ယနေ့လူသားများရဲ့ နက်ဖန်ကမ္ဘာ အခန်းဆက် (၀၁)
လူတွေဟာ ဘယ်နေရာသွားသွား Save-မဖြစ်ဘူး။ ဘုန်းကြီးတို့ သြစတေးလျသွားတော့ စစ်လိုက်တာ မပြောနဲ့ သေတ္တာတွေ အကုန်ဖွင့်-ပြရတယ်။ သြစတေးလျလေဆိပ်မှာ ပရုတ်ဆီဗူးနဲ့ သွားတိုက်ဆေးဗူးတောင် အမှိုက်ပုံးထဲ ထည့်ပစ်ခဲ့ရတယ်။ ကြောက်တာ၊ အဲဒါကနေ လေယာဉ်ပျံ ဖောက်ခွဲတဲ့ ပစ္စည်းဖြစ်မှာစိုးလို့။ အဲဒီတော့ ဘုန်းကြီးယူလာခဲ့တဲ့ သွားတိုက် ဆေးဗူးနဲ့ ပရုတ်ဆီဗူး အဲဒီလေဆိပ်ထဲမှာ ပစ်ထားခဲ့ရတယ်။ သူတို့က ဒါလေးတစ်ကိုင်ကိုင်နဲ့ အဲဒါလေးကွန်ပျူတာထဲပေါ်လာတော့ ဒါကိုပဲ သူတို့က မယူဖို့ပြောနေတယ်။ ဒါနဲ့ မယူနဲ့ဆိုရင်လည်း အမှိုက်ပုံထည့်လိုက်ဆိုပြီး၊ အမှိုက်ပုံထဲထည့်ခဲ့ရတယ်။ အဲဒီကျတော့မှ အေးအေးဆေးဆေးသွားလို့ရတယ်။ အဲဒီတော့ တစ်ချို့နိုင်ငံတွေမှာ ရေသန့်ဗူးတောင် မယူရဘူး။
မြန်မာတွေက ယူလာလိုက်ကြတာ သြစတေးလျသွားတုန်းက ရေမွှေးပုလင်းတွေ.. အကုန်ထားပြစ်ခဲ့ရတယ်။ ဒကာမတစ်ယောက်များ ပြောသံ ကြားခဲ့ရတယ်၊ ဒီရေမွှေးပုလင်းက တစ်သိန်းကျော်တန်တယ်။ သွားပါပြီ ဆိုပြီတော့ အဲဒီလိုတစ်သိန်းကျော်ပေးခဲ့ရတယ်ဆိုပြီးတော့။ အဲဒီတော့ ဒီခေတ်ကြီးဟာ ရွှေခေတ်မဟုတ်ဘူး၊ ဘာတွေဘယ်လိုတိုးတက်နေနေ ရွှေခေတ် မဟုတ်ဘူး၊ အခုက ပြောခဲ့တဲ့ ခေတ်တွေတုန်းက ဒီလို အန္တရာယ်တွေ ကြောက်ရတဲ့ခေတ် မရှိခဲ့ဘူး။ လူတွေအသက်ကလည်း အလွန်ရှည်တယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း မကွာခြားကြဘူး၊ တစ်စုံတစ်ခုချို့တဲ့လာခဲ့ လျှင်လည်း တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ကနေပြီး ထောက်ပံ့ကြေးပေးထားတယ်။ လူလောကကြီးဟာ အေးချမ်းနေတဲ့ရွှေခေတ်ကြီးပဲ။
အဲဒီခေတ်ကြီးနှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ လူတွေပျက်-လာတာဟာ ဘာ့ကြောင့်? ဒီဆုတ်ယုတ်ပြီးတော့ ဒုက္ခသုက္ခတွေ ကြုံရတာဟာ ဘယ်သူလုပ်တာတုန်းဆိုရင် လူတွေပဲလုပ်တာ၊ ကိုယ်ခင်းတဲ့ဇာတ် ကိုယ်မနိုင်လို့ လူတွေ ဒုက္ခရောက်ကြရတာ။ ဒီကနေ့နဲ့ အများကြီး လူတွေခင်းထားတဲ့ဇာတ်က လူတွေကို ပြန်ဒုက္ခပေးတာ။ ကဲကြည့် အဲဒီမှာ နောက်ဆုံးတက်လာတဲ့ စကြာမင်း တောထွက်ပြီး ရသေ့ဝတ်သွားတဲ့အခါမှာ သူ့သားကို ခါတိုင်းအတိုင်း ထုံးစံအတိုင်း ဆုံးမသြ၀ါဒပေးခဲ့တယ်။ ငါ့သား မင်းနိုင်ငံမှာ မတရားတာတွေ မဖြစ်စေနဲ့၊ ဓနကြေးငွေမရှိတဲ့ လူတွေကို ဓနကြေးငွေထောက်ပံ့ပါလို့ မှာထားခဲ့တယ်။ မှာထားခဲ့တဲ့ အခါကြတော့ ဖခင်စကြာမင်းကြီး မှာထားတဲ့ အတိုင်း သူလိုက်တော့ လိုက်တယ်။ ဘာကို သူက -Neglect-လုပ်တုန်းဆိုရင် ဂရုမစိုက်တော့ဘူး။ ဓနကြေးငွေမရှိတဲ့သူတွေကို ထောက်ပံ့ပါဆိုတဲ့ စကားကို သူနားမထောင်ဘူး၊ တိုင်းပြည်မှာ ဓနကြေးငွေမရှိတဲ့လူတွေကို မထောက်ပံ့ဘဲနဲ့ ထားတယ်။ ကျန်တာတွေတော့ သူလိုက်နာတယ်။ အဲဒီတစ်ခု၊ ဒီဥပဒေတစ်ခုကို သူမလိုက်နာဘူး။ မလိုက်နာတဲ့အတွက်ကြောင့် ဘာဖြစ်လာ-တုန်းဆိုရင် သူ့နိုင်ငံတော်အတွင်းမှာ ဆင်းရဲတဲ့လူတွေ များလာတယ်။ စားစရာသောက်စရာ မရှိဖြစ်လာတယ်။ အဆင်ပြေတဲ့လူတွေက ပြေ၊ မပြေတဲ့-လူတွေ မပြေ ဖြစ်လာတယ်။
အဲဒီတော့ ထုံးစံပေါ့ “poverty engenders crimes”. Poverty မွဲတေမှုသည်။ ပါဠိလိုတော့ ဒါလိဒ္ဒိယ၊ ဆင်းရဲ့မွဲတေမှု။ ဒလိဒ္ဒဆိုတာ လူဆင်းရဲ၊ ဒါလိဒ္ဒိယဆိုတာ ဆင်းရဲမွဲတေမှု၊ Poverty။ အဲဒီ Povertyဆင်းရဲမွဲတေမှုတွေ ဖြစ်လာတယ်။ ဘုရင်ကြီးက ငွေကြေးမထောက်ပံ့တဲ့အတွက်ကြောင့် ဆင်းရဲတဲ့ လူတွေ ပိုဆင်းရဲလာတယ်။ ဆင်းရဲတဲ့လူတွေ များလာတယ်။ ဆင်းရဲမှုက ဘာကိုဖြစ်စေလဲဆိုရင် ရာဇ၀တ်မှုကို ထူပြောစေတယ်။ ဒီကနေ့ခေတ်မှာလည်း ဒီလိုပဲဆိုတာပဲ။ “Poverty engenders crimes”. Poverty ဆိုတဲ့ ဆင်းရဲမွဲတေမှုသည် ရာဇ၀တ်မှုကို ဖြစ်ပွားစေတယ်လို့ ဒီလို အဆိုရှိတယ်။
အဲဒီအဆိုနဲ့ တစ်ထပ်တည်းပဲ -ဒါလိဒ္ဒိယံ ဝေပုလ္လမာဂမေ အဒိန္နဒါနံ ဝေပုလ္လမဂမီ-လို့ ဘုန်းကြီးတို့ မြတ်စွာဘုရားဟောတဲ့ စာပေထဲမှာ ရှိတယ်။ အဒိန္နဒါနံ ဝေပုလ္လမာဂမီ ဒါလိဒ္ဒိယံ ဝေပုလ္လမာဂမေ- ဆင်းရဲမွဲတေမှုတွေ တိုးပွားလာလို့ရှိရင်၊ အဒိန္နဒါနံ ဝေပုလ္လမာဂမီ- ခိုးမှုတွေ တိုက်မှုတွေ လုယက်မှုတွေ တိုးပွားလာတယ်လို့ ဒီလိုဆိုတယ် စာက။ ဒါဆင်းရဲလာလို့ရှိရင် ဒီပြဿနာဟာ သူ့ဟာသူ အလိုလိုတက်လာတာပဲ။ အဲဒီတော့ ဘုရင်ကြီးက ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကို ငွေကြေးမပေးတဲ့အတွက်ကြောင့်မို့လို့ သူ့နိုင်ငံမှာ ဘာပေါ် လာတုန်းလို့ဆိုရင် အစဆုံး ခိုးမှုတစ်ခုပေါ်လာတယ်။ ခိုးမှုပေါ်လာတဲ့ အခါကြတော့ ပစ္စည်းအခိုးခံရတဲ့လူတွေ/အခိုးခံရတဲ့လူတွေက အဲဒီခိုးတဲ့လူကို ၀ိုင်းဖမ်း၊ ဖမ်းပြီးတော့ ဘုရင်သည် ပို့ကြတယ်။ ဒါပထမဆုံးဖြစ်ပေါ်လာတဲ့ ရာဇ၀တ်မှုတစ်ခု သူတို့သည်မှာ ၀င်လာတယ်၊ အဲဒီခေတ်က၊ အနှစ်ရှစ်-သောင်းခေတ်မှာ။ ရွှေခေတ်လို့ဆိုရမည့်ခေတ်မှာ ဒီအဆိုးတစ်ခု ၀င်လာတယ်။
ဒီအဆိုးတစ်ခုဝင်လာတာ ဘယ်သူ့ကြောင့် ၀င်လာတုန်းဆိုရင် ဘုရင်ကြီးက ထောက်ပံ့ရမှာကို မထောက်ပံ့တာ၊ အဲဒီတော့ ဆင်းရဲတဲ့လူက စားစရာမရှိတော့ ခိုးရော့။ ခိုးတော့ ခိုးမှုပေါ်လာတဲ့ အခါကြတော့ လူတွေက ဒီလူကို ၀ိုင်းဖမ်းပြီးတော့ ဘုရင်ကြီးသည်ကို ပို့ကြတယ်။ ဘုရင်ကြီးက စစ်မေးတယ်၊ မင်းဘာဖြစ်လို့ ခိုးတာလဲ? ခိုးတယ်ဆိုတာ ဟုတ်လား? ဘာဖြစ်လို့ ခိုးလဲ? စားစရာ မရှိလို့၊ သူကလည်း အမှန်အတိုင်းတော့ ပြောတာပဲ၊ စားစရာမရှိလို့ ခိုးတာဆိုတော့ အဲဒီတော့ ဘုရင်ကြီးက သူလုပ်ရမည့် အလုပ်တစ်ခုကို သူမေ့နေတယ်၊ အဲဒီကြတော့ သူဘာလုပ်တုန်းဆိုရင် ဘဏ္ဍာတော်ကနေ ငွေတွေထုပ်ပေးတယ်၊ အေး နောက်မခိုးနဲ့၊ ဒီငွေကြေးကို ယူသွား၊ မင်းလည်း စား၊ မင်းနဲ့ သားမယားလည်းကျွေး၊ မိဘတွေလည်းကျွေး၊ စည်းပွားရေးလည်း လုပ်၊ ကုသိုလ်ကောင်းမှုလည်း လုပ်ဆိုပြီးတော့ ဆုံးမပြီးတော့ လွှတ်လိုက်တယ်။
ဘုရင်ကြီးကတော့ ဒီလိုခိုးတဲ့လူကို ပိုက်ဆံပေးလိုက်ရင် ခိုးမှုတွေ ပျောက်သွားလိမ့်မယ်လို့ သူ-ယူဆတယ်။ နောက်ထပ်တစ်ခု ထပ်ပြီးတော့ ပေါ်လာပြန်တယ်၊ ခိုးမှုတစ်နေရာက။ ဒီလိုပဲ ဘုရင်ကြီးသည် ပို့တော့ ဘုရင်ကြီးက စစ်မေးပြီးတော့ ဘုရင်ကြီးက ဘဏ္ဍာတော်တွေထုပ်ပေးလိုက်တယ်၊ သူကတော့ ခိုးတဲ့လူ မခိုးအောင်လို့ဆိုပြီး ပေးတာ။ လူတွေရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားတုန်းဆိုရင် -Side-effect-ပေါ့။ အခုခေတ်လိုပြောရင် ဘေးထွက် ဆိုးကျိုး၊ ပြဿနာတစ်ခုဟာ စောစောက ဖြေရင်ဖြေ၊ နောက်မှ ဖြေရင် ဘေးထွက်ဆိုးကျိုးဆိုတာ ၀င်လာတယ်။
ဆေးသောက်မှ -side-effect-၀င်တာ မဟုတ်ဘူး။ ဒီဖြေရှင်းချက်ကလည်း -side-effect-၀င်သွားတယ်။ ပိုက်ဆံပေးပြီး သူဖြေရှင်းလိုက်တော့ လူတွေရဲ့ စိတ်ထဲမှာ ဘယ်လိုတွေးမိတုန်းဆိုရင် စားစရာမရှိလို့ ဘုရင်ကြီးက ထောက်ပံ့တယ်လို့၊ ဒီလို မမြင်တော့ဘူး။ အရင်တုန်းက ပေးရင် စားစရာမရှိလို့ ဘုရင်ကြီးက ထောက်ပံ့တာ၊ အခုကြတော့ ခိုးလို့ဆုချတာလို့ဆိုပြီး အဓိပ္ပါယ် ရောက်သွားကြတယ်။ ခိုးမှုကျူးလွန်တဲ့လူကို သွားပြီးထောက်ပံ့တဲ့အခါကြတော့ လူတွေရဲ့စိတ်ထဲမှာ ခိုးလို့ ဆုချတယ်လို့ဆိုတဲ့အကြံဖြစ်ပြီး.. ဖြေရှင်းလို့ မရတော့ဘူး။ သတင်းက အဲဒီလိုဖြစ်သွားတယ်၊ ဖြစ်သွားတော့ ဘယ်လို ဖြစ်သွားတုန်းဆိုရင် လူတွေ ကြားထဲမှာ ဟ-ခိုးတဲ့ကောင်က ပိုက်ဆံများများ ရတယ်၊ ဒို့လည်း ခိုးအုန်းမယ်၊ ဟိုကလည်း ခိုးအုန်းမယ်၊ ငါလည်း ခိုးမယ်၊ သူလည်း ခိုးအုန်းမယ်ဆိုပြီးတော့ ခိုးမှုတွေဟာ ရပ်တန့်လို့ မရတော့ဘဲနဲ့ သူခိုး ငါခိုးနဲ့ ခိုးမှုတွေဟာ ပိုပြီးတော့ တိုးလာတယ်။
အဲဒီလို တိုးလာတော့ ဘုရင်ကြီးက စဉ်းစားလာတယ်။ ဟ- ငါဒီနည်း စဉ်းစားနေလို့ကတော့ မဖြစ်ဘူး၊ ခိုးမှုတွေ နိုင်ငံမှာ ပျောက်တော့မှာ မဟုတ်ဘူး၊ အဲဒီတော့ ဒီတစ်ခါ ခိုးတဲ့လူကို ရာဇ၀တ်သားတစ်ယောက်အနေနဲ့ အရေးယူ-ပြီးတော့ အသေသတ်၊ သေဒဏ်ပေးမယ်ဆိုပြီးတော့ ဘုရင်ကြီးက သေဒဏ် ချမှတ်လိုတယ်၊ နောက်တစ်ခါ အဲဒါလည်း သူကထင်တာက ဒီလို လုပ်လိုက်လို့ ရှိရင် ကြောက်ပြီးတော့ လူတွေဟာ ခိုးမှုကြီး ရပ်တန့် သွားလိမ့်မယ်လို့ ထင်တာ၊ အဲဒီမှာလည်း ပြန်ပြီးတော့-side-effect- တက်လာတယ်။ ဘုရင်ကြီးက အဲဒီခိုးတဲ့လူကို သတ်စေဆိုပြီးတော့ အမိန့်ချလိုက်တော့ အဲဒီလူကိုခေါင်းဖြတ် သတ်တယ်။
အဲဒီလိုသတ်တော့ လူတွေရဲ့ စိတ်ထဲ ဘယ်လိုဝင်လာတုန်း၊ ထင်လာ-တုန်းဆိုရင် ဟ-ဘုရင်ကြီးက ခိုးရင်သတ်တာ ဒို့လည်းပဲ သတ်မယ်ဆိုပြီးတော့ လူတိုင်းက လက်နက်တွေကိုင်လာကြတယ်။ သူခိုးဓားမြကလည်း လူပဲလေ၊ လူပဲဆိုတော့ သူတို့မသတ်ခင် ငါကလည်းသတ်မယ်၊ ပိုက်ဆံရှိတဲ့လူတွေသည်ကို ငါသတ်ပြီးတော့ယူမယ်ဆိုပြီးတော့ သူကလည်း လက်နက်ကိုင်ပြီးတော့ တက်လာတယ်။ အဲဒီတော့ “ပစ္စည်းယူ လူသတ်”ဆိုတာ အဲဒီကနေ စပေါ်လာတာ။ ဖြေရှင်းလို့ မရတော့ဘူး၊ ဘုရင်ကြီးက သေဒဏ်ပေးလိုက်တဲ့အခါ သူတို့က အကြံကောင်းတွေ ရသွားတာလေ၊ ဒို့လည်းပဲ သတ်ပြီးတော့ ပစ္စည်းကို ယူမယ်ဆိုပြီးတော့ လက်နက်တွေကိုင်လာကြပြီးတော့ ဘာလုပ်လာကြတုန်းလို့ ဆိုတော့ လက်နက်တွေ စုဆောင်းပြီးတော့ ၀ိုင်းပြီးတော့ တိုက်ခိုက်တာတို့, လူ့ယက်တာတို့, လမ်းကစောင့်လုတာတို့, အိမ်ကိုဝင်ပြီးတော့ အနုကြမ်း စီးတာတို့ဆိုတဲ့ ဒီသူခိုးကနေ ဘာဖြစ်သွားတုန်းဆိုရင် ဓားမြဖြစ်သွားတယ်။ ခုနက ခိုးမှုက ယဉ်ယဉ်ကျေးကျေးလည်း ခိုးတာ၊ အခုနောက်ပိုင်းကြတော့ ဓားမြ အထိအောင် ဖြစ်သွားတယ်။
Side-effect-တက်သွားတယ်။ ဖြေလို့မရတော့ မရတော့ဘူး၊ ပြဿနာ တစ်ခုထပ်တိုးလာတယ်။ အဲဒီတော့ လူ့လောကကြီးဟာ ငြိမ်းချမ်းလာခဲ့တဲ့ ရွှေခေတ်လို့ခေါ်ရမည့် လူ့လောကကြီးဟာ ပြဿနာတွေနဲ့ ငြိမ်းချမ်းမှုတွေ ပျောက်သွားတယ်။ အဲဒီတော့ ငြိမ်းချမ်းမှုတွေပျောက်သွားတော့ လူတွေဟာ စိတ်ဆင်းရဲမှုတွေ ဖြစ်လာတာပေါ့။ စိတ်ဆင်းရဲမှုတွေဝင်လာတော့ ဘာဖြစ်သွားတုန်းဆိုတော့ လူတွေ အကျင့်ပျက်တယ်၊ စိတ်ဆင်းရဲတယ်ဆိုတော့ ဘာဖြစ်သွားတုန်းဆိုတော့ ဒီရွှေခေတ်ကလူတွေက ပထမဆုံးဆင်းရဲတော့ ခိုးမှုပေါ်လာတယ်။ ခိုးမှုပေါ်လာတော့ ဒီလက်နက်တွေစုလာတယ်၊ လက်နက်တွေ စုလာပြီးတော့ လူသတ်မှုတွေ ပေါ်လာတယ်။ ဒီလိုဒုစရိုက်တွေ ပေါ်လာတဲ့အခါကျတော့ သူတို့ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သားသမီးတွေကျတော့ သတ်တမ်းတွေ တိုသွားတယ်။ အနှစ်ရှစ်သောင်းတမ်းကနေ အနှစ်လေးသောင်း တမ်းအထိ ဆုတ်ယုတ်သွားတယ်၊
လူသတ်တမ်းဟာ အဲဒီလိုပဲ တစ်ဖြေးဖြေးဆုတ်ယုတ်သွားတယ်။ ဒီနေရာမှာ စဉ်းစားစရာပေါ့၊ ဒီလို လူတစ်စုက အကျင့်ပျက်တာနဲ့ လူတွေရဲ့ သက်တမ်းဟာ ဆုတ်ယုတ်ရသလားလို့ မေးလို့ရှိရင်၊ ဆုတ်ယုတ်တယ်။ ဘယ်လိုဆက်သွယ်တာတုန်းလို့ဆိုရင်- လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ မကောင်းတဲ့ စိတ်ဓာတ်က လူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ရာသီဥတုတွေကို -changes- ဖြစ်စေတယ်။ ကြည့်လေ အခုကမ္ဘာကြီးပူနွေးလာတာ သူတို့က အိုးဇုန်းလွာပါးလို့။ အိုဇုန်းလွာဘာကြောင့်ပါးတုန်းဆိုရင် လူတွေဟာ လောဘတွေ၊ ဒေါသတွေ၊ လူတွေရဲ့အပူတွေကြောင့်မို့ပါးတာ၊ တက်ကယ်ကျတော့။ လူတွေရဲ့ လောဘဟာ ပိုကြီးလာတယ်၊ အခု လိုအပ်ချက်တွေ ပိုများလာတယ်။ ဒေါသတွေ ပိုကြီးလာတယ်။ လောဘကြီးရင် ဒေါသကြီးတာပဲ။ လောဘတွေ ဒေါသတွေ မာန်မာနတွေ၊ ဣဿာတွေ၊ မစ္ဆရိယတွေ လူတွေရဲ့သန္တာန်မှာ။ ဒီအပူသဘာဝ အပူဓာတ်တွေက ပတ်ဝန်းကျင်ကို ဖျက်ဆီးလာတယ်။

0 comments:
Post a Comment