သဘိယသည် ဤသို့ မေးလျှောက်၏...
သဘိယသုတ်-
သဘိယသည် ဤသို့ မေးလျှောက်၏...
မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆို သနည်း၊ 519
မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏...
သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ နိဗ္ဗာန် သို့ ရောက်၏၊ ယုံမှားခြင်းကို လွန်မြောက်၏၊ ပျက်စီးဆုတ်ယုတ်ခြင်းကို လည်း ကောင်း၊ ကြီးပွါးခြင်းကို လည်းကောင်း ပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏၊ တစ်ဖန် ဘဝသစ်၌ ဖြစ်မှု ကုန်ခန်းပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏။ 520
အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ ဆဠင်္ဂုပေက္ခာဖြင့် လျစ် လျူရှုတတ်၏၊ သတိရှိ၏၊ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏၊ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင် ပုဂ္ဂိုလ်အား ရာဂစသော ထူပြောမှု 'ဥဿဒ' တို့ မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူမည်၏။ 521
အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောကအားလုံးဝယ် စက္ခု စသော ဣနြေ္ဒတို့သည် ပွါးများပြီး ဖြစ်ကုန်၏၊ ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း ထိုးထွင်း သိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏၊ ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ်ကျေးသူ မည်၏။ 522
ကပ်ကမ္ဘာ အားလုံးတို့ကို လည်းကောင်း၊ နှစ်ပါးစုံသော စုတိပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကို လည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ ဆိုကြကုန်၏။ 523
သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား ဟောအပ်သည်ကို စိတ်တိုင်းကျလျက် ရွှင်လန်း တက်ကြွကာ နှစ်သိမ့် ဝမ်းမြောက်လေသည်။

၆ - သဘိယသုတ်- မှ၊ မဟာဝဂ်၊ သုတနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။
သာဓု... သာဓု... သာဓု...။
ချမ်းသာခြင်း ဝမ်းမြောက်ခြင်းများသည် ဖြစ်၍ နေရ၏...
သုခသောမနဿသုတ်
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ချမ်းသာခြင်း ဝမ်းမြောက်ခြင်းများသည် ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါ တရားတို့ ကုန်ရန် အကြောင်းကိုလည်း အားထုတ်ပြီး ဖြစ်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ-
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်
၁... တရား၌ မွေ့လျော်၏၊
၂... ဘာဝနာ၌ မွေ့လျော်၏၊
၃... အကုသိုလ်တရားကို ပယ်စွန့်မှု၌ မွေ့လျော်၏၊
၎... ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊
၅... ဆင်းရဲ မရှိရာ နိဗ္ဗာန်၌ မွေ့လျော်၏၊
၆... သံသရာ နယ်ချဲ့ ပပဉ္စ တရား မရှိရာ နိဗ္ဗာန်၌ မွေ့လျော်၏။
ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ချမ်းသာခြင်း ဝမ်းမြောက်ခြင်း များသည်ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့ ကုန်ရန် အကြောင်းကိုလည်း အားထုတ်ပြီး ဖြစ်၏ ဟု မိန့်တော်မူ၏။ 78
၎ - သုခသောမနဿသုတ်၊ အရဟတ္တဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

0 comments:
Post a Comment