* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 23, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၅)



ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၅)
ခုန်ချင်တိုင်း ခုန်ရာမှ


သတ္တ၀ါတို့ ၏ ‘‘ စိတ် ’’ သဘာဝမှာ ပစ္စုပ္ပန်ဟူ၍လည်း သတိမပြုမိ၊ ပစ္စုပ္ပန်တည့်တည့် အပေါ်၌လည်း မနေလို။ အာရုံနှင့် အာရမ္မဏိတ တိုက်မိ၍ (၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်ပေါ်လာသည်နှင့် တပြိုက်နက် အတိတ်၊ အနာဂတ်နှင့် ဆက်စပ်သည့် ဆင်ခြင်စဉ်းစားမှုများသည် ချက်ချင်းပင် ၀င်လာတတ်သောကြောင့် အားထုတ် ခါစတွင် စိတ်ပျက်မိမတတ် အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့ သော် လက်တွေ့ စမ်းသပ် ကြိုးစား သည့် အခါ အားရှိဖွယ်သော ‘‘ ပေါင်းကူး ’’ ကလေးများလည်း တွေ့ ရတတ်ပါသည်။


အားထုတ်လျှင်အားထုတ်ချင်း ပစ္စုပ္ပန်တည့်တည့်အပေါ်၌ ထား၍မဖြစ်သည်မှာ လူတိုင်း၏ အတွေ့ အကြုံ ဖြစ်ကောင်း ဖြစ်ပေမည်။ ‘‘ တကူးကူး ’’ ဟူသော အသံကို ကြားလိုက်ရလျှင် ကြားလိုက်ရခြင်း‘‘ ချိုး ’’ ဟု အသိစိတ်ဝင်လာခြင်းမှာ ဓမ္မတာပင် ဖြစ်ပေလိမ့်မည်။ အချို့ ကမူ မည်သည့်သစ်ပင်ပေါ်မှ ကူလေသနည်း။ ‘‘ချိုး ’’ ကူတဲ့ ရာသီက စောလှချေတကား၊ ချိုးသား မစားရသည်မှာ အတန်ကြာလေပြီ စသော စိတ်ကူးများပင် ဖြစ်ပေါ်လာပေလိမ့်မည်။ ပထမ၌ လေး ငါး ခြောက်ချက် ထိုကဲ့သို့  ကူးကျော်ပြေးလွှားရာမှ သတိနှင့်ကြိုးစားသော သူသည် ၂-ခုန်၊ ၃-ခုန်နှင့်မျှ သတိရ၍ ‘‘ ဘရိတ်အုပ် ’’ လိုက် နိုင်ပေလိမ့်မည်။ အားရှိဖွယ်သော အချက်ဟူသည် မှာ မည်မျှလောက် ခုန်၍ ကူးကျော်သွားမိသည်ဖြစ်စေ၊ နောက်ဆုံးတွင် သတိရ၍ ပစ္စုပ္ပန်တည့်တည့် သို့ ပြန်ခေါ် လာနိုင်ခြင်းတည်းဟူသော သတိသည် တန်ဖိုးရှိ၍ ရှေ့ အဖို့ ရာ၌ တိုးတက်စေဖို့  ပါရမီဖြစ်သည်ဟု နားလည် သင့်သည်။ အဘယ့်ကြောင့်ဆိုသော် သတ္တ၀ါသည် တစ်သံသရာလုံးတွင် ပစ္စုပ္ပန်တည့်တည့်ထားဖို့ ဘယ်တော့မှ သတိမရဘဲ ပေါက်လွှတ်ပဲစား ခုန်ချင်တိုင်း ခုန်လာခဲ့ကြသည်ချည်း ဖြစ်ပေသောကြောင့်တည်း။


တိုးတက်လာခဲ့ပုံ


‘‘ တတ်စရှိလျှင် တတ်ချင်ချင်တည့် ’’ ဟူသော လင်္ကာကလေးမှာလည်း ဤအလုပ်အတွက် အားရှိဖွယ်သော အထောက်အထား တစ်ခုဖြစ်၏ ။ သတိပြုစရှိလျှင် ကြာလေလေ သတိကောင်းလေလေ ဖြစ်လာတတ်သည်။ အသံတစ်ခုခုကို ကြားလိုက်ရ၍ လေး ငါး ခြောက်ခုန် ခုန်ပြီးမှ သတိရရာမှ သုံး လေးခုန် နှင့် သတိရခြင်း၊ တစ်ခုန်
နှစ်ခုန်နှင့် သတိရခြင်း စသည်ဖြင့် တိုးတက်မှုရှိလာသည်။ ထို့ နောက်တစ်ခါတရံတွင် တစ်ခုန်မျှပင် မခုန်တော့ဘဲ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့် တစ်မိနစ် နှစ်မိနစ် စသည်ဖြင့် နေနိုင်သော အခြေအနေသို့ ရောက်လာ တော့ သည်။


ကျွန်ုပ်အဖို့ မှ ထိုကဲ့သို့  ၁၅မိနစ်ခန့် မျှနေနိုင်အောင် သုံးလေးနှစ်မျှ လေ့ကျင့်ယူရသည်ဖြစ်ရာ ယခုအခါ၌မူ တစ်နာရီခန့် မျှ နေနိုင်သောအခြေသို့  ရောက်လျှက်ရှိပါ၏ ။ ဤကဲ့သို့  နေနိုင်ခြင်းအားဖြင့် မည်ကဲ့သို့ သော အကျိုးအာနိသင်များ ကြုံတွေ့ ရပါသနည်း။


ဘာဝနာသတ္တိ


ပထမအချက်၌ စိတ်၏ အနိစ္စသဘောတရားကို သဘောပေါက်လာတော့သည်ဖြစ်ရာ ဥပမာဆောင်၍ ပြပါအုံးမည်။


မီးရထားဖြင့်ခရီးသွားသောသူသည် အဝေး၌ရှိသော တောင်တန်းများကို မျှော်ကြည့်နေခဲ့သောအခါ မီးရထား၏ လျင်မြန်စွာ ခုတ်နှင်နေသော အဖြစ်ကို မြင်ဖို့ ခဲယဉ်း၏။ ထို့ ထက် အနီးရှိ သစ်ပင်များကို လှမ်းကြည့်သည့်အခါ ရွေ့ လျားမှုသည် သာ၍ထင်ရှားလာ၏။ ထို့ ထက် မီးရထားအနီး၌ ကပ်လျက်ရှိသော မြေကြီး၊ ကျောက်ခဲ၊ မြက်ပင်စသော အရာဝတ္ထုများကို စိုက်ကြည့်သည့်အခါ ရွေ့ လျားမှုသည် သာ၍ထင်ရှားပြန်၏။ ကြာရှည်စွာ စိုက်ကြည့်သည့်အခါ မူးသလိုလိုပင် ဖြစ်လာတတ်သည်ကို ကြုံဖူးပေလိမ့်မည်။

ထိုနည်းအတူ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း စသည်ဖြင့် တွေးတောနေသောသူသည် စိတ်၏ရွေ့ လျားမှုကို မြင်နိုင်ခွင့်မရှိ။ ကြားကာမတ္တ၊ မြင်ကာမတ္တ၊ နံကာမတ္တစသည်ဖြင့် အသိအမှတ်ပြု၍ ရှုမှတ်သောအခါ အသိစိတ်တွေ ခဏချင်း၊ ခဏချင်း ပြောင်းလဲလျက် ရှိခြင်းကို မြင်လာတော့သည်။ မီးရထားပေါ်မှ လမ်းနံဘေးရှိ ကျောက်ခဲကလေးများကို ကြာရှည်စွာကြည့်နေ၍ အရိပ်ရိပ်ဖြစ်ပြီး “မူး” လာတတ်ခြင်းကဲ့သို့ သော အဘောမျိုး ခပ်ဆင်ဆင် ဖြစ်လာခြင်းကိုပင် ကြုံရဖူးသည်။ သို့ သော် တကယ် “မူး” လာသည်ဟူ၍ နားလည်ကြရန် မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ် (ဘာဝနာ) လေ့ကျင့်ခြင်း၏ သတ္တိကို ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၃)ရက်နေ့လည်(၃း၃၀)နာရီ ကူးတင်ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP