နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၅)
ရှေးရိုး သိပ္ပံပညာက အနောက်တိုင်း လူ့အဖွဲ့အစည်းကို အခုလို ယုံကြည်စေတယ်။ ဘ၀ဟာ ဖြစ်တည်ခြင်းအတွက် ယှဉ်ပြိုင် ရုန်းကန် နေရတာ။ နည်းပညာ ဖွံ့ဖြိုးမှုရှိရင် အကန့်အသတ်မဲ့ အောင်မြင် တိုးတက်မှုတွေ ရရှိနိုင်ပါတယ် ဆိုပဲ။ အရစ္စတိုတယ်လ်ရဲ့ လိင်ပိုင်းဆိုင်ရာ သီဝရီက သိပ္ပံနည်းကျ ကြောင်းကျိုးသမားတွေကို အခွင့်ပေးတယ်။ မိန်းမတွေကို တဆင့်နိမ့် အခွင့်အရေး မှာထားဖို့၊ ယောကျာ်းတွေအတွက် အဖြည့်ခံ ဖြစ်စေဖို့ တဲ့လေ။ ဒီသီဝရီကလည်း ရှေးရိုးသိပ္ပံပညာနဲ့အတူ ရုပ်လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းဆီကို ရောက်ရှိလို့ လာတယ်။
ရာစုနှစ်ပေါင်း များစွာ ကြာအောင် ဒီသီဝရီက မိန်းမတွေကို ပြုသမျှနုသူ၊ လက်သင့်ခံတတ်သူ အနေမှာထားပြီး ယောကျာ်းတွေကို နိုးကြားထကြွသူ တီထွင်ဖန်တီးတတ်သူ အနေအထားမှာ ထားတယ်။ ဒီအယူအဆတွေဟာ အနုမြူသိပ္ပံ မောင်းနှင်တဲ့ မော်ဒန်သိပ္ပံ က လူမှုအဖွဲ့အစည်းကို လွှမ်းမိုးလာတဲ့ အခါသမယ အထိ တည်ရှိနေခဲ့တယ်။
ကြောင်းကျိုးဆက် အတွေးအခေါ်တွေ စက်ယန္တယားဆန်ဆန် အတွေးအခေါ်တွေ က အနောက်တိုင်း လူ့အဖွဲ့အစည်းကို လွှမ်းမိုး ထားရခြင်းဟာ အတွေးအခေါ် ပညာရှင်တွေဖြစ်တဲ့ သောမတ်စ်ဟော့ဘ်စ် (Thomas Hobbs) နဲ့ ဂျွန်လော့ခ်(John Locke)တို့ရဲ့ ပယောဂ မကင်းဘူး။ ဟော့ဘ်စ်က အသိပညာ အားလုံးဟာ ခံစားသိ အပေါ် မူတည်တယ်လို့ ကြေညာတယ်။ [ ဆက်ဖတ်ရန် +/- ]

ဟော့ဘ်စ်ရဲ့ ကျမ်းနဲ့ ရှေးရိုးသိပ္ပံပညာရဲ့ လွှမ်းမိုးမှု တွေက တဆင့် လော့ခ်က ကြောင်းကျိုးဆက် အတွေးအခေါ်ကို လူသားရဲ့ပြဿနာ တွေအထိ ဆန့်ထုတ်ခဲ့တယ်။ သူက ရီဒက်ရှင်းနစ်ဇမ် ကို လူ့အဖွဲ့အစည်းထဲ ခြေဆန့်ထုတ် လိုက်ပြီး ၀တ္ထုပစ္စည်းနဲ့ အဖွဲ့အစည်းကြားက တူညီမှုတွေကို ဆွဲထုတ်ပြတယ်။ အမှုန်ဟာ ၀တ္ထုပစ္စည်းကို တည်ဆောက်တဲ့ အခြေခံ အုတ်မြစ် ဖြစ်သည့်နည်းတူ လူတစ်ဦးချင်းဟာလည်း လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့ အခြေခံအုတ်မြစ်များ ဖြစ်တယ်လို့ တင်ပြတယ်။
ဒီအတိုင်းပါပဲ။ ၀တ္ထုပစ္စည်းတစ်ခုရဲ့ စွမ်းရည်သတ္တိဟာ သူ့မှာပါဝင်တဲ့ အမှုန်တွေစုစုပေါင်းရဲ့ စွမ်းရည်သတ္တိ ဖြစ်သည့်နည်းတူ အဖွဲ့အစည်းတစ်ခုရဲ့ အပြုအမူပုံစံဟာ လူတစ်ဦးချင်းစီရဲ့ အပြုအမူပုံစံဖြစ်ပါသတဲ့။
လော့ခ်က သူ့အတွေးအခေါ်တွေကို စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေဆီ ဆန့်ထုတ်ခဲ့ပြန်ပါတယ်။ သူက မွေးကင်းစ ကာလတုန်းမှာ ဖြစ်ခဲ့တဲ့ လူ့အသိစိတ်ကို ဗလာဖြစ်နေတဲ့ ကျောက်သင်ပုန်း နဲ့ နှိုင်းယှဉ်ပြခဲ့တယ်။ ဘာ အသိပညာမှ မရှိတဲ့ ကျောက်သင်ပုန်းလေးဟာ ခံစားမှု အတွေ့အကြုံတွေ စွန်းထင်းရင်းနဲ့ အသိပညာတွေ ရလာခဲ့တာ ဖြစ်ပါသတဲ့။