* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 11, 2009

သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်လိုသော်...


ကိံသီလသုတ် - (ဘယ်အကျင့်သီလရှိသနည်း) (ကိံ= အဘယ်နည်း)

အဘယ်သို့သော ဝါရိတ္တသီလရှိသူ အဘယ်သို့သော စာရိတ္တသီလရှိသူ အဘယ်သို့ ကံတို့ကို ပွါးများသူသည် သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်နိုင်ပါသနည်း၊ မြတ်သော အရဟတ္တဖိုလ်သို့လည်း ရောက်နိုင်ပါသနည်း။ 327-1

ပညာဂုဏ် ဇာတ်အရွယ်အားဖြင့် ကြီးသူတို့အား ရိုသေရာ၏၊ ငြူစူခြင်း မရှိရာ၊ အလေးပြုထိုက်သူ တို့ကို ဖူးမြော်ရန် အခါကိုလည်း သိရာ၏၊ တရားနာရန် ရခဲသော ခဏကို သိသည်ဖြစ်၍ ဟောကြားအပ်သော သမထဝိပဿနာ စကားကို လည်းကောင်း၊ ကောင်းစွာ ဟောအပ်သော ဘုရားဂုဏ်တော် စသော တရားတို့ကို လည်းကောင်း ရိုသေစွာ နာယူရာ၏။ 328-2

သင့်လျော်သော ကာလ၌ ခက်ထန်သော မာန်ကို ကင်းအောင်ပြုလျက် ကိုယ်နှင့် စိတ်ကိုနှိမ့်ချကာ ဆရာတို့ထံသို့ ဆည်းကပ်ရာ၏၊ ပါဠိ၏ အနက်သဘောကို လည်းကောင်း၊ ပါဠိကို လည်းကောင်း၊ သီလကို လည်းကောင်း၊ မြတ်သော အကျင့်ကို လည်းကောင်း အောက်မေ့ရာ၏၊ ကောင်းစွာလည်း ကျင့်ရာ၏။ 329-3

သမထဝိပဿနာတရားလျှင် မွေ့လျော်ရာရှိသူ တရား၌ မွေ့လျော်သူ တရား၌ တည်သူ တရား အဆုံးအဖြတ်ကို သိသူ ဖြစ်ရာ၏၊ တရားကို ဖျက်ဆီးတတ်သည့် စကားကို မဟောပြောရာ၊ ကောင်းစွာ ဟောအပ်သော မှန်သော စကားတို့ဖြင့် ကာလကို ကုန်လွန်စေရာ၏။ 330-4

ရယ်မြူးခြင်းကို လည်းကောင်း၊ အကျိုးမဲ့ စကားပြောခြင်းကို လည်းကောင်း၊ ငိုကြွေးခြင်းကို လည်းကောင်း၊ အရာ မဟုတ်သည်၌ အမျက်ထွက်ခြင်းကို လည်းကောင်း၊ လှည့်ပတ်ခြင်း 'မာယာ' ကို လည်းကောင်း၊ အံ့ဖွယ်ပြုခြင်းကို လည်းကောင်း၊ တပ်မက်ခြင်းကို လည်းကောင်း၊ မာနကို လည်းကောင်း၊ ခြုတ်ခြယ်ခြင်းကို လည်းကောင်း၊ ကြမ်းကြုတ်ခြင်းကို လည်းကောင်း၊ ရာဂဖန်ရည်ကို လည်းကောင်း၊ ကာမဂုဏ်၌ မိန်းမောခြင်းကို လည်းကောင်း စွန့်ပယ်လျက် မာန်ယစ်ခြင်း ကင်းကာ စိတ်တည်ကြည်သည် ဖြစ်၍ ကျင့်ရာ၏။ 5

ကောင်းစွာဟောအပ်သော စကားတို့သည် သိမှု (သုတမယဉာဏ်)ဟူသော အနှစ်သာ ရရှိကုန်၏၊ အကြား အမြင် သုတသည်လည်း သိအပ်ပြီးသော တရားတို့၌ ကောင်းစွာထားမှု 'သမာဓိ' ဟူသော အနှစ်သာရရှိ၏၊ အကြင် သူသည် ရာဂစသည်တို့၏ အစွမ်းဖြင့် အဆောတလျင် ပြုလုပ်၏၊ ကုသိုလ်တရားတို့၌ မေ့လျော့တတ်၏၊ ထိုသူအား ပညာသည် လည်းကောင်း၊ အကြားအမြင်သည် လည်းကောင်း မတိုးပွါး။ 332-6

အကြင်ပုဂ္ဂိုလ်တို့သည် အရိယာတို့ ဟောကြားအပ်သော တရား၌ မွေ့လျော်ကုန်၏၊
ထိုပုဂ္ဂိုလ်တို့သည် နှုတ်အားဖြင့် လည်းကောင်း၊ စိတ်အားဖြင့် လည်းကောင်း၊ ကိုယ်အားဖြင့် လည်းကောင်း အတုမရှိ မြတ်ကုန်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှု အရိယမဂ်နှင့်ယှဉ်သော သမာဓိ၌ တည်ကုန်လျက် အကြားအမြင်၏ လည်းကောင်း ပညာ၏ လည်းကောင်း အနှစ် အရဟတ္တဖိုလ်ကို ရကုန်၏။ 333-7

၉ - ကိံသီလသုတ်၊ စူဠဝဂ်၊ သုတ္တနိပါတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP