြစ်သည်။ ဤသို့ အရာကျယ်လှသဖြင့် မဟာ-ပုဒ်ဖြင့် အထူးပြုကာ ကာမကုသိုလ်ကို မဟာကုသိုလ်ဟု ခေါ်ခြင်းဖြစ်သည်။

ဤကုသိုလ်တပဲ ဟူသော စကားသည် ဆိုခဲ့ပြီးသော ကုသိုလ်သုံးမျိုးတွင် ကာမကုသိုလ်ကို ရည်ရွယ်၍ ဆိုသောစကား ဖြစ်သည်။ ကာမကုသိုလ်တွင်လည်း သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ထက် လှူဒါန်းမှု ဒါနကုသိုလ်ကို အထူးရည်ရွယ်ဟန် ရှိပေသည်။ အဓိပ္ပါယ်မှာ-ဒါနကုသိုလ်ပြုရာ၌ ဒါနပြုနည်း မမှန်လျှင်(၀ါ) ဗုဒ္ဓနည်းကျ မလှူဒါန်းတတ်လျှင် ကုသိုလ်မှာ အနည်းငယ်သာ ရတတ်သည်ဟု ပြောလိုရင်း ဖြစ်သည်။

( ငရဲတပိဿာ )
ငရဲတပိဿာ-ဟူသော ပုဒ်စု၌ ငရဲဟူသောဝေါဟာရသည် နိရယ-ဟူသော ပါဠိမှဖြစ်လာသော မြန်မာဝေါဟာရ ဖြစ်သည်။ အဓိပ္ပါယ်မှာ ချမ်းသာကင်းသောဘုံဌာန(၀ါ) အလွန်ဆင်းရဲသော ဘုံဌာနများဟု ဆိုလိုပေသည်။ (နိရ-မရှိ၊ အယ-ချမ်းသာ)။ ထိုဘုံဌာနများသို့ ကျရောက်လာသူများသည် ကောင်းမှုကုသိုလ်တို့ကို လုံးဝပြုခွင့်မရတော့ဘဲ ဆင်းရဲဒုက္ခမျိုးစုံတို့ကိုသာ နည်းပေါင်းစုံတို့ဖြင့် အမျိုးမျိုးခံစားနေကြရသည်။ ချမ်းသာခြင်း လုံးဝ ကင်းလျက်ရှိကြ၏။ ထို့ကြောင့် ဘုံဌာနများကို ပါဠိလို နိရယ-ဟုခေါ်သည်။ ထိုနိရယပုဒ်မှ ဝေါဟာရအဆင့်ဆင့် ပြောင်းလဲကာ နောက်ဆုံး ငရဲ-ဟု မြန်မာဝေါဟာရ ဖြစ်လာသည်။ (နိရယ-နိရယ်-နိရဲ-ငရဲ )။

ဤနေရာ၌ ငရဲ-ဟူသော အသုံးအနှုန်းမှာ ငရဲဘုံတို့ကို တိုက်ရိုက်ခေါ်ဝေါ် သုံးစွဲထားသည့် မုချဝေါဟာရမဟုတ်၊ ငရဲဘုံများသို့ ရောက်ကြောင်း မကောင်းမှု အကုသိုလ်ကိုတင်စားခေါ်ဝေါ်ထားသည့် ဥပစာဝေါဟာရ ဖြစ်သည်။ ငရဲဘုံသို့ ရောက်စေတတ်သည့် မကောင်းမှု အကုသိုလ်တရားဟု အဓိပ္ပါယ်ရသည်။

ဤငရဲဘုံသို့ ရောက်စေတတ်သည့် အကုသိုလ်တရားဆိုသည်မှာ ဖော်ပြခဲ့ပြီး ကုသိုလ်တရားနှင့် ဆန့်ကျင်ဘက်တရား ဖြစ်သည်။ အကုသိုလ်တရား၌ အပြစ်ရှိခြင်းနှင့် မကောင်းကျိုးတို့ကို ဖြစ်ပွားပေါ်ပေါက်စေခြင်း ဆိုသည့် အမှတ်အသားလက္ခဏာနှစ်ပါး ရှိသည်။ ထိုအကုသိုလ်မှာ မူလအခြေခံအားဖြင့် လိုချင်တပ်မက်ခြင်း လောဘ၊ ပြစ်မှားခြင်း အမျက်ထွက်ခြင်း ဒေါသ၊ တွေဝေခြင်း မသိခြင်း မောဟ-ဟု သုံးမျိုးရှိသည်။

စိတ်အမျိုးအစားအားဖြင့် အကုသိုလ်စိတ် ဆယ့်နှစ်ပါး ရှိသည်။ ကံအားဖြင့် သူ့အသက်သတ်ခြင်းစသော အကုသိုလ် ကာယကံသုံးပါး၊ လိမ်လည်လှည့်ဖြား ညာဝါးပြောဆိုခြင်း စသော အကုသိုလ် ၀စီကံလေးပါး၊ သူတပါးဥစ္စာကို မိမိဥစ္စာဖြစ်ဖို့ ကြံစည်ခြင်း-စသော အကုသိုလ် မနောကံ သုံးပါး အားဖြင့် ဆယ်ပါးရှိသည်။ ယင်းတို့ကို အကုသလကမ္မပထတရား ဆယ်ပါး ဟူ၍လည်းကောင်း၊ ဒုစရိုက် ဆယ်ပါးဟူ၍လည်းကောင်း ခေါ်သည်။

ဤ ငရဲ တပိဿာ-ဟူသော စကားသည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဒါနစသော ကုသိုလ်ကောင်းမှုများကို ပြုကြရာတွင် ဗုဒ္ဓနည်းကျကျ မလှူဒါန်းတတ်ကြသဖြင့် အကုသိုလ်သာ အများကြီး ဖြစ်ပွားတတ်ပုံကို ဖော်ညွှန်း ဆုံးမထားသောစကား ဖြစ်သည်။
( ရှေ့လ ဆက်ရန် )

( ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ)

( မြတ်မင်္ဂလာ ၁၉၉၈-ခု နိုဝင်ဘာလ )

မှတ်ချက်။ ၁၉၉၈-ခု ဒီဇင်ဘာလ ထုတ် မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် ကုသိုလ်တပဲ ငရဲတပိဿာ ဒုတိယပိုင်းကို မဖော်ပြနိုင်သေးပါ။

Sunday, September 13, 2009

ရှင်ဥပဂုတ္တ ရဟန္တာရုပ်တု

ကျွန်မတို့ မြန်မာပြည်တွင် ရှင်လေးပါး အပါအ၀င် ရှင်ဥပဂုတ္တရဟန္တာမြတ်ကို ကြည်ညိုကိုးကွယ်ကြသည်မှာ အထင်အရှားပင် ဖြစ်ပေသည်။ နှစ်စဉ်ပင် တော်သလင်းလတွင် ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်အား ပူဇော်ပသသည့် မီးဖောင်မျှောပွဲကို ကျင်းပလေ့ရှိသည်။ ဖောင်ပေါ်တွင် ရှင်ဥပဂုတ္တရုပ်တု၊ ရုပ်တုတော်ရှေ့တွင် အုန်း ငှက်ပျောပွဲများ၊ ပန်း၊ ရေချမ်း၊ ဆွမ်း၊ သစ်သီးစသည့် လှူဖွယ်များကို ထားရှိပါသည်။ ဖော်တော်ကို ရောင်စုံမီးပုံးများဖြင့် ဆင်ယင်ကာ ဆီမီးများ ထွန်းညှိထားပါသည်။

ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်သည် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်ဖြင့် သီတင်းသုံးစံနေတော်မူသည်ဟု ယုံကြည်ကြသောကြောင့် မီးဖောင်ကို ဧရာဝတီမြစ်တလျှောက်မှ သမုဒ္ဒရာသို့ ရောက်အောင် မျှောချပူဇော်ကန်တော့ကြပါသည်။ မြန်မာ့ဒေသက မျှောချလိုက်သော ရှင်ဥပဂုတ္တဖောင်တော် အချို့သည် သီရိလင်္ကာတိုင်အောင် ရောက်ရှိသွားတတ်ပါသည်။

ရှင်ဥပဂုတ္တရဟန္တာမြတ်သည် ကောင်းမှုကုသိုလ်များ ပြုလုပ်သည့်အခါ ရန်အပေါင်းကို ထိန်းသိမ်းကာကွယ်ပေးသည်ဟု ယုံကြည်ကြပါသည်။ အထူးအားဖြင့် မိုးလေ၀သကို ထိန်းသိမ်းပေသည်ဟု ယုံကြည်ကြသည်။ ရှင်ဥပဂုတ္တ ရုပ်တုတော်ကို ဘုရားစေတီ ပုထိုးတို့တွင်သာမဟုတ်မူ၍ ရဟန်းသံဃာများ၏ ကျောင်းသင်္ခမ်းများတွင်လည်း တွေပမြင်ရပါသည်။

ရုပ်တုတော်ကို ထုလုပ်ရာ၌ ရဟန္တာအရှင်မြတ်သည် ဦးခေါင်းတော်ကို မော့လျက် နေကိုကြည့်၍ ဆွမ်းဘုဉ်းပေးနေပုံကို ထုလုပ်ကြပါသည်။ လက်ယာဘက် လက်တော်က သပိတ်တွင် နှိုက်လျက်ရှိပေသည်။ ယခုအခါတွင်မူ ယခင်ကကဲ့သို့ နေကိုကြည့်လျက် ဆွမ်းဘုဉ်းပေးနေပုံကို မထုလုပ်ကြတော့ဘဲ ရိုးရိုး တင်ပလ္လင်ခွေ ထိုင်နေပုံကို ထုလုပ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။

( ရှင်ဥပဂုတ္တ ရဟန္တာအရှင်မြတ်၏ ရင်းမြစ်ကို လေ့လာဆန်းစစ်ခြင်း )
ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များသည် ရှင်လေးပါး၊ သေလေးပါးရှိသည်ဟု ယုံကြည်ကြပါသည်။ ဤရှုလေးပါးမှာ သင်္ဂါယနာတင် ကျမ်းကြီး ကျမ်းခိုင်တို့တွင် ပါရှိခြင်းမဟုတ်ပေ။ သို့ရာတွင် ရှေးရိုး ဘိုးဘွားမိဘပြောစဉ် ယုံကြည်မှုဖြစ်ကာ လူအများပင် ယုံကြည်ကို့းါယ်ကြသည်မှာ အထင်အရှားပင်။

သို့ရာတွင် လောကပညတ္တိကျမ်းတွင် တိဿနာဂဥပဂုတ္တဟု ပါရှိခဲ့ပါသည်။ ရှုဥပဂုတ်ကို ပူဇြေ်ကိုးကွယ်သော အရပ်ဒေသတွင် နတ်ဆိုးနတ်ယုတ်များ မဖမ်းစားနိုင်ခြင်း၊ မြေဘုတ်ဘီလူး တစ္ဆေ သရဲ စသည်တို့ မကပ်ရောက်နိုင်ခြင်း၊ ရောဂါကင်းခြင်း စသည့် အကျိုးများကို ရသည်ဟု ဘားမဲ့ဆရာတော်က မိန့်တော်မူခဲ့ကြောင်း မှတ်သားမိပါသည်။

ဒိဗျာဝဒါနသက္ကတကျမ်းလာ ရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိမှာ ဂေါတမမြတ်စွာဘုရားရှင်သည် မထုရာမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုမြို့တွင် ရှင်အာနန္ဒာအား ဤသို့ ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။
အာနန္ဒာ-ရှေးအခါက ဤမထုရာမြို့တွင် ဥရုမုဏ္ဍမည်သော တောင်ကြီးရှိခဲ့၏။ တောင်၏တဖက်တွင် ပစ္စေကဗုဒ္ဓါ ငါးရာ နေကြသည်။ တဖက်တွင် ရသေ့ ငါးရာနေ၍ တဖက်တွင် မျောက် ငါးရာ နေကြ၏။ မျောက်ငါးရာတို့၏ အကြီးအကဲ မျောက်မင်းသည် ပစ္စေကဗုဒ္ဓါတို့အား သစ်သီး သစ်ဥ စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ပစ္စေကဗုဒ္ဓါတို့ ပရိနိဗ္ဗာန်စံတော်မူသောအခါ ရသေ့ငါးရာကို လုပ်ကျွေးပြန်သည်။ ရသေ့ငါးရာတို့အား ပစ္စေကဗုဒ္ဓါတို့ကဲ့သို့ တရားအားထုတ်ရန် မျောက်မင်းက လက်ဟန်ဖြင့် ပြသညွှန်ကြား၏။ ရသေ့ငါးရာလည်း ၀ိပဿနာတရားကို အားထုတ်လေရာ ပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်။ မျောက်မင်းလည်း အိုမင်းမစွမ်းဖြစ်ကာ ကွယ်လွန်လျှင် ပစ္စေကဗုဒ္ဓါတို့က နံ့သာ၊ ထင်း စသည်တို့ဖြင့် သင်္ဂြိုဟ်ကြ၏။

ထိုမျောက်မင်းသည် နောင်အခါ နံ့သာဆီ၊ နံ့သာမွှေးတို့ ရောင်းချသည့် သူဌေး၏သားဖြစ်ကာ ရှင်ဥပဂုတ္တဟု အမည်တွင်လျက် ငါဘုရား၏ သာသနာတော်ကို စောင့်ရှောက်ကာ အကျိုးပြုပေလိမ့်မည်-ဟု ဗျာဒိတ်ပေး ဟောကြားတော်မူခဲ့သည်။ အထက်ပါအကြောင်းအရာမှာ မဟာယာနဂိုဏ်းလာ ဒိဗျာဝဒါနသက္ကတကျမ်းမှ ဖြစ်ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာ ကျမ်းတို့တွင် တွေ့ရှိရသော ရှင်ဥပဂုတ္တအကြောင်းကို ဆက်လက်ဖော်ပြလိုပေသည်။
(က) မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ အောက်ပါအတိုင်း တွေ့ရှိပါသည်။
ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်မှာ ဘုရားရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင်ထံ ရဟန်းအဖြစ်ကို ရလိုကြောင်း ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့် ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြသဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။

မဇ္ဈိမပဏ္ဏာသ ပါဠိတော်နှင့် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ်တရာရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားတော်မူမည်။ သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီးများ ပြုလုပ်သည့်အခါ မာရ်နတ်မင်းနှောင့်ယှက်ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်လိမ့်မည်-ဟု ပါရှိပါသည်။

( ခ ) အထက်ပါကဲ့သို့ ရာဇ၀ံသကျမ်းတွင်လည်း သီရိဓမ္မာသောကမင်း၏ အလှူဒါနကို ၀ိုင်းဝန်းကူညီ စောင့်ရှောက်၍ အနုမောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က မာရ်နတ်မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။

(ဂ) လောကပညတ္တိကျမ်း၌လည်း အောက်ပါကဲ့သို့ တွေ့ရှိရပါသည်။
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမေါခံသားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်ြးီ့းအား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။ မစ္ဆဒေ၀ီ အရွယ်သို့ရောက်လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့် စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင် မျှောလိုက်လေသည်။

မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍ ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။ ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သောအခါ ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ`ဆေဒေ၀ီအား ကြည့်လိုက်ရာ မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။ ထို့ောကာင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က သဘောတူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့ဥပ၏ စောင့်ရှောက်ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာ ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီးလျှင်တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့် စံနေတော်မူသည်။

သီရိဓမ္မာသောကမင်းကြိး၏ မဟာဒါနအလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်ရန် မာရ်နတ်မင်း၏ မဟာဒါန အလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်စေရန် မာရ်နတ်မင်း၏ အထူးထူးသော အန္တရာယ်တို့ကို တားဆီါ်လျက် မာရ်နတ်မင်းအားလည်း ဆုံးမတော်မူ၏-ဟု တွေ့ရှိရပါသည်။

ရှင်ဥပဂုတ္တမထေရ်မြတ်အား ယုံကြည်ကိုးကွယ်သည်ကို ပုဂံမင်းဆက်၌ပင် ရှိသည်ကို တွေ့မြင်ရပါသည်။ အထောက်အထားမှာ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် မြင်ကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကို တည်ထားကိုးကွယ်၏။ ထိုဘုရားစေတီရှိ နံရံဆေးရေးပန်ချီတို့တွင် ရှင်ဥပဂုတ္တနှင့် အသောကမင်ြးီ့းတို့ သာသနာတော် ပြန့်ပွားရေးအတွက် ဆွေးနွေးနေပုံကို တွေ့ရှိရပါသည်။ ရေးထိုးထားသော ကျောက်စာအရ ရှင်ဥပဂုတ္တနှင့် အသောကမင်ြးီ့းတို့ ဖြစ်ကြောင်းကို သိရှိရပါသည်။

ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင် ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ် ၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အ၈္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို (ခါးပန်းကြိုးဖြင့်) ချည်နှေင်ြကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။

ထို့ပြင် မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း၌ အရှုဥပဂုတ္တ၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုငခိုင်ခံ့ခံ့ ဒဠှီကမ္မ ဉာပကပြု၍ မှတ်းသားလောက်အောင် ကျမ်းဂန်ကို မတွေ့ဖုးသော်လည်း ရာဇ၀ံသကျမ်း၌ သီရိဓမ္မာသောကမင်းကြီးသည် ဈေတီရှစ်သောင်းလေးထောင်တို့ကို အနုမောဒနာပြုသောကာလ မာရ်နတ်ကို အရှင်ဥပဂုတ္တက ဆုံးမကြောင်း၊ သဒ္ဒါကစ္စည်းကျမ်း သဒ္ဒနီတိကျမ်းတွင် ဥပဂုတ္တေန မာရဗန္ဓော-ဟု ဥဒါဟရုဏ် သာဓက ထုတ်ဖော်ကြောင်း၊ မိလိန္ဒပဥှာတွင် ယထာ မောဂ္ဂလိပုတ္တတိဿတ္ထေရေ ဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံ ဧတေပိ နိဒ္ဒိသတိ မယံ ပရိနိဗ္ဗုတေ ပဉ္စသတ၀ဿသတေ ကာလေ ဧတေ ဥပဇ္ဇိဿန္တိ စသည်ဖြင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊ အရှုဥပဂုတ္တထေရ် စသည်တို့သည် တရားညွှန်ပြသကဲ့သို့ ထို့အတူ ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတံ့၊ တရားညွှန်ပြကုန်လတံ့-ဟု ဗာဒိတ်ထားတော်မူကြောင်းများကိုသာ တွေ့ဖူးချေသည်-ဟူ၍ ဖော်ပြထားပါသည်။

အထက်ဖော်ပြခဲ့သည့် အထောက်အထား အကြောင်းအရာများအရ ရှင်ဥပဂုတ္တမထေရ်မြတ်ကို လူအများ ယုံကြည်ကိုးကွယ်ပူဇော်ကြသည်-ဟု ယူဆမိပါသည်။
ရှင်ဥပဂုတ္တ စသော ရှင်လေးပါး ပူဇော်ကန်တော့သည့် ဂါထာ-
ဒိန္နေ ဒိန္နေ နမာမဟံ ၊ ဥပဂုတ္တ မဟာထေရံ ။
မာရဗန္ဓန နိတေဇံ ၊ သက္ကောသရ သာရဒတ္တံ ။

မေဓရော စ မဟာထေရံ ၊ သောဏောဌာနံ အာဂစ္ဆတု ။
သဗ္ဗအန္တရာယော ၀ိဓမိတွာန ၊ သုခံဒေတု ပုနပ္ပုနံ ။

( တက္ကသိုလ် ခေမာ-ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၁-ဧပြီလ )

ကျမ်းကိုးစာရင်း
၁။ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်
၂။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာ
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄
၎။ ရှင်ဥပဂုတ္တရဟန္တာ ပူဇော်နည်းနှင့် ဥပဂုတ္တထေရအပဒါန်၊( ဓမ္မာစရိယ ဦးမောင်လင်း၊ ဆရာ ဇာဂရု )
၅။ သမန္တစက္ခုဒီပနီကျမ်း။ ( မုံရွေးဇေတ၀န်ဆရာတော်ဘုရာြးီ့း )
၆။ သဒ္ဒနီတိပါဠိသဒ္ဒါ။
1. Divya vadana-1880 Edited by E.B Cowell and R,A Neil, Cambridge.
2. Pagan Myinkaba Kubyauk-gyi temple by Rajakumar Bulletin of the Burma Historical Commission, by G.H Luce and Bohmu Bashin 1961.
3. The legend and cult of Upagutta by jahn, S, Strong.

မမေ့မလျော့ ပြုလုပ်ရမည့် တရားများ

ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကား ပြောကြားဆုံးမလေ့ရှိ၏။

တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။

နောင်တ ၁၀-မျိုးကား
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း တို့ ဖြစ်သည်။
အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။

( ဉာဏ်လင်းအောင် )
( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )

လူဆိုး ဖိုးလူ

မကွေးတိုင်း မြို့သစ်မြို့အနီးရှိ ကျေးရွာကလေးတရွာတွင် ကိုဖိုးလူ ဆိုသူတယောက် ရှိလေသည်။ ကိုဖိုးလူသည် စာမတတ် ပေမတတ် လူရမ်းကားတယောက်ဖြစ်သည်။ သူသည် နွားသတ်ရဲသည်။ ၀က်ဆိုလည်း ထိုးရဲသည်။ အရက် ဖဲ ကြက် ဘာမျှမကျန်အောင် အစုံလုပ်တတ်သည်။ လစ်လျှင်လည်း ခိုးသည်။ မကောင်းမှုများ လုပ်ကိုင်သောကြောင့် သူ့ဆိုလျှင် လူတိုင်းက မယုံ။ မိုက်ကန်းသောကြောင့် မည်သူမျှ မပတ်သက်ချင်ကြပေ။ သူနှင့်ပတ်သက်ရမည်ဆိုလျှင် ကျားအမြီးဆွဲရမှာထက် ကြောက်ကြသည်။

သီတင်းကျွတ်လပြည့်နေ့ည၌ ရွာကလေးစည်ကားလျက်ရှိသည်။ တနှစ်လုံး တမိုးတွင်းလုံး လုပ်ကိုင်၍ရသော နှမ်းများမှ နှမ်းဦးပေါ် ကြိတ်ထားသော နှမ်းဆီများဖြင့် ရွာဦးဘုန်းတော်ကြီးကို ကန်တော့ကြမည်ဖြစ်သည်။ ထိုအတွက် ရွာက လူငယ်များနှင့် လူကြီးများ ကုမ္မာရီအမျိုးသမီးကလေးများမှာ စုရပ်ဖြစ်သော ရွာလယ်ဝိုင်းထဲသို့ တဖွဲဖွဲရောက်ရှိလာကြသည်။ လူငယ်များမှာလည်း ဒိုးပတ်ဝိုင်းဖြင့် သံချပ်များ ထိုးကြပြီး ဘုန်းတော်ကြီး
ကျောင်းသို့ သွားရန် ဟန်ပြင်နေကြ၏။

တအိမ်လျှင် ဆီ ၂၅-ကျပ်သား၊ ၅၀-ကျပ်သားစသည်ဖြင့် တတ်နိုင်သလောက် စုပေါင်းလှူဒါန်းကြရန် ဖြစ်သည်။ တရွာလုံးက စုပေါင်းလှူဒါန်းသော ဆီပိဿာချိန် စာရင်းချုပ်လိုက်သောအခါ ၂၆-ပိဿာခန့် ရရှိလေသည်။ ထို့အပြင် လင်ပန်းထဲတွင် ဆီမီးများထွန်းကာ ရွာဦးကျောင်းဘုရားသို့ ဆီမီးပူဇော်ကြမည့်ပွဲလည်း ရှိသည်။

ထိုကဲ့သို့ စည်စည်ကားကား ဖြစ်နေချိန်၌ ကိုဖိုးလူသည် ရုတ်တရက် ရောက်ရှိလာပြီး အော်ဟစ်ဆူပူကာ ပွဲဖျက်၏။ စောစောက မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကခုန်နေကြသော ဒိုးပတ်ဝိုင်းမှ အသံများ တိတ်သွား၏။ တယောက်တပေါက် ပြောဆိုသံများ၊ သဘောကျရယ်မောသံများသည်လည်း ငြိမ်သွား၏။ အရက်အလွန်အကျွံ သောက်ထားသော ကိုဖိုးလူသည် ထွန်းထားသော ဆီမီးခွက်များကို လက်ဖြင့်သိမ်း၍ ရိုက်၏။ စားပွဲပေါ်မှ ဆီမီးခွက်များမှာ တချို့ငြိမ်းကုန်၏။ တချို့ အောက်သို့ကျကုန်၏။ ထိုအချိန်တွင် လူငယ်တယောက်က သည်းမခံနိုင်သဖြင့် တုတ်ဖြင့်ရိုက်မည်ပြုရာ ကျန်လူများက ဆွဲ၍ထားရ၏။ ကိုဖိုးလူကိုလည်း သူ့အိမ်သို့အရောက် ချော့မော့၍ ပို့ရလေသည်။ ကလေးများနှင့် အမျိုးသမီးလေးများသည် ကြောက်ရွံ့၍ ပြန်ပြေးသွားကြရာမှ မကြာခင် အလျှိုလျှိုပြန်လာကြပြီး ဆီမီးခွက်များ ပြန်၍ ပြင်ဆင်ကြသည်။ ထို့နောက် မီးမထွန်းရဲဘဲ ဒိုးပတ်မတီးဘဲ ကျောင်းသို့ တိတ်ဆိတ်စွာ သွားကြလေသည်။ ခြောက်ကပ်ကပ် မီးထွန်းပွဲပေတည်း။

ကျောင်းသို့ရောက်သောအခါ မိန်းကလေးများသည် ဘုရားတွင် ဆီမီးများထွန်းညှိပူဇော်ကြလေသည်။ လူငယ်လူရွယ်များမှာလည်း ဒိုးပတ်တီး၍ ကခုန်ကြလေသည်။ ထို့နောက် စုပေါင်း၍ လှူဒါန်းသော ဆီများကို ရွာဦးကျောင်းဆရာတော်ထံ ကပ်လှူကြပြီး အနုမောဒနာတရား နာယူကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ အလှူဒါနပြီးမြောက်သောအခါ ဆက်လက်၍ လူငယ်မောင်မယ်တို့သည် တယောက်တလှည့် သီချင်းများ သီဆိုကြ၏။ ပျော်ပျော်ရွှင်ရွှင်ဖြင့် သီဆိုတီးမှုတ်ကခုန်နေကြစဉ်တွင် ရွာ၏အနောက်ဘက်မှ မီးတောက်များ ဖြာထွက်လာရာ ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။ ထို့နောက် လူအားလုံး မီးလောင်ရာဆီသို့ ပြေးသွားကြပြီး ကိုဖိုးလူ မီးရှို့သဖြင့် မီးလောင်နေသော တဲကလေးတလုံးအား စုပေါင်းငြိမ်းသတ်လိုက်၍ မီးမှာ ငြိမ်း၍သွားလေသည်။

တခါတွင် ကိုဖိုးလူသည် နွားပေါက်လေးတကောင်အား လိုက်၍ ကိုက်နေသော ခွေးတကောင်ကို ဓားဖြင့်ရမ်းလိုက်ရာ ခွေး၏ဗိုက်သားကို ခုတ်မိသည်။ ခွေး၏ဗိုက်မှ အူများ မြင်မကောင်းအောင် ထွက်ကျလာလေသည်။ ထိုခွေးသည် ချက်ချင်းသေမသွားဘဲ တရက်ခန့်ကြာမှ သေသွားလေသည်။

ဤကဲ့သို့ ဆိုးဝါးလွန်းသော အပြုအမူများကြောင့် တနေ့၌ ကိုဖိုးလူ၏ ကံကြမ္မာသည် တပတ်လည်၍ လာခဲ့လေပြီ။ အရက်ကို အချိန်ရှိသရွေ့ သောက်လွန်းသော ကိုဖိုးလူသည် အိမ်သို့ မွန်းတည့်ချိန်လောက်တွင် ပြန်ရောက်လာပြီး ထမင်းစားရန်အတွက် မီးဖိုခန်းသို့ ၀င်သွားလေသည်။ ဟင်းမကောင်းသောကြောင့် ပန်းကန်များကို ရိုက်ခွဲသည်။ မိဘများကိုလည်း ဆဲရေး၏။ ထို့နောက် အောက်သို့ဆင်းကာ ကြက်တကောင်ကိုသတ်ရန် ကြိုးစား၏ လက်တွင်လည်း ဓားရှည်ကိုကိုင်ထား၏။ ဓားရှည်ဖြင့် ပစ်ခတ်ရာ မမှန်ပေ။ ကြက်များလည်း လန့်၍ ပြေးမိပြေးရာ ပြေးကြလေသည်။ ထိုအခါ ကိုဖိုးလူ ဒေါသထွက်လာ၏။ အိမ်ပေါ်ရှိ မိအိုဖအိုတို့အား ကြိမ်းမောင်း၏။ မိဘတို့မှာလည်း ကြောက်ရွံ့နေကြလေသည်။

ကိုဖိုးလူသည် ဘာစိတ်ကူးရသည်မသိ၊ အိမ်ပေါ်သို့ အပြေးတက်သွားလေသည်။ လှေကားဦးသို့ ရောက်သောအခါ ပျဉ်အစွန်းကို နင်းမိသည်။ ပျဉ်ချပ်ထောင်သွားသဖြင့် လှေကားတဖက်ရှိ ပိုင်းတန်းပေါ်သို့ ပက်လက်လှန်ကာ ကန့်လန့်ကျသွားလေသည်။ ကိုဖိုးလူ၏ခါးမှာ ကျိုးသွား၏။ ထိုအချိန်မှစ၍ လမ်းမသွားနိုင်သောကြောင့် ကိုဖိုးလူ၏ အဆိုးမှန်သမျှ နိဂုံးချုပ်သွားလေသည်။ ထို့နောက် ကိုဖိုးလူသသည် ပက်လက်ဖြင့်ပင် ၃-လခန့် အသက်ရှင်နေသေးသည်။ မည်သည့်ဘက်ကိုမှလည်း လှည့်မရ၊ ပက်လက်ဖြင့်ပင် နိဂုံးချုပ်ရလေသည်။

( မောင်ဝင်းညွန့်-ကံသာလေး )

( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )

မိဘမေတ္တာ

ကျွန်မ၏ဖခင်ကြီးနှင့် မိခင်ကြီးတို့မှာ အသက် ၈၀-နားနီး အရွယ်များဖြစ်ကြသည်။ အသက်အရွယ်အရ တရားဘာဝနာနှင့်သာ ပျော်မွေ့နေထိုင်ကြသည်။ ဒါန သီလ ဘာဝနာတည်းဟူသော နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတို့ကို အချိန်ရှိခိုက် ပွားများအားထုတ်ကြသည်။ ကျွန်မမှာ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးလျက် မိဘအရိပ်တွင် လုံခြုံအေးချမ်းစွာ နေထိုင်ရသည်။

ထိုသို့နေထိုင်ရခြင်းမှာ ကျွန်မ၏ ကြိုးစားအားထုတ်မှု တခုတည်းကြောင့်တော့ မဟုတ်ပေ။ မိဘနှစ်ပါး၏ ကြီးမားလှသော မေတ္တာရိပ်ကြောင့်ဟု လက်ခံယုံကြည်မိပါသည်။ ကျွန်မတွင် ထူးခြားသောအကျင့်တခုရှိသည်။ မိဘနှစ်ပါးကို အလွန်အမင်း ယုံကြည်အားထားခြင်းပင်ဖြစ်သည်။ ခရီးသွားလာရာ၌ ဖြစ်စေ၊ အလုပ်ကိစ္စများ ဆောင်ရွက်ရာ၌ဖြစ်စေ၊ မိဘနှစ်ပါးကို ရှိခိုးဦးချ၍ ဆုတောင်းအဓိဋ္ဌာန်ပြုပြီးမှ လုပ်ကိုင်လေ့ရှိသည်။ မိဘနှစ်ပါးကိုလည်း အသိပေးတိုင်ပင်သည်။ ဆုတောင်းအဓိဋ္ဌာန်ပုံမှာ-

ဘုရားတပည့်တော်၏ မိခင်နှင့် ဖခင်ကြီးတို့မှာ ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ်ကိုးကွယ်ပါသည်။ တရားဘာဝနာကိုလည်း ပွားများအားထုတ်ပါသည်။ ဘုရားတပည့်တော်သည်လည်း မိဘနှစ်ပါးကို မငြိုမငြင် လုပ်ကျွေးပြုစုပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ဆောင်ရွက်ရသော အလုပ်ကိစ္စဟူသမျှ ချောမောအောင်မြင်ရပါလို၏-ဟူ၍ ဖြစ်သည်။

မိဘနှစ်ပါးကလည်း ပြန်လည်ဆုပေးပါသည်။ ထိုနေ့မျိုးတွင် မိခင်ကြီးက မေတ္တာဘာဝနာကို ပို၍ပွားများသည်။ မကောင်းသောအကြောင်းအရာနှင့် ဆုံတွေ့ရမည်ဆိုပါကလည်း မိခင်ကြီးက ကြိုတင်သတိပေးတတ်သည်။ မိဘနှစ်ပါးက တားမြစ်သောလုပ်ကိစ္စမှန်သမျှကိုလည်း ကျွန်မအထူးရှောင်ကြဉ်ခဲ့သည်။

သို့ဖြစ်၍ ဆိုးရွားသော ဘေးဒုက္ခမျိုးနှင့် ကျွန်မ မဆုံးဆည်းခဲ့ရပေ။ အတိတ်ကံဝဋ်ကြွေးကြောင့် ဆုံဆည်းခဲ့ရပါကလည်း သူတပါး၏နှိပ်စက်ခြင်းကို မကြုံခဲ့ရပေ။ တခါက ကျွန်မ အလုပ်တာဝန်ကျသော ရွာကလေးတရွာတွင် ကျွန်မနေသောအိမ်ကို ဓားပြတိုက်ခံရပါသည်။ ကျွန်မမှာ ဓားပြများကို ကြောက်ရွံ့ခြင်းထက် မိဘနှစ်ပါးကိုသာ မြင်ယောင်တမ်းတ၍ ဂုဏ်တော်များကို ပွားများနေမိသည်။ သို့အတွက် ဓားပြများက ပစ္စည်းယူခြင်း၊ ရိုက်နှက်တောင်းခံခြင်းများကို မပြုလုပ်ခဲ့ပေ။ မိခင်ကြီးကလည်း ကြိုတင်ပြသော အတိတ်နိမိတ်များကြောင့် ကျွန်မထံသို့ မေတ္တာပို့လွှတ်နေ၍ဖြစ်သည်။

ထိုအဖြစ်မျိုးကို မိဘများရိပ်သာဝင်ရာ တရားစခန်းသို့ ကျွန်မတရားနာသွားစဉ်၌လည်း ကြုံဆုံခဲ့ရသည်။ ယောက်ျားတယောက်က ကျွန်မထံမှ ရွှေဆွဲကြိုးကို လုယူခြင်းဖြစ်သည်။ ထိုယောက်ျားက အားနှင့်ဆွဲဖြတ်သော်လည်း ဆွဲကြိုးမှာ ပြတ်ခြင်း၊ ပြုတ်ခြင်း မရှိပေ။ ဆွဲကြိုးလုသူ ထိုယောက်ျားသာ ခလုတ်တိုက် လဲ၍ လူအများ ၀ိုင်းဖမ်းခြင်းကို ခံလိုက်ရသည်။

ဤသည်မှာ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်းနှင့် မိဘနှစ်ပါး၏ ပို့သသောမေတ္တာအရှိန်အ၀ါတို့ကြောင့်ပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

( သွဲ့ထားညို-သက္ကလ )
( မြတ်မင်္ဂလာ ၂၀၀၁-စက်တင်ဘာလ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP