သီတဂူလမ်း
ဒိုင်ယာရီစာမျက်နှာ အဟောင်းတွေကို လှန်မိတော့ တောက်တောက်ပပနေ့တွေကို ကောက်ယူမွှေးမိပြန်ပါတယ်။သီတဂူကြောင့် မွှေးရတာပါ။ သူကတော့ သီတဂူစိုက်တဲ့ ပန်းတွေကြား ၀င်ပွင့်ခွင့် ရလိုက်တာပါ။
မတ်လရဲ့ အစောပိုင်းနေ့တွေဟာ သီတဂူဆရာတော်ကြီးမွေးနေ့ပွဲတော်အမီ လှပနေခဲ့ပါတယ်။ သာသနာ့အလံတော်တွေ၊ သီတဂူအထိမ်းအမှတ်တံခွန်တွေ ၊ နိုင်ငံတကာရောင်စုံသင်္ကေတတွေက စစ်ကိုင်းတောင်တစ်ရိုး တလူလူလွင့်နေခဲ့ပါရော့။ ဆွမ်းဦးပုညရှင်ဆီက ဆည်းလည်းသံတွေကို ကြားကြားသမျှ အားလုံးက သိမ်းပိုက်မိကြပေါ့။
သီတဂူဆရာတော်ကြီးရဲ့ ၇၂ ပြည့်မွေးနေ့တော်မှာ အမှတ်တရတွေ မော်ကွန်းထိုးဖို့ အများသား..။
၁။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးရဲ့ သန္တိမဟာဘွဲ့နှင်းခန်းမကြီးဖွင့်ပွဲနဲ့တွဲပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပထမဆုံးအသုတ် ၀ိဇ္ဇာတန်းပညာသင်တွေကို B.A ဘွဲ့နှင်းအပ်ကြမယ်။
၂။ သီတဂူဆရာတော်ကြီးကို ထိုင်းဘုရင့်နိုင်ငံတော် Mahamakut University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဆက်ကပ်ကြမယ်၊
၃။သီတဂူဆရာတော်ကြီးရဲ့ အမွေ့လျော်ဆုံးဆန္ဒတော်နဲ့ ဖန်တီးခဲ့တဲ့ (Association of Theravada Buddhist Universities) အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်များအဖွဲ့ကြီးရဲ့ ဒုတိယမြောက်ညီလာခံကို
ကျင်းပကြမယ်ပေါ့။
သီတဂူဆရာတော်ကြီးက အိန္ဒိယကို မမေ့ခဲ့ဘူး။ တကယ်တော့ အိန္ဒိယကိုသာမဟုတ်ဘူး။ မျိုးဆက်သစ်တွေကို သူ့နေ့စွဲထဲ ထည့်ရေးခဲ့တာပါ။ ဆရာတော်ကြီးက အိန္ဒိယကို တစ်နှစ်တစ်ခေါက်တော့ ရောက်လာလေ့ရှိပါတယ်။ အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးမှာ ပညာသင်နေတဲ့ရဟန်းတွေ (ဒီနှစ်ဆို သုံးရာကျော်လောက်ရှိပါတယ်) အတွက် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၁၀၀ စီ လှူဒါန်းလေ့ရှိပါတယ်။
“ မင်းတို့ရတာတော့ တစ်ရာပေါ့ကွာ ငါ့မှာတော့ သုံးသောင်း ”ဆိုတာမျိုးခပ်ရွှင်ရွှင်လည်း မိန့်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာတော့်စကားနာကြားခွင့်ရတာကိုက ကံထူးခြင်းတစ်မျိုးပါ။ ပြီးတော့လည်း သီဟိုဠ်ကျွန်းကိုလည်း ဆရာတော်က ကြွလေ့ရှိပါသတဲ့။ သီဟိုဠ်မှာ ပညာသင်နေတဲ့ရဟန်းတော်တွေကိုလည်း ဆရာတော်က မှတ်မှတ်ရရရှိခဲ့ပါတယ်။
