* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 2, 2009

စေတီတန်ခိုးပြခြင်း ပြဿနာ…

မိလိန္ဒမင်း…
အရှင်ဘုရား နာဂသေန ပရိနိဗ္ဗာန် စံတော်မူပြီးကုန်သော ဘုရားရှင် (ရဟန္တာ) အားလုံးတို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်ပါသလော၊ သို့မဟုတ် အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌သာ တန်ခိုးပြာဋိဟာသည် ဖြစ်ပါသလော…


အရှင်နာဂသေန…
မင်းမြတ်အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌ဖြစ်၏။ အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌ မဖြစ်။

မိလိန္ဒမင်း…
အရှင်ဘုရား အဘယ်ဘုရားရှင်တို့၏ စေတီ၌ဖြစ်ပါသနည်း…။ အဘယ်ဘုရားရှင်တို့၏ စေတီ၌ မဖြစ်ပါသနည်း…။

အရှင်နာဂသေန…
မင်းမြတ် သုံးယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်၏ အဓိဋ္ဌာန်ကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ အဘယ်သုံးယောက်သော ပုဂ္ဂိုလ်တို့နည်း ဟူမူ…

မင်းမြတ် ဤသာသနာတော်၌ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ``ဤမည် ဤမည်သော တန်ခိုးပြာဋိဟာသည် စေတီ၌ ဖြစ်စေသတည်း``ဟု အဓိဋ္ဌာန်ပြု၏။ ထိုရဟန္တာပုဂ္ဂိုလ်၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ဤသို့လျှင် ရဟန္တာပုဂ္ဂိုလ် အဓိဋ္ဌာန်ပြုသည်၏ အစွမ်းဖြင့် ပရိနိဗ္ဗာန် စံတော်မူပြီးကုန်သော ဘုရား(ရဟန္တာ)တို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် နောက်တစ်မျိုးကား နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ ``ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်း တရားတည်းဟူသော သာသနာသည် အမြဲချီးမြှောက်အပ်သည် ဖြစ်လတ္တံ့၊ လူတို့သည်လည်း ကြည်ညိုကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှု တိုးပွားကုန်လတ္တံ့``ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။ ဤသို့လျှင် နတ်တို့အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် နောက်တစ်မျိုးကား မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ယုံကြည်မှု သဒ္ဓါအားရှိသော၊ ရတနာသုံးပါး၌ ကြည်ညိုတတ်သော၊ ပညာရှိသော၊ လိမ္မာသော၊ ထိုးထွင်းနိုင်သော ပညာရှိသော၊ အသိဉာဏ်နှင့် ပြည့်စုံသောသူသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ အ၀တ်ပုဆိုးကိုလည်းကောင်း၊ တစ်ခုခုသော လှူဖွယ်ဝတ္ထု တစ်စုံတစ်ရာကိုလည်းကောင်း ``ဤသို့သော တန်ခိုးပြာဋိဟာမည်သည် ဖြစ်ပါစေသတည်း``ဟု အဓိဋ္ဌာန်၍ စေတီတော်၌ တင်မြှောက်၏။ ထိုသူ၏ အဓိဋ္ဌာန်အစွမ်းဖြင့်လည်း ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ဤသို့လျှင် လူတို့၏အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် ဤသို့လျှင် သုံးယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်၏ အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ မင်းမြတ်ထိုပုဂ္ဂိုလ်တို့၏ အဓိဋ္ဌာန်ပြုခြင်းသည် အကယ်၍ မဖြစ်ငြားအံ့ စေတီတော်၌ တန်ခိုးပြာဋိဟာသည် မဖြစ်။ (မိလိန္ဒပဥှာ၊ မြန်မာပြန်၊ နှာ ၃၁၈-၃၁၉)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP