*ဗောဇ္ဈင်တရား ခုနစ်ပါး(၁)*
ဗုဒ္ဓသည် ၀ိမုတ္တိ လမ်းကို ရှင်းလင်း ပြတ်သားစွာ ထုတ်ဖော် ဟောညွှန်တော် မူခဲ့လေသည်။ ထို လွတ်မြောက်မှုသို့ သွားရာ လမ်းတွင် ဗောဇ္ဈင် ခုနစ်ပါးဟု ခေါ်သော စိတ်ပိုင်းဆိုင်ရာ တရားများကို ထူထောင် မှုလည်း ပါဝင်သည်။ ဤ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး အမျိုးမျိုးကို ပြုစု ပျိုးထောင် ခြင်းဖြင့် ရင့်ကျက်လာ သောအခါ စိတ်သည် အနှောင်အဖွဲ့ အမျိုးမျိုးမှ လွတ်မြောက်လာရ လေတော့၏။ ဒုက္ခ အပေါင်းမှ လွတ်မြောက် လာရ လေတော့၏။ အလုံးစုံသော စိတ်ဝိဉာဉ် လွတ်မြောက်ရေး လမ်းစဉ် တိုင်းသည် ဤ ဗောဇ္ဈင် ခုနစ်ပါး တရားများကို တစ်ခုပြီး တစ်ခု ပြုစုပျိုးထောင် ရှင်သန်အောင် လုပ်ခြင်းပင် ဖြစ်၏။
ပထမဆုံးသော ဗောဓိပက္ခိယ တရားမှာ သတိ သမ္ဗောဇ္ဈင် ဖြစ်၏။ သတိနှင့် ပြည့်စုံခြင်းသည် ခဏတိုင်း ခဏတိုင်းမှာ ဖြစ်ပျက်နေသော အခြင်း အရာများကို မပြတ် သိမြင်နေအောင် အားထုတ်ခြင်း ဖြစ်၏။ စိတ်ကို မေ့လျော့ခြင်း ဆိုသော ပမာဒ တရား၌ အခွင့် မရအောင် ပြုခြင်း ဖြစ်၏။ ဗုဒ္ဓ ရှင်တော် မြတ်ဘုရားက စိတ်ကို ကုသိုလ် တရားများ ပွားများ စေခြင်းနှင့် အကုသိုလ် တရား ယုတ်လျော့ စေခြင်း၌ သတိထက် ပို၍ အစွမ်းသတ္တိ ရှိသော အရာကို ငါမမြင်ဟု မိန့်တော် မူခဲ့လေသည်။
မကျွမ်းကျင် မလိမ္မာမှုကို ယုတ်လျော့ စေလျက် ကျွမ်းကျင် လိမ္မာမှုကို တိုးပွားအောင် အထူးဘာမျှ လုပ်နေစရာ မလိုပါ။ ခဏတိုင်း ခဏတိုင်းကို သတိဖြင့် ကပ်၍ ရှုပွား နေရန်သာ လိုပါသည်။ သတိ ရှိနေမှု၊ သိနေမှု သည်ပင်လျှင် စိတ်ကို ဖြူစင်အောင် လုပ်ခြင်း ၀ိသုဒ္ဓိ မည်ပါသည်။ သုတ္တန် ဒေသနာ တစ်ခုတွင် မြတ်စွာ ဘုရားက သတိပဋ္ဌာန် တရား၏ အခြေခံ လေးပါးကို ပွားများ အားထုတ် ခြင်းသည် သာလျှင် နိဗ္ဗာန် (၀ိမုတ္တိ) သို့ ရောက်ရာ ရောက်ကြောင်း တစ်ကြောင်း တည်းသောလမ်း ဖြစ်သည်ဟု ဟောတော် မူလေသည်။
သိမှု၊ နားမည်မှု၊ သဘောပေါက်မှု ပညာ သဘောကို အတွေး အခေါ်ဂိုဏ်း အမျိုးမျိုးတွင် အမည် အမျိုးမျိုးဖြင့် ခေါ်တတ်ကြ လေသည်။ သို့သော အမည်သည် အဓိက မဟုတ်ပါ။ အရေး မပါပါ။ ထိုသို့ နိုးကြားနေမှု၊ ရှင်သန်နေမှု၊ သတိ ရှိနေမှုကို ဖြစ်ပေါ်အောင် ပြုလုပ်ခြင်း သည်သာ မဂ်လမ်း ဖြစ်ပါသည်။
သတိပဋ္ဌာန် တရားကို အသုံးပြုသော အခြေခံ လေးခု ရှိ၏။ ပထမ သတိပဋ္ဌာန် တရားသည် ကာယဂတာ သတိပဋ္ဌာန် ဖြစ်၏။ ၎င်းတွင် ထွက်သက် ၀င်သက်ကို မှတ်သော အာနာပါန သတိ၊ ဣရိယာ ပုတ်များကို မှတ်သော ဣရိယာပထ သတိ စသည်တို့ ပါဝင်၏။ ရုပ်ကာယပိုင်း ဆိုင်ရာ လှုပ်ရှားမှု အပြောင်း အလဲ ဖြစ်မှုတိုင်းကို သတိနှင့် ရှုပြီး သိမြင်နေအောင် ပြုခြင်း အားလုံးသည် ကာယဂတာသတိ ကာယာ နုပဿနာ ဖြစ်သည်။
ဒုတိယ သတိပဋ္ဌာန်၏ အခြေခံမှာ ဝေဒနာ နုပဿနာ ဖြစ်သည်။ သုခ ဝေဒနာ၊ ဒုက္ခ ဝေဒနာ၊ ဥပေက္ခာ ဝေဒနာ စသည် သိမှု အခိုက်အတန့် တိုင်း၌ ပေါ်လာသော ခံစားမှု များကို ရှုမှတ်ခြင်း ဖြစ်၏။ အာရုံသိမှု ဖြစ်တိုင်းမှာ ဝေဒနာ (ခံစားမှု) တစ်ခု ပါသည် ချည်းသာ ဖြစ်၏။ တရား အားထုတ်စဉ်မှာ ထိုခံစားမှု ဝေဒနာ သုခ ဒုက္ခ စသည့် ဝေဒနာများက လွှမ်းမိုး အုပ်စိုး လာလျှင် ထိုဝေဒနာ ကိုပင် ၀ိပဿနာ ရှုကွက် အဖြစ် ရှုရ၏။ ဝေဒနာသည် အရေးကြီး၏။ အဘယ်ကြောင့် ဆိုသော် ဝေဒနာကြောင့် တဏှာ ဖြစ်ရသောကြောင့် ဖြစ်၏။
ဝေဒနာကြောင့်ပင် လောဘနှင့် ဒေါသ ဖြစ်ရ၏။ သာယာဖွယ် ဖြစ်သော သုခ ဝေဒနာကို ခံစားရ သောအခါ ထိုအရာကို ကျွန်ုပ်တို့မှာ လိုချင် တပ်မက်သော စိတ်ဆန္ဒ တဏှာ ဖြစ်ပေါ် ရသည်။ ဝေဒနာသည် မနှစ်သက်ဖွယ် နာကြည်းဖွယ် ဝေဒနာ ဖြစ်ပါမူကား ကျွန်ုပ်တို့မှာ ထို ဝေဒနာကြောင့် မလိုလားသော စိတ်၊ မခံချင်သော စိတ်၊ မလို မုန်းထားသော စိတ်၊ အပြစ်တင် လိုသော စိတ်မျိုး ဖြစ်ပေါ် ကြရလေသည်။
ဒုတိယ သတိဖြင့် ရှုနည်းဖြစ်သော ဝေဒနာ နုပဿနာသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသော ခံစားချက် အမျိုးမျိုးကို သိမြင်နေအောင် အားထုတ်ခြင်း ဖြစ်၏။ သုခ ဝေဒနာ ဖြစ်လျှင်လည်း တပ်မက် တွယ်တာခြင်း မရှိ၊ ဒုက္ခဝေဒနာ ဖြစ်လျှင်လည်း မလို မုန်းထားစိတ် မဖြစ်ဘဲ အလိုက်သင့်ပင် ဝေဒနာ တို့၏ ဖြစ်ပေါ်လာပုံ၊ ပျောက်ကွယ် သွားကြ ပုံကိုသာ မြင်အောင် ရှုနေရ လေသည်။
တတိယ သတိပဋ္ဌာန် နည်းမှာ စိတ္တာနုပဿနာ ဖြစ်၏။ ဤ ၀ိပဿနာ သတိပဋ္ဌာန် တရားတွင် သိမှုနှင့် ဆိုင်သော စိတ်နှင့် ယှဉ်တွဲ ဖြစ်သော စေတသိက် တရားများကို သတိဖြင့် သိနေအောင် ရှုမှတ်ရသည်။ စိတ်မှာ ဒေါသ စေသသိက် ဖြစ်ပေါ်လာလျှင် ထိုစိတ်၏ ဒေါသ အခြင်းအရာကို သိအောင် ရှုမှတ်ရ၏။ စိတ်မှာ တဏှာလောဘ ဖြစ်ပေါ်လာ လျှင်လည်း ထို တပ်ငြိသော တဏှာစိတ်ကို သိနေအောင် သတိနှင့် ရှုမှတ်ရသည်။ ကြောက်စိတ် ဖြစ်လျှင်လည်း ထို ကြောက်စိတ်ကို သိနေအောင် သတိဖြင့် ရှုမှတ် ရသည်။ ဤကဲ့သို့ စိတ်ကို အရောင် အမျိုးမျိုး ဆိုးနေသော စေတသိက် တရားများကို လိုချင် တပ်ငြိခြင်းလည်း မရှိ၊ မလို မုန်းထားခြင်း လည်းမရှိ၊ အကောင်း အဆိုး၊ အမှန်အမှား ဆုံးဖြတ် ပြဋ္ဌာန်းခြင်းလည်း မရှိ၊ အကဲခတ် တန်ဖိုးဖြတ် ခြင်းလည်း မရှိဘဲ သိရုံသက်သက် ရှုနေခြင်းသည် စိတ္တ နုပဿနာ ဖြစ်ပါသည်။
ဒေါသသည် ဒေါသပဲ၊ ကိုယ် မဟုတ်ဘူး၊ အတ္တ မဟုတ်ဘူး၊ ငါမဟုတ်ဘူး၊ ဒါဟာ စိတ်မှာ ဖြစ်ပေါ်တတ်တဲ့ အခြင်းအရာ စေတသိက် တစ်ခု မျှသာပဲ၊ ဒေါသ ဖြစ်ခိုက်မှာ စိတ်ကို ဒေါသစိတ် ဖြစ်သွားအောင် အရောင် ဆိုးပစ်လိုက်တဲ့ သဘော တစ်ခုပေပဲ… ဤသို့ သဘော ထားပြီး ပြန်ထိုင်ရာ ဒေါသစိတ် ကလေး ဖြစ်ပေါ် လာပြီးနောက် သူ ပျောက်ကွယ် သွားသည်ကို ပြန်ရှုပါ။ ထိုကဲ့သို့ ရွေးချယ်ခြင်း ကင်းသော ရှုမှတ်ရုံမျှ ရှုမှတ်လျက် နေပါက မည်သည့် စေတသိက် တရားများကမှ စိတ်ကို အနှောင့် အယှက် မပြုနိုင် တော့ပါ။
စိတ် စေတသိက် တရားများသည် ပေါ်လာပြီး ပျောက်သွားသော ပြပွဲနှင့် တူ၏။ ဘာမျှ စိတ်အား တက်ကြွ စရာလည်း မရှိ၊ စိတ်ဓါတ် ကျစရာလည်း မလိုပါ။ စိတ်မှာ ဖြစ်ပေါ် လာသမျှ စိတ်၏ အခြင်းအရာ များကို သတိဖြင့် ထိုင်ရှုနေရုံ ရှုနေလျှင်ပင် ပြီးပါပြီ။
သတိပဋ္ဌာန် တရား လေးပါးတို့တွင် နောက်ဆုံးပိတ် သတိပဋ္ဌာန် တရားမှာ ဓမ္မာနုပဿနာ ဖြစ်သည်။ သစ္စာ တရားကို ထိုးထွင်း သိမြင်မှု ဖြစ်၏။ အနိစ္စ လက္ခဏာ၊ ဒုက္ခ လက္ခဏာ၊ အနတ္တ လက္ခဏာတည်း ဟူသော ဘ၀၏ အခြင်းအရာ သုံးပါး (လက္ခဏာရေး သုံးပါး) ကို ထိုးထွင်း သိမြင်မှု ဖြစ်၏။ အရိယာ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်း သိမြင်ရန် အားထုတ်ခြင်းသည် ဓမ္မာ နုပဿနာ ဖြစ်၏။ ၎င်းမှာ ဒုက္ခသစ္စာကို သိမြင်မှု၊ ဒုက္ခဖြစ်ကြောင်း သမုဒယ သစ္စာကို သိမြင်မှု၊ ဒုက္ခ ချုပ်ငြိမ်းကြောင်း နိရောဓ သစ္စာကို သိမြင်မှုနှင့် ဒုက္ခ ချုပ်ငြိမ်းကြောင်း နည်းလမ်း မဂ္ဂ သစ္စာကို သိမြင်မှု ကိစ္စ အားလုံးသည် ဓမ္မာ နုပဿနာတွင် ပါဝင်သည်။ ဓမ္မာ နုပဿနာတွင် အကြောင်းကြောင့် ဖြစ်သော အကျိုး တရားများ၏ ဖြစ်လိုက် ပျက်လိုက် ဖြစ်နေပုံကို သတိကပ်၍ ရှုမှတ် နေရသည်။
ဝိပဿနာတွင် နည်းလမ်းလည်း များစွာ ရှိသည်။ ဤနယ်ပယ် လေးခုတွင် တစ်ခုခု သို့မဟုတ် တစ်ခုထက် ပိုသော ရှုကွက် အပေါ်တွင် အာရုံ စူးစိုက်ပြီး ရှုမှတ်နိုင် ပါသည်။ ကာယာ နုပဿနာကို ဖြစ်ဖြစ်၊ စိတ္တာ နုပဿနာကို ဖြစ်ဖြစ် မိမိ နှစ်သက်ရာ ၀ိပဿနာ အာရုံ တစ်ခုခုကို စွဲစွဲမြဲမြဲ အားထုတ်လျှင် စိတ်သည် ကြည်လင် သန့်ရှင်း လာပြီးနောက် ညီညွတ် မျှတသော စိတ်၊ ရှင်းလင်းသော အမြင်နှင့် တကွ ဉာဏ်လည်း ဖြစ်ပေါ် လာပါတော့သည်။
စိတ်နေ စိတ်ထား အပေါ်၊ ကိုယ်ရည် ကိုယ်သွေး အပေါ် နောက်ကြောင်း အတွေ့အကြုံ အထုံဝါသနာ ပါမှုအပေါ် မူတည်ပြီး လူအမျိုးမျိုးမှာ မိမိနှင့် သင့်တော်သော နည်းလမ်း အမျိုးမျိုး ရှိနိုင်ပါသည်။ သူနှင့် ကိုက်ညီသော နည်းသည် ကိုယ်နှင့် ကိုက်ညီချင်မှ ကိုက်ညီပါ လိမ့်မည်။ ကိုယ်နှင့် သင့်တော်ရာ၊ ကိုယ်နှင့် အဆင်ပြေရာ နည်းလမ်းကို အသုံး ပြုနိုင်ပါသည်။ သို့သော် နည်းလမ်း မူကိုလည်း ဥပါဒါန် မဖြစ်သင့်၊ ဒီနည်းမှပဲ ဖြစ်သည် ဟူ၍လည်း နည်းကို အစွဲအလမ်း မထားသင့်ချေ။ အဓိကမှာ သတိမြဲအောင်၊ သမာဓိ ဖြစ်အောင် ပြုစု ပျိုးထောင်ဖို့ပင် ဖြစ်သည်။
>>> ဆက်ရန်
>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။
လေးစားစွာဖြင့်
ဖိုးသား
6/2/2009, TUE:, 3:03:13 PM

0 comments:
Post a Comment