ဒီတော့ ဆရာတော်ရဲ့ မွေးနေ့မင်္ဂလာနဲ့ တွဲဖက်ထားတဲ့ နိုင်ငံတကာပွဲမှာ မဇ္ဈိမနဲ့ သီဟိုဠ်ကို ပွဲထုတ်တော့တာပါပဲ။ “အိန္ဒိယက ပညာသင်ရဟန်းတော် ဆယ်ပါး။ သီရိလင်္ကာက ပညာသင်ရဟန်းတော်ဆယ်ပါး ကြွလာစေ ”တဲ့။
ဆရာတော်ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ဂုဏ်ယူဖွယ်ဖိတ်စာမှာ မျိုးဆက်သစ်ရဟန်းတော်တွေ
အားသစ်ခဲ့ကြပေါ့။
အဲဒီဖိတ်စာဟာ
MMWAI (အိန္ဒိယနိုင်ငံလုံးဆိုင်ရာမြန်မာပညာသင်ရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့) ကြီးရဲ့ အသက်သွင်းရွေးချယ်မှုနဲ့ သီဟပူရ(Singapore)မှာ ကျောက်ချနေတဲ့သူ့အတွက်လည်း အကျုံးဝင်ခဲ့ပါတယ်။
အိန္ဒိယကို ကိုယ်စားပြုမယ့် ရဟန်းတော်ဆယ်ပါးထဲ သူလည်း စာတမ်းတစ်စောင်ဖတ်ဖို့ ခပ်သုတ်သုတ်ကြိုးစားလို့ ချန်ဂီလေဆိပ်ကနေ ပိုးသားလေကြောင်းနဲ့ အမြန်ပြန်ခဲ့တယ်..။
လေယာဉ်ပေါ်မှာ မှတ်မှတ်ရရတွေ့ခဲ့ရတဲ့ ကမ္ဘာ့ဗုဒ္ဓစာပေပညာရှင်ကြီး ဒေါက်တာဂုဏရတနကို မသိနိုးနား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့မိသေးရဲ့။ ညီလာခံတက်ကြမယ့်သူအချင်းချင်းပေါ့..။
ပြီးမှ မျက်နှာပူရတယ်..။ ညီလာခံမှာ ဆရာတော်ကြီးက သဘာပတိထိုင်ခုံမှာ မိန့်မိန့်ကြီးသီတင်းသုံးလို့..။ ဆရာတော်ကြီးက အမေရိကားမှာ နှစ်ရှည်လများနေထိုင်သာသနာပြုနေတဲ့ ကျမ်းပြုသီဟိုဠ်ဆရာတော်ကြီးပါ။
ဘာပဲဖြစ်ဖြစ် မတ်လအစောပိုင်းရက်တွေအမီ စစ်ကိုင်းရဲ့ သံချောင်းခေါက်သံတွေ လှခဲ့ပါတယ်။
မတ်လ (၄) ရက် ရန်ကုန်က ထွက်ခွာ...။
ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မုခ်ဦးဝက ကားစထွက်တော့ နံနက်
၃း၃၀ နာရီ..။
ပါမောက္ခ၊ ကထိကဆရာတော်တွေ၊ လူပုဂ္ဂိုလ်ပါမောက္ခ၊ ကထိကဆရာ ဆရာမတွေနဲ့အတူပေါ့။
သူကတော့ သီတဂူဆရာတော်ရဲ့ ဖိတ်ကြားစာရင်းမှာ ပါသော်လည်း “ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ကြွ ကုန်ကျစားရိတ် စစ်ကိုင်းမှာထုတ်ယူ ” ဆိုတဲ့ သီတဂူမိတ်ဆွေပါမောက္ခတစ်ချို့ရဲ့ အကြောင်းပြန်ချက်ကြောင့် ကားလက်မှတ်အဆင်သင့်ဖြတ်ထားပေမယ့် အဖော်ကောင်းလို့ ထေရ၀ါဒခရီးစဉ်ထဲ ရောပါမိပါရော။
(ဆက်ရန်)

0 comments:
Post a Comment