* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 2, 2009

ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏ by ဒေါက်တာအရှင်ဉာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., D.Litt.)

မိမိ စာသင်သားဘ၀က ပထမကြီးတန်းကို ဖြေဆိုခိုက် ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ ပရမတ္ထစက္ခုကျမ်းကို ဖတ်ရှုဖြစ်ခဲ့လေသည်။ ပဏာမမှ နိဂုံးအထိဖတ်ကြည့်ရာ ထိုကျမ်း၏ နိဂုံး၌ ဆရာတော်ကြီး၏ ဆုတောင်းဂါထာများကို တွေ့မိဖတ်မိလေသည်။ ဆုတောင်းဂါထာ သုံးပုဒ်ရှိသည်။ အလွန်ကောင်းသော ဘ၀လမ်းညွှန် မွန်မြတ်သည့် စိတ်ဓာတ်ကို မြှင့်တင်ပေးသည့် ဆုတောင်းဖြစ်သည်ဟု ခံယူသဘောပေါက်မိသည်။ မိမိသည် ထိုစဉ်ကပင် ထိုဆုတောင်းကို အရဆောင်၍ ဘုရားဝတ်တက်တိုင်း ကောင်းမှုပြုတိုင်း ဆုတောင်းနေခဲ့လေသည်။

အသီးသီးတတ်သော သစ်ပင်တို့သည် အသီးတို့ဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုတတ်ကုန်၏၊ မြစ်ချောင်းတို့သည် ရေဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုကုန်၏၊ နွားမတို့သည် နို့ရည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ နွားထီးတို့သည်လည်း ကောက်ပဲသီးနှံတို့ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ “နေ” သည် နွေးသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြု၏၊ “လ” သည်လည်း အေးမြသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ ဤသို့လျှင် လူတို့သည် လူအချင်းချင်း ကျေးဇူးပြု ကောင်းကျိုးပြုရမည်သာ ဖြစ်သည်။

မြေကြီးပေါ် ရောက်လာသောလူတို့သည် လူ့လောကကို ကျေးဇူးပြုမှ ဤကမ္ဘာမြေပေါ်ဝယ်နေရကျိုးနပ်မည်၊ လူတို့သည် အထက်ဖေါ်ပြပါ ကျေးဇူးပြတတ်သော အရာဝတ္ထူတို့နှင့် လုံးလုံးမတူ ထူးခြားသည်သာဖြစ်၏။ အကြောင်းအကျိုးကို နားလည်သည်၊ အကောင်းအဆိုးကို သိမြင်သည်၊ ဆင်ခြင်တုံးတရားရှိသည်၊ ထို့ကြောင့် ကံကောင်းထောက်မ၍ ရခဲစွာလှ လူ့ဘ၀ကို ရကြသူတို့သည် စဉ်းစားဆင်ခြင်ရန်မှာ “ငါသည် လူသားတို့အတွက် ဘာတွေကို ထားပြစ်ခဲ့မလဲ” “ငါသည် ငါ့အတွက် ဘာတွေကို ယူသွားမလဲ”၊ ဤအချက်ကို အလေးအနက် လူသားတိုင်း စဉ်းစားဆင်ခြင်အပ်လေသည်။

သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓသည် အရိုးကြေကြေ အရေဆုပ်ဆုပ် အားထုတ်တော်မူ၍ သတ္တလောကကြီးအတွက် ဓမ္မတစ်ခု ထားရစ်ခဲ့လေသည်၊ သတ္တ၀ါအားလုံးစားသုံး၍ မကုန်နိုင်အောင် ရှိပေသည်။ လောက၌ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ရှိသူတို့ကား ရှားပါးကုန်၏၊ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း နည်းပါးသူတို့သာ များပြားကုန်၏။ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ကြီးမားသူတို့သည် ကံ ဥာဏ် ၀ီရိယအား နည်းပါးသူတို့၏ မှီခို အားထားရာ ဖြစ်သင့်ပေသည်။

လူတို့၏ နှုတ်တွင် စကားပုံပေါင်း မြောက်မြားစွာ ပြောဆိုကြသည်။ ဥပမာ … “ရေကြည်ရာ မြက်နုရာ” ဆိုသော စကားမျိုးဖြစ်သည်။ ဤစကားရပ်၌ မိမိနေသောအရပ်၌ ရေနောက်လျှင် ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့ ခြောက်သွေ့လျှင် စိမ်းစိုသော အရပ်သို့ သွားရမည် ဟု ဆိုလိုဟန်ရှိသည်။ တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင်လုပ်ရမည်။ မနုသောမြက်တို့ကို နုအောင်စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှားပါးသော အရပ်ကို စိမ်းလန်းစိုပြေအောင် သောက်ရေ သုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူသည်။ ဤခံယူချက် ဤဆုတောင်းများကြောင့် ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ရေအလှူ၊ ဆေးအလှူ၊ ကျောင်းအလှူ၊ ကျောင်းသုံးပရိဘောဂအလှူ ဆေးရုံအလှူတို့ကို အတော်အတန် လှူဖြစ်ခဲ့လေပြီ။ ဆက်လက်၍ တောင်းလိုသော ဆုတောင်းသည်ကား “ကာမ၏ ကျေးကျွန်အဖြစ် ဘယ်ဘ၀မှာမှ မဖြစ်ရပါလို။ သာသနာတော်၏ကျေးကျွန်သာဖြစ်ရပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနှင့်၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏” ။

ဓမ္မမိတ်ဆွေများအား ဆရာတော်ဘုရား၏ ဆုတောင်းနှင့် ဂုဏ်ကျေးဇူးများကို မျှဝေလိုက်ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP