သီတဂူလမ်း (၃)
မဟာမုနိရုပ်ရှင်တော်မြတ်ပရိဝုဏ်က အပြန် စစ်ကိုင်းကို မ၀င်မီ မန္တလေးသာသနာ့တက္ကသိုလ်ကလည်း သီတဂူညီလာခံဧည့်သည်တော်တော်တွေကို ဖိတ်ကြားထားပါသတဲ့...။ သူ ၀မ်းသာသွားပါတယ်။ လွန်ခဲ့တဲ့ နှစ်ဆယ်ရာစုနောက်ဆုံးနေ့တွေထဲ ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်တံခါးဝကို ဆယ်စုနှစ်တစ်ခုနီးပါးကြာမှ ပြန်ဝင်ရဦးမယ်။
ဟိုတုန်းကလို ကျောင်းခေါ်ချိန်နောက်ကျလို့ ခိုးကြောင်ခိုးဝှက် ချောင်ကပ်ဝင်ရတဲ့ ကျောင်းသားတစ်ယောက်မဟုတ်တော့ဘူးပေါ့။
ခုတော့ သူက ထေရ၀ါဒတက္ကသိုလ်များညီလာခံမှာ ခပ်တည်တည် (မိတ်ဆွေများပြောသလို မယောင်မလည်) ကိုယ်စားလှယ်အဖြစ်တက်ရောက်မယ့်သူ ဖြစ်နေပါရောလား။
နန်းတော်ရှေ့ ၆၂ လမ်းကို ချိုးကွေ့ဝင်လိုက်တာနဲ့ သူ့စိတ်တွေက လတ်လတ်ဆတ်ဆတ် ဖြစ်သွားတယ်။
လင်းလက်နေတဲ့ တက္ကသိုလ်မုခ်ဦးဝကြီးထဲ တိုးဝင်လိုက်တာနဲ့ သူဝေဒနာက္ခန္ဓာတွေ လင်းသွားတယ်။
မိတ်ဆွေတွေရဲ့ အော်ဟစ်နှုတ်ဆက်သံတွေကို မြတ်နိုးစွာ သိမ်းပိုက်မိပါရဲ့။
သူ့ Same Batch တွေက ဒီတက္ကသိုလ်မှာ နည်းပြနဲ့ ကထိကဆရာတော်တွေအဖြစ် သူတို့ကြောက်ခဲ့တဲ့စာသင်ခန်းတွေထဲ ပြန်ဝင်ပျော်မွေ့နေကြလေရဲ့။
သူတို့ထဲက တစ်ချို့ဆို စာသင်နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွားတယ် သူနဲ့ စကားမပြောလိုက်ရဘူး။
ခုတော့ အားလုံးရဲ့ နှုတ်ဆက်အပြုံးတွေကို တစ်ခုချင်းလိုက်ကောက်လို့ မမီတော့ဘူး။
သူတက်ခဲ့တဲ့တက္ကသိုလ်ရာသီတွေမှာ သူက အုပ်စုတစ်ခုအခိုင်အမာထဲ ရောက်ခဲ့တာပါ။ ဒီလိုနဲ့
စာမေးပွဲရမှတ်တွေ လျော့လျော့သွားတာပါ။
ပထမနှစ် လေးဘာသာဂုဏ်ထူး
ဒုတိယနှစ် သုံးဘာသာဂုဏ်ထူး
တတိယနှစ် နှစ်ဘာသာဂုဏ်ထူး
နောက်ဆုံးနှစ် တစ်ဘာသာဂုဏ်ထူး
(တက္ကသိုလ်မှာ ရှိတဲ့ ဘာသာတွေက မေဂျာသုံးဘာသာ မိုင်နာလေးဘာသာပါ)
အဲဒါတွေက
၁။ ၀ိနည်း
၂။သုတ္တန်
၃။အဘိဓမ္မာ
၎။ပါဠိ
၅။မြန်မာစာ
၆။အင်္ဂလိပ်
ရ။ဗုဒ္ဓဒေသနာပြန့်ပွားရေးဘာသာ(ဗုဒ္ဓ၀င်ဆိုင်ရာသမိုင်း၊ ဒဿနနှင့် ပထ၀ီဘာသာ)
သူဂုဏ်ထူးထွက်လေ့ရှိတဲ့ ဘာသာတွေက မေဂျာဘာသာတွေများပါတယ်။ ပထမဆုံးနှစ်ကဆို သူ့မိတ်ဆွေတွေ အံ့အားသင့်သွားဖူးပါတယ်။ (ကြွားတာပါ) မေဂျာတွေချည်း ဂုဏ်ထူးထွက်လို့ပါ။
သူဂုဏ်ထူးမထွက်တာက အမှတ် (၅) နဲ့ အမှတ် (၇) ဘာသာရပ်တွေပါပဲ။အမှတ်(၆)ဘာသာ အင်္ဂလိပ်စာကတော့ ဂုဏ်ထူးထွက်ပေးဖို့မသင့်ဘူးလို့ စဉ်းစားထားတာမှန်ပါတယ်။ ခုရေတွင်းတူး ခုရေကြည်သောက်အင်္ဂလိပ်စာ အဆင့်အတန်းက ဘယ်မှာ အဆင်ပြေမှာတုန်း။ မေးထားတဲ့ မေးခွန်းကို ဖြေနိုင်လို့ ဂုဏ်ထူးထွက်မယ်ဆိုရင်တော့ သူ့နာမည်ကို ချန်ထားလို့ရမှာ မဟုတ်ဘူးပေါ့။
သူရေးနေကျမြန်မာစာကို ပါရာယန၀တ္ထုနဲ့ ဇိနတ္ထပကာသနီစကားပြေလွှမ်းမိုးခံထားရတဲ့ ဆရာက သိပ်ဘ၀င်မကျလှပါဘူး။ သမိုင်းဆရာကတော့ သက္ကရာဇ်တွေကိုပဲ အမှတ်ပေးချင်လေတော့ သင်ခန်းစာတွေကို တွေးပြီးရေးတတ်တဲ့ သူအဖြေလွှာမှာ အမှတ်စာရင်းတွေ နည်းသွားတာပါ။ ခုဆရာတွေ ပြန်တွေ့တော့
ရာစုသစ်အသစ်ကြီးထဲ ဘာတွေ ပေးရမယ်ဆိုတာ သူတို့သိနေကြပြီဆိုတာ နားလည်နေခဲ့ပါတယ်။
စာကျက်တာ မမြင်ဖူးတဲ့သူတဲ့မိတ်တွေလောကမှာတော့ ဉာဏ်ကောင်းတယ်ဆိုတာမျိုးလည်း နာမည်ထွက်ခဲ့ဖူးပါတယ်။ ၂၀၀၀ ခုနှစ်အလွန် ထေရ၀ါဒတက္ကသိုလ်တက်ခဲ့တဲ့အချိန်မှာတော့ မိတ်ဆွေတစ်ယောက်ပြောတဲ့စကားကြောင့် ပြုံးမိရတာပါ.။“ ဉာဏ်ကောင်းတယ်လို့ နာမည်ကြီးပြီဆိုရင်တော့ ညည အိပ်ရေးပျက်ပြီသာ မှတ်ပေရော”တဲ့။
ဘာပဲဖြစ်ဖြစ်
ခုတစ်ခေါက်ရောက်ချိန်မှာတော့ မိတ်ဆွေတွေရဲ့ နှုတ်ခွန်းဆက်သံတွေကြားထဲ သူမျောပါခဲ့ရဲ့။ ကထိကနဲ့ နည်းပြဆရာတော်ကြီးတွေက သူ့မိတ်ဆွေတွေဆိုပဲ။ တကယ်တော့ သူလည်း သူတို့ အမြင်မှာ တစ်ခုခုဖြစ်နေလေသလား( ဖတ်မိတဲ့ ကိုယ့်လူတို့ရေ ဘွာတေး)
မစ္စတာ ဖရီးမင်းရေ ခင်ဗျားပြောတဲ့ The World Is Flat. ကမ္ဘာကြီးပြားသွားပြီဆိုတာ လက်ခံလိုက်ပြီ။
ကစားကွင်းက ပြင်ညီသွားပြီပေါ့။

0 comments:
Post a Comment